DVB Logo
Home
အာရှဒေသ
အိန္ဒိယ သူလျှိုဟောင်းများ အသိအမှတ်ပြုမှု တောင်းဆို
DVB
·
October 1, 2013
အိန္ဒိယ သူလျှိုဟောင်းများ အသိအမှတ်ပြုမှု တောင်းဆို
Donate to DVB

ရာနဲ့ချီတဲ့ အိန္ဒိယ နဲ့ ပါကစ္စတန် အကျဉ်းသားတွေဟာ နယ်စပ်တဖက်တချက်စီက အကျဉ်းထောင်တွေထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခ ခံစားနေကြရပါတယ်။ သူတို့ထဲက အတော်များများက သူလျှိုလုပ်မှုနဲ့ စွဲဆိုခံနေရတာပါ။

ဒါပေမယ့် သူလျှိုတယောက်ကို ဖမ်းမိပြီ ဆိုတာနဲ့ သူဟာ စွန့်ပစ်ခံခဲ့ရပြီး ကျန်ခဲ့တဲ့ မိသားစုဟာ အကြီးအကျယ် ပင်ပန်းခက်ခဲမှုနဲ့ ကြုံရတော့တာပါပဲ။

အရင်က သူလျှိုအုပ်စုတခုက လက်တွေ့လုပ်နေတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ဆန့်ကျင်ခဲ့ကြပြီး အစိုးရရဲ့အသိအမှတ်ပြုမှုကို တောင်းဆိုခဲ့ကြပါတယ်။

အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ ၀က်ရှနိုဒ၀ီဟာ သူ့ယောက်ျား အွမ် ပရာကက်ရှ် ကို လွန်ခဲ့တဲ့ ၁၆ နှစ်ကတည်းက မတွေ့ရတော့တာပါ။ သူ့ယောက်ျားက ပါကစ္စတန် အကျဉ်းထောင်ထဲမှာပါ။ သူ ဘယ်တော့မှ အိမ်ပြန်လာနိုင်မယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ၀က်ရနိုဒေ၀ီက ပြောပါတယ်။

“ကျမယောက်ျားက အသက်ရှင်နေဆဲပါ။ ဒါပေမယ့် ကျမက မုဆိုးမတယောက်လို နေခဲ့ရပြီး ကျမကလေးတွေက မိဘမဲ့ ကလေးတွေလိုပါပဲရှင်။ သူတို့က တခြားကလေးတွေကို ကြည့်တဲ့အခါ သူတို့မိဘတွေနဲ့ တွေ့ရတော့ သူတို့က အဖေ ဘယ်မှာလဲလို့ မေးကြပါတယ်။ ကျမတို့က သူ့ကို ပြန်လိုချင်ပါတယ်။ ဒါပေမယ့် ကျမက သူ့ကို ဘယ်လို ပြန်ခေါ်နိုင်မှာလဲ။”

ဝက်ရှနို ဒေ၀ီက သူ့ယောက်ျားဟာ အိန္ဒိယ ထောက်လှမ်းရေး အေဂျင်စီအတွက် သူလျှို လုပ်ပေးနေခဲ့ပြီး လျှို့ဝှက်တာဝန်တခုနဲ့ ပါကစ္စတန် စေလွှတ်ခံခဲ့ရတာကို သိပါတယ်။ နောက်တော့ သူဟာ နယ်စပ်မှာ ပါကစ္စတန်စစ်တပ်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

ဝက်ရှနို ဒေ၀ီက “တလလောက်ကြာပြီး သူ ပြန်မလာတဲ့အချိန်မှာ အေဂျင်စီက နောက်လူတယောက် ရောက်လာပြီး သူ မကြာခင်ပြန်လာမှာပါလို့ လာပြောခဲ့ပါတယ်။ နောက်တော့ သူတို့လာတာ ရပ်သွားပါတယ်။ သူတို့ အရင်က ကျမတို့ကို တလ ၅ ဒေါ်လာ ပို့ပေးပါတယ်။ အချိန်အတော်ကြာလာတော့ သူတို့ အဲဒီလိုပို့တာကိုတောင် ရပ်ပစ်လိုက်ကြပါတယ်။”

အိန္ဒိယနိုင်ငံအ၀ှမ်းမှာ ရာနဲ့ချီတဲ့ သူလျှိုဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေ ရှိနေကြပါတယ်။ ပါကစ္စတန် နယ်စပ်တလျှောက်က ရွာတွေမှာ နေထိုင်ကြတဲ့ လူတွေဟာ သူလျှိုလောကထဲကို လူသစ်အဖြစ် ပုံမှန် စုဆောင်းခံနေကြရပါတယ်။

အသက် ၅၅ နှစ် ရှိပြီဖြစ်တဲ့ လယ်သမား ရမ်းရာ့ဂ်ျက သူဟာ မြင့်မားတဲ့လစာ နဲ့ လူလေးစားခံရတဲ့ ရာထူးတွေ ရမယ်ဆိုတဲ့ ကတိစကားတွေနဲ့ သူလျှိုလုပ်ဖို့ သွေးဆောင် သိမ်းသွင်းခံခဲ့ရတယ်လို့ ပြောပါတယ်။

“သူတို့က ခင်ဗျားက တကယ့် မျိုးချစ်တယောက် ဖြစ်လာပြီး  စစ်သားတယောက်လိုမျိုး နိုင်ငံကို အလုပ်အကျွေးပြု ကာကွယ်လာနိုင်မယ်လို့ ပြောခဲ့တယ်လေ။ နောက် သူတို့က ကျနော့် မိသားစုကိုလည်း စောင့်ရှောက်ပေးမယ်လို့ ကတိပေးတယ်ဗျ။ သူတို့က တကယ်လို့များ ကျနော် အဖမ်းခံခဲ့ရရင် ကျနော်ပြန်လွတ်လာဖို့ကို အာမခံပြီး လျှော်ကြေးလည်း ပေးမယ်လို့ ပြောခဲ့ပါတယ်။”

ဒါပေမယ့် သူလျှိုတွေ အဖမ်းခံကြရတဲ့အခါ အေဂျင်စီက သူတို့ကို အသိအမှတ်ပြုဖို့ ငြင်းဆိုလိုက်တော့တာပါပဲ။
ပါကစ္စတန်မှာ အဖမ်းခံခဲ့ရပြီးတဲ့နောက် ထောင်ထဲမှာ ၁၈ နှစ် နေခဲ့ရကြောင်းနဲ့ သူ့မိသားစု အခက်အခဲကြုံရပုံကို ရမ်းရာ့ဂ်ျက အခုလို ပြောပါတယ်။

“ကျနော့်အမေ သေသွားခဲ့ပါပြီ။ ကျနော့်မိန်းမက ထမင်းနပ်မှန်ဖို့ အိမ်ဖော်အလုပ်ကို လုပ်ခဲ့ရပါတယ်။ ကျနော့်ကလေးတွေလည်း ဘာပညာမှ မသင်ခဲ့ရပါဘူးဗျာ။ သူတို့ကို ကျောင်းထားဖို့ ပိုက်ဆံ မလုံလောက်ဘူးလေ။ ကျနော့် မိသားစုဟာ အဲဒီလို ဘေးကြပ်နံကြပ် အခြေအနေမှာ ရှိနေခဲ့ပေမယ့် အေဂျင်စီကတော့ သူတို့ကို ဘာများလိုသေးသလဲလို့တောင် တခါမှ မေးဖော်မရပါဘူးဗျာ။ သူတို့က ကတိတွေတော့ အများကြီးပေးခဲ့ပေမယ့် တကယ်တော့ သူတို့က ဖျက်ဆီးပစ်ကြတာပဲဗျ။ ကျနော်ဘ၀ကိုတင်မဟုတ်ဘဲ ကျနော့်မိန်းမနဲ့ကလေးတွေ ဘ၀ကိုပါ ဖျက်ဆီးပစ်ခဲ့တာပါပဲဗျာ။”

ဒါပေမယ့် အိန္ဒိယ ပြင်ပထောက်လှမ်းရေးအေဂျင်စီရဲ့ ၀န်ကြီးဟောင်း ဗီခေဆင်းန်ကတော့ သူလျှိုတွေက သူတို့အလုပ်ရဲ့အကျိုးဆက်တွေကို အပြည့်အ၀ နားလည်သိရှိထားကြပါတယ်လို့ ပြောပါတယ်။

“သမိုင်းတလျှာက်လုံး ကမ္ဘာတ၀ှမ်းလုံးမှာ သူလျှိုတယောက် အဖမ်းခံရရင် စွန့်ပစ်လိုက်တာဟာ စံသတ်မှတ်ချက် ဖြစ်နေပါတယ်။ ဘယ်သူ၊ ဘယ်အစိုးရကမှ ကျနော်တို့ သူ့ကိုလွှတ်ခဲ့တာပါ၊ သူက ကျနော်တို့အတွက် သူလျှိုလုပ်ပေးနေတာပါလို့ ပြောမှာမဟုတ်ပါဘူး။ အဲဒီလုပ်ငန်းမှာ ပါဝင်ကြတဲ့သူတွေကလည်း အဲဒါကို သိကြပါတယ်။ သူ့ကို အတင်းမခိုင်းပါဘူး။ သူက အဲဒီအလုပ်ကို လောက်လောက်လားလား ရမယ့် ငွေကြေးကြောင့် သူ့စိတ်ဆန္ဒနဲ့သူ လုပ်ခဲ့တာပါပဲ။ အဲဒီငွေကြေးဟာ သူသွားဖို့အတွက် မက်လုံးဖြစ်ပြီး သူအဖမ်းခံခဲ့ရရင်တော့ သူ့ရဲ့ကံက ဆိုးလို့ပေါ့ဗျာ။”

ဒါပေမယ့် သူလျှိုဟာင်းတယောက်ဖြစ်တဲ့ ဂျက်ဒစ်ရှ်လာလ်ကတော့ အဲဒါဟာ အစိုးရက သူတို့ရဲ့တာဝန်ရှိမှုတွေကို လွှဲရှောင်ဖို့ ဆင်ခြေ၊ ဆင်လက်တခုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့နဲ့ အေဂျင်စီကြားမှာ ရေးသားမထားတဲ့ သဘောတူညီချက် တခုရှိပါတယ်။ ကျနော်တို့မိသားစုတွေ ကျနော်တို့မရှိတဲ့အချိန်မှာ ဒုက္ခ မခံရစေရပါဘူးလို့ ဆိုတာပါ။ ဒါပေမယ့် ကျနော်တို့ မိသားစုတွေ ငတ်နေကြပြီး အာဏာပိုင်တွေက  ဂရုမစိုက်ပါဘူး။ ကျနော်တို့မိသားစုတွေက အာဏာပိုင်တွေဆီ သွားပြီး အကူအညီတောင်းတဲ့အခါ သူတို့က ကျနော်တို့ကို တခါမှ မကြားဖူးတဲ့အကြောင်း၊ သူတို့ ကျနော်တို့ကို ဘယ်မှ မပို့ခဲ့တဲ့ အကြောင်းပဲ ပြောပါတယ်။”

နယူးဒေလီမှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ကန့်ကွက်ဆန္ဒပြမှုမှာ တာဝန်ထမ်းဆောင်နေတုန်း အဖမ်းခံခဲ့ရတဲ့ သူလျှိုဟောင်းတွေက အသိအမှတ်ပြုဖို့နဲ့ ပြန်လည်နေရာချထား စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

သူတို့က သူတို့ရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောဘူးဆိုရင် သူတို့ဟာ လွှတ်တော်ရှေ့မှာ သူတို့ကိုယ်သူတို့ မီးရှို့ကြမယ်လို့ ပြောပါတယ်။ အစိုးရကတော့ ခုထိ မတုံပြန်သေးပါဘူး။
စစ်တပ်ထဲက လူတွေအပါအ၀င် အတော်များများကတော့ သူတို့ကို ထောက်ခံ ပြောဆိုနေကြပါတယ်။

ကာကွယ်ရေး လေ့လာသုံးသပ်သူ အာဂျေးရှူကလာကတော့ နိုင်ငံအနေနဲ့ သူတို့ကို မေ့ပစ်ရုံသက်သက်ကတော့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

“နယ်စပ်ကို ကျော်ဝင်သွားပြီး အဖမ်းခံရ၊ နှစ်ပေါင်းများစွာ ထောင်ချခံရပြီး ပြန်လာတဲ့သူ တယောက်အတွက် နိုင်ငံမှာ တချို့တာဝန်ရှိမှုတွေ ရှိပါတယ်။ သူကို တယောက်တည်း ဘယ်လို ပစ်ထားလို့ ဖြစ်မလဲဗျာ။”

အာရှဒေသသတင်းဆောင်းပါးအတွက် သတင်းထောက် ဘစ္စမီလာဂီလာနီက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကနေ သတင်းပေးပို့ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013