DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် နှစ် ၂၀ ကျော်အတွင်း ရေကြီးမှု အဆိုးဆုံးဖြစ်
DVB
·
October 1, 2013
ကလေးမြို့တွင် နှစ် ၂၀ ကျော်အတွင်း ရေကြီးမှု အဆိုးဆုံးဖြစ်
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ထဲမှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ရေကြီးမှု အဆိုးဝါးဆုံး ဒဏ်ခံနေရပြီး  လူပေါင်း ၂၀၀၀ ကျာ် ဘေးလွတ်ရာကို  ရွှေ့ပြောင်းနေရပါတယ်။

[caption id="attachment_44137" align="alignleft" width="300" caption="(ဓာတ်ပုံ - ကလေးမြို့ မီဒီယာ)"][/caption]

အခုတပတ်အတွင်း မိုးဆက်တိုက် ရွာသွန်းတဲ့အတွက် ကလေးမြို့နယ်ထဲက မြစ်သားမြစ်၊ နေရဉ္စရာမြစ်၊ နတ်ချောင်း၊ နန်းကလီချောင်း၊ နမ့်မြော်ချောင်း အစရှိတဲ့ မြစ်ချောင်းတွေ ရေလျှံကျပြီး စက်တင်ဘာ ၂၉ ရက်နေ့က စပြီး လူနေရပ်ကွက်နဲ့ ကျေးရွာထဲကို ရေတွေ ၀င်ရောက်လာခဲ့တာပါ။

ရပ်ကွက်ပေါင်း ၄ ခုနဲ့ ရွာပေါင်း ၃ ရွာက အိမ်ထောင်စုပေါင်း ၅၉၁ အိမ်ကို စာသင်ကျောင်း နဲ့ ဘုန်းကြီးကျောင်းတွေမှာ ရွှေ့ပြောင်းနေရာချထားပေးပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်နေတယ်လို့ ကလေးမြို့နယ် အုပ်ချုပ်ရေးမှူုး ဦးအေးနိုင်က ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_44138" align="alignright" width="300" caption="(ဓာတ်ပုံ - ကလေးမြို့ မီဒီယာ)"][/caption]

“၂၉ ရက်နေ့က မိုးစရွာပြီး ချင်းတောင်ပေါ်ကနေကျတဲ့ ရေတွေက တော်တော်များပါတယ်။ ချောင်းတွေ၊ မြောင်းတွေ ရေပြည့်ပြီးတော့ ရေဘေးသင့်ပြည်သူ ၅၉၁ အိမ်ရှိတယ်။ ရေဘေးကယ်ဆယ်ရေးစခန်းတွေဖွင့်ထားတယ်။ အမက ၅ တို့၊ အမက ၃၊ အမက ၁၅ တို့နဲ့ ဘုန်းကြီးကျောင်းတွေမှာ ယာယီခဏထားပါတယ်။”

ရေ၀င်နေတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေကတော့ မြို့ပေါ်က အောင်မြင်သာ၊ အောင်မင်္ဂလာ၊ မင်္ဂလာဦး နဲ့ သောင်ပင်သာရပ်ကွက်တွေဖြစ်ပြီး ပြင်သာရွာ၊ တောင်ပူရွာ နဲ့ ဖောင်ကူးရွာတွေ ဖြစ်တယ်လို့ဆိုပါတယ်။

[caption id="attachment_44139" align="alignright" width="300" caption="(ဓာတ်ပုံ - ကလေးမြို့ မီဒီယာ)"][/caption]

ရေဟာ ခါးလယ်ထိဝင်ရောက်လာပြီး တချို့အိမ်တွေ ရေထဲမျောပါတာ ရှိတယ်လို့ ပြောနေကြပေမယ့် ပြည်သူတွေကို အဓိကထားကယ်ဆယ်နေတဲ့အတွက် ပျက်စီးဆုံးရှုံးမှု စာရင်း အတိအကျ မကောက်ခံနိုင်သေးကြောင်း၊ ထိခိုက်ဒဏ်ရာရသူ ပျောက်ဆုံးသူ  မရှိဘူးလို့ ဆိုပါတယ်။

ကလေးမြို့နယ်ရဲ့ စိုးရိမ်ရေမှတ်မှာ ၁၀၀၀ စင်တီမီတာဖြစ်ပြီး ဒီတခေါက်မှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ကာ ၁၂၄၀ စင်တီမီတာ ကနေ ၁၂၄၄ စင်တီမီတာ အမြင့်ထိ တက်ခဲ့ကြောင်း၊ ဒီနေ့မနက်မှာတော့ ၂ စင်တီမီတာလောက် ပြန်ကျသွားပေမယ့် ရေဘေးကယ်ဆယ်ရေးစခန်းက လူတွေ အိမ်မပြန်နိုင်သေးဘူးလို့ ဦးအေးနိုင်က ပြောပါတယ်။

ကလေးမြို့မှာ နှစ်တိုင်းရေကြီးလေ့ရှိပေမယ့်လည်း ဒီနှစ်မှာတော့ နှစ်ပေါင်း ၂၀ ကျော်အတွင်း အဆိုးရွားဆုံးဖြစ်ကာ ချောင်းကူးတံတား အနည်းဆုံး ၅ စင်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အထူးသဖြင့်  ကလေး - ဂန့်ဂေါ သွားလမ်းပေါ်က နန်းကလီချောင်း ကူးတံတားဟာ ဒေသလမ်းပန်းဆက်သွယ်ရေး အဓိကအကျဆုံး တံတားဖြစ်တဲ့အတွက် ယာဉ်ငယ်တွေ သွားလာနိုင်အောင်  သက်ဆိုင်ရာက အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အခြား ပျက်စီးသွားတဲ့ တံတားတွေကတော့ ပြည်တော်သာရွာက နန်းဝင်းချောင်းတံတား၊ စက္ကရွာနဲ့ ရှားတောရွာကြားက ပေါင်းကူးတံတား၊ ကလေးမြို့ အနောက်မြောက်ဘက်က ဆည်ကြီးချောင်းတံတား၊ နန့်တံခါးချောင်းတံတား၊ နမ့်မြောင်းချောင်းတံတားတွေလို့ ဆိုပါတယ်။

စိုက်ခင်းတွေထဲလည်း ရေ၀င်နေပြီး ရက်ပေါင်းရှည်ကြာ ရေမြုပ်နေရင်တော့ ပျက်စီးမယ့်သဘောရှိတယ်လို့ သူကဆက်ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေကို စစ်ကိုင်းတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ တကွ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကလေးခရိုင်နဲ့ မြို့နယ်စီမံခန့်ခွဲရေးဌာနအပြင် အခြားဌာနဆိုင်ရာနဲ့ လူမှုရေးကူညီမှု အသင်းအဖွဲ့တွေပါ လာရောက်အားပေးကူညီနေတယ်လို့ ဦးအေးနိုင်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013