
နေပြည်တော်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူလူထုကို ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီလောက်မှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်လို့ ကျောင်းသားတွေအပါအဝင် အနည်းဆုံး လူ ၂၀ ကျော်ဒဏ်ရာရရှိသွားပါတယ်။
နေပြည်တော်ရှိ ဗိုလ်ချုပ်ကြေးရုပ်တုအနီး သပြေကုန်းအဝိုင်းအနီးမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို ပစ်ခတ်ခဲ့လို့ ၂၁ ယောက် ဒဏ်ရာရပြီး ၂ ယောက်ရဲ့ အခြေအနေ စိုးရိမ်ရတယ်လို့ နေပြည်တော်အခြေစိုက် သတင်းထောက်က ပြောပါတယ်။
“ ရင်ဘတ်ကိုဖောက်ထွက်တဲ့တစ်ယောက်ရယ်၊ ခေါင်းကိုမှန်တဲ့ တစ်ယောက်ရယ် စိုးရိမ်ရတယ်၊ ကျည်ဆန်က ခေါင်းကို ဖောက်ဝင်သွားတာ၊ ကျည်အစစ်နဲ့ပစ်တာ။ ဒဏ်ရာရတဲ့ ဂျီတီအိုင် ကျောင်းသူလေးကတော့ ကျည်ဆန်အစစ်နဲ့ခေါင်းထဲကို ဖောက်ဝင်သွားတာ သူကတော့ အခြေအနေ မကောင်းဘူး”
ဒီကနေ့ မနက်ကလည်း သပြေကုန်းအဝိုင်းမှာဆန္ဒပြတဲ့ပြည်သူတွေကို ရဲတပ်ဖွဲ့က ရေအမြောက်နဲ့ လူစုခွဲခဲ့ပေမဲ့ လူစုကွဲမသွားဘဲ ပြည်သူတွေက ဆက်လက်ဆန္ဒပြနေကြရာမှာ သေနတ်နဲ့ ပစ်ခတ် လူစုခွဲခံရတာဖြစ်ပါတယ်။
“ သေနတ်နဲ့ပစ်တော့ ဆန္ဒပြသူတွေကလည်း ပြန်ထုတယ်။ သတိတော့ပေးတယ်။ ဆန္ဒပြသူတွေက ပထမစည်းကို မကျော်ဘူး။ မကျော်ဘဲနဲ့ ဝင်ပစ်တာ ရေအမြောက်ကားနဲ့ အရှေ့ကို ဝင်တိုးတယ်။ တိုးပြီးတော့ သေနတ်နဲ့ပစ်တယ်”လို့ နေပြည်တော်သတင်းထောက်က ပြောပါတယ်။
အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ နေပြည်တော်ရှိမှာ ဝန်ထမ်းတွေ၊ ဆရာဆရာမတွေ၊ ရှေ့နေတွေအပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းတွေ ပြည်သူလူထုတွေက နေပြည်တော်အပါအဝင် နိုင်ငံတဝန်းမှာ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်နေကြတာဖြစ်ပါတယ်။











