
ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုရှိ မြို့နယ်တွေမှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်နဲ့ လူ ၅ ယောက်ထက်ပိုပြီး စုဝေးတာတွေ၊ ဆန္ဒပြတာတွေ မလုပ်ဖို့ အာဏာသိမ်း စစ်အစိုးရက ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တဲ့နေရာတွေအထဲမှာ ရန်ကုန်တိုင်းဒေသကြီးက ကိုကိုးကျွန်းကလွဲပြီး ကျန်တဲ့ မြို့နယ်တွေအားလုံးပါဝင်ပါတယ်။
နေပြည်တော်ကောင်စီနယ်မှာတော့ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ဇေယျာသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ ၊ ဥတ္တရသီရိနဲ့ ဇမ္ဗူသီရိမြို့နယ်တွေ ပါဝင်ပါတယ်။ မန္တလေးတိုင်းမှာတော့ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ မြင်းခြံနဲ့ အမရပူရမြို့နယ်တို့ပါဝင်ပါတယ်။
မကွေးတိုင်းကတော့ မကွေးမြို့နယ်၊ ပခုက္ကူမြို့နယ်တို့ပါဝင်ပြီး စစ်ကိုင်းတိုင်းက စစ်ကိုင်းမြို့နယ်၊ ရွေဘိုမြို့နယ်၊ မုံရွာမြို့နယ်နဲ့ ကလေးမြို့နယ်တို့ ပါဝင်ပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်မှာတော့ ဝိုင်းမော်၊ ဗန်းမော်၊ မိုးကောင်း၊ ရွှေကူ၊ မိုးညှင်းနဲ့ ဖားကန့်မြို့နယ်တို့ ပါဝင်ပြီး ကယားပြည်နယ်မှာတော့ လွိုင်ကော်မြို့နယ်ပါဝင်ပါတယ်။
မွန်ပြည်နယ်မှာ မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်ထို မြို့နယ်တို့ ပါဝင်ပြီး ရှမ်းပြည်နယ်မှာ တာချီလိတ်၊ ကျိုင်းတုံ၊ တောင်ကြီး၊ နောင်ချို၊ လားရှိုး၊ ကလော၊ သီပေါ၊ မူဆယ်နဲ့ ကျောက်မဲ မြို့နယ်တို့ ပါဝင်ပါတယ်။ ကရင်ပြည်နယ်မှာ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြဝတီမြို့နယ် နဲ့ ဘားအံမြို့နယ်တွေ ပါဝင်ပါတယ်။
အဆိုပါမြို့နယ်တွေမှာ စုဝေးတာ၊ ဟောပြောတာ၊ ယာဉ်အသုံးပြု၍ဖြစ်စေ လူကိုယ်တို င်ဖြ စ်စေအသုံးပြုပြီး စီတန်းလှည့်လည်တာ၊ လှုံဆော်ဆန္ဒပြတာ၊ ဖျက်ဆီးတာ၊ ရုန်းရင်းဆန်ခ တ်လုပ်တာတွေ မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။
လူ ၅ ဦး ဒါမှမဟုတ် ၅ ဦးထက်ပိုတဲ့သူတွေ အဆိုပါမြို့နယ်တွေအတွင်း အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ စုဝေးဟောပြောတာမလုပ်ဖို့နဲ့ ည ၈ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားပါတယ်။
Photo-DSINFO











