DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ နိုင်ငံရေးပါတီများနှင့် အစိုးရ ဆွေးနွေး
DVB
·
September 30, 2013
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သားတပိုင်း အစိုးရအကြား ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နေမှုတွေနဲ့ပတ်သက်လို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ ပြည်ထောင်စုဝန်ကြီးတွေက နိုင်ငံရေးပါတီတွေကို ခေါ်ယူတွေ့ဆုံရှင်းလင်းမှုတွေ ပြုလုပ်သွားပါတယ်။

ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊ ဦးတင်နိုင်သိန်း စသူတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေအပါအ၀င်ပြည်တွင်းမှာ တရားဝင်ရပ်တည်နေတဲ့ ပါတီအားလုံးနီးပါးက ကိုယ်စားလှယ်တွေ ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ တနင်္ဂနွေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတွေဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီးတွေက အစိုးရက ဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ လက်ရှိအခြေအနေကို ရှင်းလင်း ပြောဆိုဆွေးနွေးခဲ့တာလို့ ဒီမို ကရက်တစ်ပါတီ(မြန်မာ)ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ခုလို ပြောပါတယ်။

“အဓိကတော့ ငြိမ်းချမ်းရေးဘယ်လိုလုပ်နေလဲဆိုတာတဲ့အဆင့်ဆင့်ကို ရှင်းပြတာပေါ့။ ဦးစိုးသိန်းစကားနဲ့ပြောရရင် နိုင်ငံရေးပါတီကို ခေါ်ပြီးအစီရင်ခံစာတင်ပြတာပေါ့။ အဲဒီအပြင် ဒီ့ထက်ပိုပြီးကောင်းတဲ့ နည်းလမ်းတွေရှိရင်လည်း သူတို့ကို အကြံပြုတင်ပြပါလို့လည်း ပြောပါတယ်။ ဦးစိုးသိန်းနဲ့ ဦးတင်နိုင်သိန်း သူတို့က ပြန်လည်နေရာချထားရေးတို့၊ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုအရေးယူဆောင်ရွက်နေလဲဆိုတာတွေကို အသေးစိတ် ပါဝါပွိုင့်နဲ့ ရှင်းပြသွားပါတယ်။”

အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၄ ဖွဲ့တို့ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ကချင်နဲ့ ပလောင်လက်နက်ကိုင် ၂ ဖွဲသာ ကျန်တော့တဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ခရီးရောက်နေပြီဖြစ်ပြီးဖြစ်ကြောင်းနဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရဖို့ နိုင်ငံရေးပါတီတွေအနေနဲ့ ၀ိုင်းဝန်း တိုက်တွန်းပေးဖို့ ပြည်ထောင်စုဝန်ကြီးတွေက ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေးသဘောတူထားတယ်လို့ အစိုးရက ပြောနေပေမယ့် လက်တွေ့မှာတော့ ရှမ်းပြည်နယ်ထဲမှာ အစိုးရတပ်တွေနဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ ရော မြောက်ပိုင်းတပ်တွေနဲ့ပါ ပြီးခဲ့တဲ့ရက်ပိုင်းအထိ ထိတွေ့တိုက်ပွဲတွေကတော့ ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးတွေနဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ပါဝင်လာမှ နီးစပ်နိုင်မယ်လို့ ပြောပါတယ်။

“ပီပီပြပြင်ဖြစ်အောင်တော့ အစိုးရရယ် လွှတ်တော်ရယ် ကာကွယ်ရေးဦးစီးချုပ်တို့ ပါလာမှ နီးစပ်မှုဖြစ်မယ်။ ကာကွယ်ရေးဦးစီးချုပ်တို့ ပါလာရင်ပြီးပြီပေါ့ဗျာ ပါလာမှ အပေါ်ကနေ အောက်အထိ အမိန့်ရတဲ့ သဘောမျိုးဖြစ်သွားမှာပေါ့ဗျာ။”

ဒီမိုကရက်တစ်ပါတီ(မြန်မာ)က ဒေါ်သန်းသန်းနုကတော့ အပစ်အခတ်ရပ်စဲရေး ထိရောက်စေဖို့ အောက်ခြေအဆင့်ထိ ပါဝင်လာအောင် လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။

“အခု အပစ်အခက်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ထိုးကြတယ်၊ ဆွေးနွေးကြတယ် ဆိုတာ လူကြီးပိုင်းတွေလေ။ အောက်လက်ငယ်သားတချို့ဆိုရင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတယ်ဆိုတာ ဘာမှန်းတောင် သိချင်မှသိမယ်။ တပ်မတော်အနေနဲ့ကလည်း အောက်ခြေ အထိရောက်အောင် တခုခုလုပ်ပေးသင့်တယ်။ အောက်ခြေကမပါဘူးဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးတယ်ဆိုတာ ဆုံးခန်းတိုင်ရောက်မှာမဟုတ်ဘူးဆိုပြီးတော့ အကြံပေးဖူးတယ်။”

သမ္မတဦးသိန်းစိန်အစိုးရက လာမယ့် အောက်တိုဘာလမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံးနဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရအောင်လုပ်မယ့် အကြောင်းနဲ့ အဲဒီနောက် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ အားလုံးပါဝင်တဲ့ ငြိမ်းးချမ်းရေး ညီလာခံကြီးတရပ် ခေါ်ယူကျင်းပနိုင်ဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013