
စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူတွေအတွက် လုံခြုံရေးအကြံပေးချက်တချို့ကို ပြည်တွင်း ဒီမိုကရက်တစ် အင်အားစုတွေက ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို စည်းကမ်းဥပဒေမဲ့သူတွေလို ပုံဖော်ထားတဲ့ ကြေညာချက်တစောင်ကို မနေ့က အာဏာသိမ်းစစ်အုပ်စုကနေ ထုတ်ပြန်ခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်း ၁၅၀ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ အချိန်ကိုက်ပဲ မူးယစ်သောက်စားထားတဲ့ သူတွေဟာ စစ်သီချင်းတွေ ဖွင့်တာ၊ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို ဆဲဆိုရန်စတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဆန္ဒပြသူတွေအနေနဲ့ အစုအဖွဲ့အလိုက် ညီညီညွတ်ညွတ် ဆန္ဒပြဖို့၊ စစ်ကြောင်းအလိုက် လုံခြုံရေးစည်းတွေ ထားဖို့၊ ရန်စတာတွေကို လက်တုံ့မပြန်ဖို့ သူတို့က တိုက်တွန်းပါတယ်။
မသင်္ကာဖွယ်အယောင်ဆောင်တွေကို တွေ့ရင် လက်နှစ်ဖက်ကို ကြက်ခြေခတ်ပြတာ၊ ကားတွေ မီးစုံဖွင့်ပြီး အချင်းချင်းစောင့်ရှောက်ကြဖို့လည်း သတိပေးထားပါတယ်။ ပြီးတော့ တန်ပြန်ဆန္ဒပြတဲ့ ကြေးစားသမားတွေနဲ့ ဆင်တူယိုးမှားဖြစ်နိုင်တဲ့ နိုင်ငံတော်အလံ၊ နိုင်ငံတော်အလံပုံ ပါတဲ့ အဝတ်အစား၊ ခေါင်းစည်း၊ လက်ပတ်တွေ လုံးဝမသုံးကြဖို့၊ ဆန္ဒပြနေရာကို ယူမလာကြဖို့လည်း တိုက်တွန်းထားပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူအပေါ် အကြမ်းဖက်ဖို့ ကြိုးစားနေတာကို အနီးကပ်စောင့်ကြည်ဖို့၊ အကြမ်းဖက်တာတွေ ရှိလာရင် ထိထိရောက်ရောက် အရေးယူဖို့အတွက် ပြင်ဆင်ထားဖို့လည်း သူတို့က မေတ္တာရပ်ခံထားပါတယ်။











