DVB Logo
Home
မေးမြန်းခန်း
ဖွဲ့စည်းပုံပြင်ချင်ရင် အာဏာအရှိဆုံးသူနဲ့ နားလည်မှုရမှဖြစ်မယ် – ဒေါက်တာလွဏ်းဆွေ
DVB
·
September 30, 2013
ဖွဲ့စည်းပုံပြင်ချင်ရင် အာဏာအရှိဆုံးသူနဲ့ နားလည်မှုရမှဖြစ်မယ် – ဒေါက်တာလွဏ်းဆွေ
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲရေးကိစ္စ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က လူထုသဘောထား တောင်းခံထားပါတယ်။

ဒါဟာ ဘယ်လောက် လက်တွေ့ကျပါသလဲ။ ဒီလိုဆောင်ရွက်ခြင်းရဲ့ အကျိုးဆက်အဖြစ် ဘာတွေဖြစ်လာနိုင်ပါသလဲ။ နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးတွေ ရေးသားနေတဲ့ မြားနတ်မောင် မဂ္ဂဇင်း အယ်ဒီတာဟောင်း ဒေါက်တာလွဏ်းဆွေကို ဦးမောင်တူးက တွေ့ဆုံမေးမြန်းထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီရက်ပိုင်းအတွင်းမှာ ကြေညာချက် ထုတ်လာပါတယ်။ လူထုအပေါ်မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လူထုဆန္ဒကောက်ယူမှာနဲ့ ပတ်သက်ပြီး ဘယ်လိုများ ပြောလိုပါလဲ။

“၂၀၀၈ ဖွဲ့စည်းပုံစတင်ပြီး နာဂစ်မုန်တိုင်းမှာ အတည်ပြုထဲက ဒီဟာက တတိုင်းပြည်လုံးနီးပါး ကျေနပ်ခဲ့တဲ့ အခြေခံဥပဒေ မဟုတ်ဘူး။ ဒီဥပဒေက ဘယ်လိုပဲ ရွေးကောက်ပွဲတွေ လုပ်နေနေ၊ တနေ့နေ့တချိန်ချိန်မှာ ပြင်ကို ပြင်ရမယ်ဆိုတာက ရှိပြီးသား။ အဲဒီအပေါ်မှာ ဘယ်လိုပြင်နိုင်မလဲဆိုတဲ့ လမ်းကြောင်းတွေပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ဘောင်အတွင်းကပဲ ပြင်နိုင်အောင် ကြိုးစားရမယ်ဆိုရင်တော့ သူတို့ သတ်မှတ်ထားတဲ့ ၇၅ ရာခိုင်နှုန်းကျော်ရမယ်တို့ အဆိုတင်ဖို့အတွက်ကိုပဲ ရာခိုင်နှုန်း ၂၀ ကျော်ရှိရမယ်တို့ စည်းတွေ အထပ်ထပ်ချထားတဲ့အတွက်ကြောင့် လွှတ်တော်ထဲက ပြင်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လိုမှ ပြင်နိုင်မှာ မဟုတ်ဘူး။”

ဆရာဆိုလိုတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ ပြည်သူ့ဆန္ဒကို ယူပြီးတော့မှ လွှတ်တော်တင်မယ်ဆိုတာကို လက်တွေ့မကျဘူးလို့ ဆိုလိုချင်တာလား။

“အန်အယ်လ်ဒီက ပြောထားတယ်လေ။ ပြင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးကို လူထုသဘောထားကို ခံယူပြီးမှ လွှတ်တော်တင်မယ်ဆိုတော့ လွှတ်တော်တင်မယ်ဆိုတာက ကျနော်ထင်တာက အစကတည်းက လူထုဆန္ဒကို မခံယူတာ ကောင်းမယ်ထင်တယ်။ တင်လည်း ကြံ့ဖွံ့ စစ်အုပ်စုနဲ့ တမတ်သား စစ်သားပါလီမန်အမတ်တွေက အများစုဖြစ်နေတဲ့အချိန်မှာ ဘယ်လိုပဲ လူထုဆန္ဒကို တင်တင် လွှတ်တော်က ပယ်ချတာပဲဖြစ်မယ်လို့တော့ မြင်နေတယ်လေ။ မြင်တဲ့အတူတူ သေချာပေါက်ပယ်ချခံရမယ်လို့ ၁၀၀ ရာခိုင်နှုန်းလောက် သေချာနေတာကို လူထုဆန္ဒခံယူပြီးတော့ လုပ်နေရင်လည်း အလုပ်ရှုပ်ပြီးတော့ လူထုကို အလုပ်ပိုစေတယ်လို မြင်တာပေါ့။ လူထုသဘောထားကို ယူမယ်ဆိုရင် နောက်ဆုံးပိတ် သဘောထားအပြင် လူထုအားပါယူမလားပေါ့။ အားကိုပါယူပြီး တစုံတခုတောင်းဆိုမယ်။ လူထုတိုက်ပွဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်လောက်တဲ့အထိ မဟုတ်ဘူး။ ပြည်သူ့လူထုအားကို ယူမယ်။ အခြေခံ ဥပဒေပြင် (သို့) အသစ်ရေးဆွဲဖို့ ငြိမ်းချမ်းစွာတောင်းဆို ဆန္ဒပြမယ်။ အဲဒီလိုမျိုးအဆင့်အထိ လုပ်နိုင်မယ်ဆိုရင်တော့ အန်အယ်လ်ဒီရဲ့ အခုဆုံးဖြတ်ချက်က အကျိုးရှိလိမ့်မယ်လို့ထင်တယ်။ အဲဒီလိုမျိုးမဟုတ်ပဲ လွှတ်တော်တင်ဖို့အတွက်ပဲ လူထုသဘောထားခံယူမယ်ဆိုရင် ကျနော့် အမြင်တော့ မလုပ်တာပဲကောင်းလိမ့်မယ်လို့ ထင်မယ်။ အလုပ်ရှုပ်ရုံပဲ အဖတ်တင်ပြီး လူထုက အလုပ်အပိုတွေ လုပ်ရတဲ့သဘောမျိုးဖြစ်သွားမယ်လို့ ထင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆွယ်စဉ်ကကော၊ ၂၅ နှစ်မြောက်ငွေရတုမှာကော ပြောဆိုခဲ့တယ်။ အခုနည်းနဲ့ အဆင်မပြေဘူးဆိုရင် နိုင်ငံရေသုံးသပ်သူတဦးဖြစ်တဲ့ ဒေါက်တာလွဏ်းဆွေအနေနဲ့ ဘယ်လို နည်းနဲ့ ဆက်လုပ်သင့်တယ် ထင်လဲ။

“ယနေ့အချိန်အခါမှာ အစိုးရနဲ့ တပ်မတော်က သီးခြားစီလိုဖြစ်နေတယ်။ တပ်မတော်က တကဏ္ဍသွားနေတယ်။ အစိုးရက တကဏ္ဍအုပ်ချုပ်နေတဲ့သဘောမှာ ဘယ်လိုမှ အဆက်အစပ် မရှိသလိုဖြစ်တဲ့အခါမှာ အခြေခံဥပဒေပြင်ဆင်ရေးမှာလည်း လွှတ်တော်ထဲမှာ ကြံ့ခိုင်ရေး လွှတ်တော်အမတ်တွေက သဘောတူတယ်ထားဦး၊ စစ်တပ်က သဘောမတူရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ကျနော်တို့တိုင်းပြည်မှာ စစ်တပ်ကော အစိုးရအဖွဲ့ကောကို တကယ်ကို ချုပ်ကိုင်နိုင်တဲ့ ပါဝါရှိတဲ့လူဟာ ဘယ်သူဖြစ်မလဲ။ အဲဒီလူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ညှိနှိုင်းပြီး စကားပြောနိုင်ရင်လည်း နည်းလမ်းတသွယ်ပေါ့။ အဲဒီလိုမဟုတ်ပဲနဲ့ တပ်ကော အစိုးရပေါ်ကော ဩဇာရှိတဲ့သူ မပါပဲနဲ့ အစိုးရနဲ့သပ်သပ်ဆွေးနွေးလိုက်၊ လွှတ်တော်မှာ ဆွေးနွေးလိုက်၊ တပ်ကပဲ လုပ်လိုက်ဆိုရင်တော့ ကျနော်တို့တိုင်းပြည်ပြဿနာက ဒေါ်အောင်ဆန်းစုကြည်တို့ အတွက် အဖြေမရနိုင်ဘူးလို့ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တဖက်လူကို ဆွေးနွေး စည်းရုံးပြီးတော့ အခြေခံဥပဒေကို ပြင်ဖို့ကြိုးစားမယ်ဆိုရင် ဘယ်သူဟာ တကယ်ပါဝါအရှိဆုံး ဆိုတာကို ရှာဖွေပြီး အဲဒီလူနဲ့ တွေ့ဆုံစကားပြောနိုင်အောင် ကြိုးစားနိုင်မှပဲ၊ အဲဒီနည်းလမ်း တလမ်းပေါ့။ လွှတ်တော်ထဲမှာက ကိုယ်က အသစ်လည်း ရေးဆွဲပြဋ္ဌာန်းဖို့ အခြေအနေ မပေးသေးဘူး။ လွှတ်တော်ထဲက ကြိုးစားကြည့်မယ်ဆိုရင် ဘယ်လောက် အထိပဲ ဖြစ်နိုင်မလဲဆိုတော့ အခြေခံဥပဒေမှာ ထိပ်တိုက်တွေ့နေတဲ့ ပြဿနာတွေ တပ်မတော်က နိုင်ငံတော်တဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာ အစဉ်တစိုက်ပါဝင်မယ်ဆိုတဲ့အချက်၊ နောက်ကြောင်း ပြန်အရေးယူမှုတွေ မဖြစ်စေရဆိုတဲ့အချက်တွေ နောက်သမ္မတဖြစ်ရေးကိစ္စတွေ လွှတ်တော်ထဲမှာ ပြင်ရင် ဘယ်လောက်အထိ ရနိုင်ဆိုရင် အချိန်သတ်မှတ်မှုပေါ့။ တပ်မတော်က ၂၀၃၀ အထိ တမတ်သားပါနိုင်မှာလား။ ၂၅ ရာခိုင်နှုန်းကို ၅ ရာခိုင်နှုန်းဆီ လျော့သွားမလား။ အဲဒီလိုမျိုးတွေ ညှိမယ်ဆိုရင်တော့။ အဲဒီလိုမျိုး တဖြည်းဖြည်းလျော့သွားတဲ့နည်းနဲ့ လွှတ်တော်မှာ ညှိနိုင်လို့ တပ်ဘက်ကလည်း လက်ခံတယ်။ ကြံ့ခိုင်ရေးဘက်ကလည်း လက်ခံတယ်ဆိုရင်တော့ အဆင်ပြေကောင်း ပြေသွားနိုင်တယ်။

အစိုးရအဖွဲ့နဲ့ စစ်တပ်အပေါ် ဩဇာအာဏာ အရှိဆုံးလူဆိုတာ ဘယ်သူ့ကို ဆိုလိုတာလဲ ခင်ဗျ။

“ကျနော် ပွင့်ပွင့်လင်းလင်း ပြောရင်တော့ဗျာ။ ဒီနေ့အချိန်မှာပေါ့၊ ဦးသိန်းစိန်ကလည်း အစိုးရအဖွဲ့ကို ဦးဆောင်ပြီး တလမ်းသွားနေတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တလမ်းသွားနေတယ်။ ကျနော့်အမြင်မှာတော့ နှစ်ယောက်လုံးမှာ ပါဝါအပြည့်မရှိဘူး ထင်တယ်။ သူတို့ကို နောက်ကွယ်ကနေ အနားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ ကပဲ ထိန်းချုပ်ပြီး သွားနေတယ်လို့ ထင်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခြေခံဥပဒေကို ပြင်ချင်တယ် ဆိုရင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ နားလည်မှုရအောင် ကြိုးစားနိုင်မှပဲ။ အဆင်ပြေဆုံးနဲ့ တိုင်းပြည်သူပြည်သားတွေလည်း အသက်သာဆုံး အနာတရမဖြစ်ပဲနဲ့ ပြောင်းနိုင်မယ်ထင်တယ်။ (ဥပမာ။ ။ ဦးသန်းရွှေတွေ့နိုင်မယ်ဆိုရင် သူဘာတွေ စိုးရိမ်ချက်များ ရှိနေသလဲ။ သူ့စိုးရိမ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုဖြေသိမ့်ပြီး ဘယ်လိုအဖြေရှာပေးနိုင်မလဲ။)

၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်တာပဲဖြစ်ဖြစ် အသစ်ရေးဆွဲတာပဲ ဖြစ်ဖြစ် နောက်ဆက်တွဲ ပြဿနာတွေ ဘယ်လိုဖြစ်လာနိုင်လဲ။ ဒီပြဿနာအစပြုပြီး နောက်ကြောင်း ပြန်လှည့်ဖို့ အခြေအနေ မရှိနိုင်ဘူးလား။

“နောက်ကြောင်း လှည့်တာ၊ မလှည့်တာက အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့လည်း ဆိုင်သလို၊ အဓိက အကျိုးစီးပွားပေါ့။ ဦးသိန်းစိန်တို့၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ ရပ်တည်နေတဲ့ စစ်အုပ်စုဘက်ခြမ်းရဲ့ အကျိုးစီးပွားကို ဘယ်နည်းနဲ့ပဲ ထိခိုက်လာ ထိခိုက်လာ ၂၀၀၈ အရ သူတို့ လျှော့နိုင်သလောက် လျှော့ပေးထားပြီ။ ဒါပေမယ့် သူတို့ မလျှော့နိုင်တဲ့အတိုင်းအတာကို လူထုက တောင်းဆိုလာရင်တော့ အခြေခံဥပဒေပြင်ဆင်ရေး တခုတည်းကြောင်းတင်မကဘူး၊ တခြားအကြောင်းအရာတွေကြောင့်လည်း နောက်ကြောင်းပြန်လှည့်ရင် လှည့်သွားမှာပဲ။ စစ်အုပ်စုရဲ့ အကျိုးစီးပွားကို မလျှော့နိုင်တဲ့အထိ တောင်းဆိုလာရင်တော့ နောက်ကြောင်းပြန်လှည့်သွားနိုင်တဲ့ အနေအထားမျိုး ရှိတယ်။”

အခြေခံဥပဒေ ပြင်မလား၊ အသစ်ရေးမလားဆိုတာတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေဘက်က ဖြစ်လာနိုင်မယ့်အခြေအနေတွေကိုရော ဘယ်လိုမြင်လဲ။

“အခြေခံဥပဒေ ပြင်ရေး၊ အသစ်ရေးဆွဲရေးမှာက ၃ အုပ်စုလောက် ကွဲနေတယ်။ ကြံ့ခိုင်ရေးနဲ့ တစညကတော့ ရှင်းတယ်၊ သူတို့က လုံးဝမပြင်ဘူး။ ကြားထဲမှာ ကေအန်ယူ ပဒိုမန်းငြိမ်းမောင်တို့၊ အက်စ်အက်စ်အေ ဗိုလ်မှူးကြီးယွက်စစ်တို့ဆီက အသံတွေထွက်လာတယ်။ သူတို့တွေကတော့ အခြေခံဥပဒေကို ပြင်ပြီးသွားချင်တယ်။ အသစ်ရေးဆွဲရင် ပြဿနာတက်မယ်၊ တပ်မတော်နဲ့ ထိပ်တိုက်တွေ့မယ်ဆိုတဲ့သဘောနဲ့ အသစ်ရေးဆွဲရေးကို ရှောင်ချင်ပြီးတော့ ပြင်ဆင်ရေးဘက်ကို သွားချင်တယ်။ ဒါပေမယ့် တောင်ကြီးညီလာခံနဲ့ ရှစ်လေးလုံး ငွေရတုမှာကျတော့ အကုန်လုံးက အသစ်ရေးဆွဲရေးကို တော်တော်ယိမ်းတယ်လို့ ထင်တယ်။ အသစ်ရေးဆွဲရေးက ဖြစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် အသစ်ရေးဆွဲရေးက အာဏာချုပ်ကိုင်ထားတဲ့သူက သူတို့အကျိုးစီးပွားကို ထိမယ်လို့ ထင်လာရင်တော့ တိုင်းပြည်မှာ အနာတရဖြစ်ပြီး တိုက်ရခိုက်ရလိမ့်မယ်ထင်တယ်။

ဘာလို့ဆိုတော့ အသစ်မရေးချင်လို့ ဦးသန်းရွှေတို့က သူတို့ မဆင်းခင်ကတည်းက ၂၀၀၈ အခြေခံဥပဒေနဲ့ တံတိုင်းအထပ်ထပ်ကာပြီးတော့ ဆုတ်သွားတာ။ အသစ်ရေးဆွဲမယ်ဆိုရင် အဲဒီတံတိုင်းတွေကို ဖြိုချပြီးမှ ရေးဆွဲလို့ရမယ်ထင်တယ်။”

ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးတို့၊ တစညတို့က တပိုင်းဖြစ်နေတယ်။ အန်အယ်လ်ဒီကလည်း အကြီးဆုံးအတိုက်အခံပါတီလို့ ပြောထားတယ်။ သူတို့အနေနဲ့ အားလုံးညီသွားအောင် ၂၀၀၈ နဲ့ ပတ်သက်လို့ စည်းရုံးသင့်တယ်လို့ မမြင်ဘူးလား။

“အန်အယ်လ်ဒီအနေနဲ့ နောက်ဆုံးအနေနဲ့ စည်းရုံးနိုင်ရင် ကြံ့ခိုင်ရေး၊ တစညမှအပပေါ့၊ ကျန်တဲ့ လူထုဘက်မှာရှိတယ်လို့ သတ်မှတ်ထားတဲ့ ပါတီအများစုနဲ့ တိုင်းရင်းသားပါတီတွေကိုတော့ စည်းရုံးလို့ ရကောင်းရနိုင်တယ်။ ဒါပေမယ့် ဘယ်လိုပဲ စည်းရုံး၊ စည်းရုံး ဟိုဘက် အဓိက ရပ်တည်နေတဲ့ ကြံ့ခိုင်ရေး၊ တစညတို့က မထောက်ခံဘူးဆိုရင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား မလွယ်ဘူးနဲ့ တူတယ်။ ထိပ်တိုက်ရင်ဆိုင်မှ ဖောက်ထွက်နိုင်မယ်လို့ ထင်တယ်။”

ဖွဲ့စည်းပုံ ပြင်ရေး၊ အသစ်ရေးဆွဲရေး ကြားထဲမှာ တကယ့်လက်တွေ့ဖြစ်ရပ်နဲ့ အားလုံး အကျိုးရှိသွားမယ့် ပုံစံမျိုး တိုင်းရင်းသားအင်အားစုတွေရော၊ ပြည်သူတွေရော၊ ဒေါ်အောင်ဆန်းစုကြည်တို့ အန်အယ်လ်ဒီရော ဘာလုပ်သင့်တယ်လို့ ထင်ပါသလဲ။

“ကျနော့် တဦးတည်းအမြင်ကတော့ အသစ်ရေးဆွဲချင်တာပေါ့။ သို့သော်လည်း အသစ်ရေးဆွဲတဲ့အခါမှာ အတားအဆီးတွေ၊ ကျော်ဖြတ်ရမယ့် တံတိုင်းတွေ အများကြီးရှိတယ်။ တိုင်းသူပြည်သားလည်း နာပြီးတော့မှ ရနိုင်တဲ့အနေအထားရှိတယ်။ အခုအနေအထားမှာ အန်အယ်လ်ဒီရဲ့ ၂၅ နှစ်တလျှောက် ဦးဆောင်မှုအနေအထားကိုကြည့်ရရင်လည်း အသစ်ရေးဆွဲနိုင်လောက်တဲ့ အနေအထားရောက်လောက်အောင် ဦးဆောင်မှု ပေးနိုင်လိမ့်မယ်လို့ ကျနော်တို့ မယုံကြည်ဘူး။ လက်ရှိအခြေအနေမှာ ဖြစ်နိုင်ချေရှိတာကတော့ လွှတ်တော်ထဲကပဲ တပ်မတော်ရဲ့အခန်းကဏ္ဍကို ရာခိုင်းနှုန်းလိုက် ဖြည်းဖြည်းချင်း ၂၀၃၀ မှာအပြီး၊ ၂၀၄၀ မှာအပြီးပေါ့။ အဲလို လျှော့သွားတဲ့နည်းနဲ့ ပြင်နိုင်မလား။ အန်အယ်လ်ဒီရဲ့ ဦးဆောင်နိုင်မှုနဲ့ အဲလောက်နဲ့ပဲ အဆင်ပြေနိုင်မယ်လို့ထင်တယ်။ ဒါမှမဟုတ် အန်အယ်လ်ဒီက လူထုကိုပါ အားတခုအနေနဲ့ ဆွဲခေါ်ပြီး ထိပ်တိုက်ရင်ဆိုင်နိုင်ရင်တော့ အသစ်ရေးဆွဲရေးကို စိတ်ကူးယဉ်လို့ရမယ်ထင်တယ်။ အဲလိုမဟုတ်ရင် လွှတ်တော်ဘောင်ထဲကပဲ ညှိနှိုင်းပြီး တဖြည်းဖြည်းနဲ့ လျှော့သွားပြီး ရအောင်ယူသွားရမယ်။ အဖြစ်နိုင်ဆုံးကတော့ တကယ်အာဏာရှိတဲ့သူနဲ့ ထိပ်တိုက်တွေ့ပြီး ဆွေးနွေးနိုင်ရင် အပြေလည်ဆုံးဖြစ်မယ်လို့ ထင်တယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013