DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ကသာတွင် စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် အပါအဝင် စစ်ရှောင် ၂ ဦး သေဆုံး
DVB
·
May 25, 2026
Photo: ကသာ ပအဖ
Photo: ကသာ ပအဖ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ နလယ်အင်းရွာကို စစ်တပ်က မေ ၂၃ ရက် ညနေ ၄ နာရီလောက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၇ လအရွယ် ကလေးငယ်တယောက် အပါအဝင် စစ်ရှောင် ၂ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရတယ်လို့ ကသာမြို့နယ် ပအဖ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ သေဆုံးဒဏ်ရာရသူတွေဟာ စစ်ဘေးရှောင်ပြည်သူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေသခံ ပြည်သူတယောက်က “မနေ့ညနေ ၄ နာရီလောက်က (--)ပစ်တဲ့ လက်နက်ကြီးကြောင့် ကသာနယ် နလယ်အင်းကျေးရွာအနီး စစ်ရှောင်နေတဲ့ မိသားစု ၂ စုက အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်ဗျ။ ဒဏ်ရာရတဦးက‌တော့ အသက်အန္တရာယ်အတွက် စိုးရိမ်ရတယ်။ ၇ လသားအရွယ် သမီးမိန်းကလေး တဦးနဲ့ ၁၆ နှစ်ခန့် အမျိုးသမီးငယ်လေးတဦး ကတော့ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ အဲဒီမိသားစု ၂ စုက ကသာမြို့၊ ရပ်ကွက် ၈ က စစ်ရှောင်မိသားစုတွေ ဖြစ်တယ်” လို့ ပြောပါတယ်။

အဆိုပါလက်နက်ကြီးကို ကသာမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်က ပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။

ကသာ ပအဖ တာဝန်ရှိသူ အမျိုးသမီးတယောက်က “ဘာတိုက်ပွဲမှမရှိဘဲ ရမ်းသန်းပစ်ခတ်တာ။ အ‌သေးစိတ်ကတော့ ၇ လအရွယ်နဲ့ ၁၆ နှစ် အမျိုးသမီးတဦး နေရာတင် သေဆုံးတယ်။ သေဆုံးသွားတဲ့ ၇ လအရွယ် ကလေးရဲ့ မိခင်ကလည်း ပြင်းထန်တဲ့ဒဏ်ရာ ရရှိထားသလို တခြား ၄ ဦးလည်း ဒဏ်ရာရရှိထားတယ်လို့ သိထားရပါတယ်” လို့ ပြောပါတယ်။

စစ်တပ်ဘက်က ကသာ၊ အင်းတော်၊ မဘိန်း၊ ထီးချိုင့်၊ မိုးညှင်း စတဲ့မြို့နယ်တွေကို ထိန်းချုပ်နိုင်ဖို့ မြေပြင်စစ်ကြောင်းတွေ အပါအဝင် လေကြောင်းတိုက်ခိုက်မှု ပစ်ကူတွေပါ အသုံးပြုပြီး ထိုးစစ်ဆင်နေကာ ဒေသတွင်း တော်လှန်ရေးအဖွဲ့ အပါအဝင် KIA အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်တပ်က နယ်မြေစိုးမိုးနိုင်မှုရှိသလို တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း စစ်တပ်ရဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်တာတွေလည်း ရှိနေပါတယ်။

တော်လှန်ရေးအင်အားစုဘက်ကတော့ တိုက်ပွဲသတင်းနဲ့ နယ်မြေပြန်လည်သိမ်းပိုက်နိုင်မှုတွေကို သတင်းထုတ်ပြန်မှု မပြုလုပ်ကြပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013