DVB Logo
Home
အာရှဒေသ
ပါပူးဝါလူငယ်များ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ကြောင့် သေဆုံးမှုများ
DVB
·
September 30, 2013
ပါပူးဝါလူငယ်များ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ကြောင့် သေဆုံးမှုများ
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ ပါပူးဝါပြည်နယ်ဟာ ကျွန်းဆွယ်တခုလုံးမှာ အိပ်ခ်ျအိုင်ဗွီ၊ အေ့ဒ်စ် ဖြစ်ပွားမှုနှုန်း အမြင့်မားဆုံး ဖြစ်နေပါတယ်။ အစိုးရရဲ့အဆိုအရ ၀ါမင်နာ ဘေလီယမ် တောင်ကြားမှာ တနေ့ကို  ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၀ ဦး ရှိတယ်လို့ သိရပါတယ်။ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ် ရှိနေတဲ့သူ အများစုဟာလည်း အရွယ်ရောက်ပြီးသား လူငယ်တွေ ဖြစ်ကြပါတယ်။

ဒီ ၀ါမင်နာလူထုကျန်းမာရေးဌာနမှာ ဧည့်ခန်းထဲမှာ လူ ၂၀ လောက် ပူပင်ကြောင့်ကြမှုနဲ့ စောင့်ဆိုင်းနေကြပါတယ်။ သူတို့ဟာ မကြာခင်မှာ သူတို့ရဲ့ အိပ်ခ်ျအိုင်ဗွီဆေးစစ်ချက်အဖြေကို ရကြတော့မှာပါ။ ဒေါက်တာလော်ရီနာက လူနာတွေထဲက သစ်ခုတ်သမားတယောက်အဖြစ် အလုပ်လုပ်တဲ့ အသက် ၂၀ ကျော် လူငယ်တယောက်ရဲ့ နာမည်ကို ခေါ်လိုက်ပါတယ်။
“ဒါက အဖြေပါ။ ကျမ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ရှင့်ကို ကျမက ပိုးရှိနေတယ်ဆိုတဲ့ အဖြေကို ပြောရမှာပါပဲ။”

လူနာတွေအားလုံးဟာ ၀ါမင်နာရှိ ဘေလီယမ်တောင်ကြားက ဒေသခံတွေ ဖြစ်ကြပါတယ်။ အဲဒီ အိပ်ခ်ျအိုင်ဗွီပိုးရှိနေတဲ့သူတွေဟာ လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်ကောင်းပဲ ရှိကြပါသေးတယ်။
ဒေါက်တာ လော်ရီနာက “သူတို့တွေ အတော်များများက ၁၅ နှစ်ကနေ အသက် ၃၀ ကြား အရွယ်တွေပါ။ သူတို့မှာ အိပ်ခ်ျအိုင်ဗွီရှိနေတဲ့အတွက် သူတို့ ရှက်နေကြပါတယ်။ ကျမတို့ ဒီမှာတွေ့နေရတာက အဖျားအနားလောက်ပဲ ရှိပါသေးတယ်။ ရောဂါကူးစက်မှု အတော်များများက မသိရသေးပါဘူး။ ဒီကိစ္စအတွက် ကျမတို့ အများကြီး အားထုတ်ဆောင်ရွက်နေရပါတယ်” လို့ ပြောပါတယ်။

အစိုးရရဲ့ အဆိုအရ ပြည်နယ်ရဲ့ ရောဂါကူးစက်မှုမြင့်မားနေရတာက လုံခြုံစိတ်ချရမှုမရှိတဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုတွေကြောင့်ပါ။
အိပ်ခ်ျအိုင်ဗွီပိုး ရှိနေလို့ တက္ကသိုလ်ကျောင်းကနေ ထွက်လိုက်ရတဲ့ အသက် ၂၃ နှစ်အရွယ် မီနာ မတူအန်က “ကျမက အသက် ၁၈ နှစ်မှာ ရောဂါကူးစက်ခံခဲ့ရတာပါ။ ကျမ ရောဂါရနေပြီဆိုတာကို မသိခဲ့ပါဘူး။ အဲဒါဟာ ကျမယောက်ျား ဆီကလား၊ ကျမ ရည်းစားတွေဆီကလား ကျမ မသိပါဘူး။ ဒါပေမယ့် နောက်တော့ မိသားစုပြဿနာတွေကြောင့် ကျမတို့ ကွဲသွားပါတယ်။ ကျမက နောက်တခါ ထပ်ပြီး လက်ထပ်ခဲ့တဲ့အချိန်အထိ လူအတော်များများနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကျမတို့ ကွဲသွားပြီးတဲ့အချိန်မှာတော့ ကျမမှာ အိပ်ခ်ျအိုင်ဗွီရှိနေပြီဆိုတာ တွေ့ခဲ့ရပါတယ်။

ဝါမင်နာ လူထုကျန်းမာရေးဌာနက အိပ်ခ်ျအိုင်ဗွီဆေးခန်းကို ၂၀၀၇ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တုန်းက အိပ်ခ်ျအိုင်ဗွီ၊ အေ့ဒ်စ်ဝေဒနာရှင် ၇ ယောက်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် နောက် ၆ နှစ် အကြာမှာ နှစ်စဉ် အိပ်ခ်ျအိုင်ဗွီရောဂါ ကူးစက်မှုအသစ် ၁၀၀၀ ကျော် ရှိနေပါတယ်။

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ မောရစ်ကီဝိုက အိမ်ရှင်မတယောက်ပါ။ သူက သူယောက်ျား အေ့ဒ်စ်ရောဂါနဲ့ သေဆုံးသွားပြီးတဲ့နောက်  လွန်ခဲ့တဲ့ ၂ လက သူ့ရဲ့ ပထမဆုံးကလေးကို မွေးဖွားခဲ့ပါတယ်။ သူက ပါပူးဝါမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း သူယောက်ျားဆီက အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံခဲ့ရပြီး အခုတော့ သူဟာ ပြင်းထန်တဲ့ အရေပြားကူးစက်မှု ဖြစ်နေပါပြီ။

သူနာပြုဆရာမ မာယိုနီက သူအိမ်ကို သွားရောက်ပြီး ကျန်းမာရေး စစ်ဆေးပေးပါတယ်။ သူရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို အခြေခံပြီး မာယိုနီက သူ့ရဲ့ ကိုယ်ခံစွမ်းအားစနစ်က ဆိုးဝါးလာနေတဲ့နေရာမှာ ဗိုင်းရပ်စ်ပိုးက အဆင့်တိုး တိုက်ခိုက်တဲ့အခြေအနေကို ရောက်နေပြီလို့ ပြောပါတယ်။
“ပြင်းထန်တဲ့ အခြေအနေမှာ ရှိနေပါပြီ။ သူက ကျန်းမာရေးဌာနကို လာခဲပါတယ်။ ဒါပေမယ့် ဒီအရေပြားကူးစက်မှုအဆင့်အရဆိုရင် သူက စတုတ္ထအဆင့်ကို ရောက်နေပါပြီ။”

ဒေသဆိုင်ရာ အေ့ဒ်စ်ကော်မရှင်ကတော့ အိပ်ခ်ျအိုင်ဗွီ၊ အေ့ဒ်စ်ကာကွယ်ရေး စီမံချက်တွေကို တချို့အန်ဂျီအိုတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ အကူအညီနဲ့ ကြိုးကြိုးစားစား ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် ကူးစက်ခံရတဲ့အရေအတွက်ကို သူတို့အနေနဲ့ လျှော့မချနိုင်သေးပါဘူးလို့ ကော်မရှင်အတွင်းရေးမှူး  ဒေါလတ်ဆင်မာယွန်တပ်ခ်က ပြောပါ တယ်။

“ဒီမှာရှိတဲ့သူတိုင်းဟာ ရင်ဆိုင်နေရတဲ့ အခြေအနေအရ မှန်ကန်တဲ့ သတင်းအချက် အလက် မရရှိကြပါဘူး။ ကျန်းမာရေးဌာနတွေကလည်း ခရိုင်တိုင်းမှာ မရှိကြဘူးဗျ။ ကျန်းမာရေး အရာရှိတွေကလည်း နည်းနည်းပါးပါးပဲ ရှိတယ်လေ။ ဒါပေမယ့် ကျနော်တို့က ရေဒီယိုတွေကနေ ဒါမှမဟုတ် ရိုးရာအစဉ်အလာ လူမှုဆောင်ရွက်မှုတွေနဲ့ အိပ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ သိမြင်နားလည်မှုကို မြှင့်တင်ပေးဖို့ ကြိုးစားနေပါတယ်။”

ဒေသခေါင်းဆောင် ဖာသာ ဂျွန်ဒရောန်ဂါက သူရဲ့အပတ်စဉ် တရားဟောပြောမှုတွေမှာ အိပ်ခ်ျအိုင်ဗွီ၊ အေ့ဒ်စ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တချို့ကို ထည့်ပြီး ဟောပြောပေးနေပါတယ်။ နောက်ပြီး သူက ပါပူးဝါလူငယ်တွေရဲ့ အနာဂတ်အတွက် သိပ်စိတ်ပူ နေပါတယ်။

“အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ်က ပါပူးဝါလူငယ်တွေကို သတ်နေပါတယ်။ ဒါတွေက ၀ါမင်နာမှာပဲ ဖြစ်နေတာ မဟုတ်ပါဘူး။ ပါပူးဝါရဲ့ တခြားနေရာတွေမှာလည်း ဖြစ်နေပါတယ်။ ၀ါမင်နာမှာ အိပ်ခ်ျအိုင်ဗွီကူးစက်မှုအရေအတွက်က မြင့်မားနေပါတယ်။ တကယ်လို့ ကျနော်တို့ အထူးသဖြင့် အစိုးရက အရေးတကြီး တခုခုမလုပ်ဘူးဆိုရင် ဒီအချိန်ကနေ နောက်အနှစ် ၂၀ ဆိုရင် ပါပူးဝါရဲ့ နောက်လူငယ် မျိုးဆက်သစ်ကို တွေ့ရတော့မှာ မဟုတ်ပါဘူး။ တချို့တိုင်းရင်းသားအုပ်စုတွေ၊ မိသားစု ဆွေမျိုးအုပ်စုကြီးတွေဟာ အေ့ဒ်စ်ကြောင့် ကွယ်ပျောက်သွားနိုင်ပါတယ်ဗျ။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် မိုဟာမက်အီရမ်က ၀ါမင်နာကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013