DVB Logo
Home
ဆောင်းပါး
ပိုမိုကောင်းမွန်သော အလုပ်ဆီသို့
DVB
·
September 30, 2013
ပိုမိုကောင်းမွန်သော အလုပ်ဆီသို့
1 / 3
Donate to DVB

သွပ်တံခါးကြီး ဆွဲအဖွင့်

သွပ်ပြားတံခါးချပ်ကြီးကို ဆွဲဖွင့်လိုက်အပြီး အတွင်းကို အလောတကြီး လှမ်းကြည့်မိလိုက်တော့ ပုဆိုးဝတ်တွေ ထမီဝတ်တွေ အေးအေးသက်သာ လှုပ်ရှားသွားလာနေကြတာတွေ့လိုက်ရပါတယ်။
တဧကလောက်ကျယ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ဝင်းထဲမှာ ဆောက်လုပ်စ ဆိုင်ခန်းတွေ အခန်းငယ် အစုအစုတွေ အကန့်လိုက်တည်ရှိနေပြီး အခန်း အစုအစုရှေတွေမှာ ဆေးလိပ်ဖွာသူဖွာ ကွမ်းစာသူစားနဲ့ နားနားနေနေထိုင်နေရာက ကျနော်တို့ လူစုကို အကြည့်ပေါင်းစုံနဲ့ လှမ်းစူးစမ်းနေတာလဲ သတိထားမိလိုက်ပါတယ်။

ကြိုချိတ်ထားတဲ့သူက တနေရာမှာ လာစုဖို့ အဆင့်ဆင့်ဖိတ်ခေါ်လိုက်တော့ မကြာမတင်မှာပဲ လူ ၂၀-၂၅လောက် စုမိသွားပါတယ်။ကျားအများစု အသက် ၂၀နဲ့ ၄၀ကြား မြန်မာပြည်အနယ်နယ်အရပ်ရပ်က အလုပ်သမားတွေ၊ ကျောင်းမနေဖူးတဲ့သူတွေ ပါသလို ဘွဲ့ရထားတာ မကြာသေးတဲ့သူတွေလဲ ပါတယ်လို့ ကြိုချိတ်ထားတဲ့ အလုပ်သမားခေါင်းဆောင်က ပဏာမ မိတ်ဆက်ပေးပါတယ်။ပြီးတော့မှ ပညာရေးကျောင်းဆရာက သူတို့အဖွဲ့ရဲ့ လာရင်းကိစ္စကို စ ပြောပါတယ်။

အကြို စူးစမ်းလေ့လာရေး ဆာဗေး

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တနေရာက ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကို ဒီလထဲ ရောက်ဖြစ်ခဲ့တုန်းက တွေ့မြင်ခဲ့ရတဲ့ မြင်ကွင်းတချို့ ဖြစ်ပါတယ်။မြန်မာအလုပ်သမားအများစု အလုပ်လုပ်နေကြတဲ့ လုပ်ငန်းခွင်တွေ ဈေးတွေကို ပညာရေးကျောင်းဆရာနဲ့အဖွဲ့ လှည့်လည်သွားရောက်ပြီး အကြိုစူးစမ်းလေ့လာရေး ဆာဗေးဆင်းနေကြတဲ့နောက် ကျနော်တခေါက်လိုက်သွားခဲ့တာပါ။မြန်မာအလုပ်သမားတွေ အသက်မွေးဝမ်းကျောင်းပညာသင်ယူချင်ကြသလား၊ဘယ်လို ပညာတွေ သင်ချင်တာလဲ၊သင်ဖို့ အချိန် ဘယ်လောက်ပေးနိုင်မလဲ၊သူဌေးက ခွင့်ပြု မပြု၊ဘယ်နေရာမှာ သင်ရင်အဆင်ပြေမလဲ၊ကျောင်းကို လာသင်နိုင်မလား၊သူတို့ လုပ်ငန်းခွင်ထဲ လာသင်မှ အဆင်ပြေမလား စသည်စသည်တို့ ပြောပြ၊အလုပ်သမားတွေအသံ ပြန်နားထောင်ကြတာ ဖြစ်ပါတယ်။

ပိုမိုကောင်းမွန်သော အလုပ်ဆီသို့

ပညာရေးဆရာတွေရဲ့ ရည်ရွယ်ချက်တချို့က ဒီလိုပါ။

ထိုင်းနိုင်ငံရှိ အဖွဲ့အစည်းများ၊ ပြည်တွင်းရှိ အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်မှုအဖြစ် ၂၀၁၄ ခုနှစ်ဆန်းမှစ၍ ရွှေ့ပြောင်းအလုပ်သမားများအတွက် လုပ်ငန်းခွင် အရည်အချင်း (အသက်မွေးဝမ်းကြောင်း) သင်တန်းများကို ပေးရန်အစီအစဉ်ရှိပြီး သင်တန်း အမျိုးပေါင်း ၅၀ ခန့် ပါဝင်မည်ဖြစ်သည်။

ရည်ရွယ်ချက်များမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ရွှေ့ပြောင်းလုပ်သားများ၊ လက်ရှိ အလုပ်အကိုင်နဲ့ သက်ဆိုင်သော လုပ်ငန်းခွင်အရည်အချင်း သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန်နဲ့ ယခုလက်ရှိ အလုပ်အကိုင်ထက် ပိုမိုကောင်းမွန်သော အလုပ်မျိုး လုပ်ကိုင်နိုင်ရန်နဲ့ ပိုမိုကောင်းမွန်သော အကျိုးခံစားခွင့်များ ရရှိရန်တို့ဖြစ်သည်။

ပြောရရင် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ လက်ရှိ သူတို့လုပ်နေတဲ့ အလုပ်ထက် ပိုကောင်း၊ ပိုသက်သာအဆင်ပြေမယ့် အသက်မွေးဝမ်းကျောင်းပညာရပ်တခုခု သင်ပေးဖို့ သူတို့ရဲ့ စိတ်ဝင်းစားမှုကို လုပ်ငန်းခွင်အရောက်သွား နားထောင်ကြတာပါ။

အသက် ၂၀ နဲ့ ၃၀ကြား အလုပ်သမား ၈၀ ရာခိုင်နှုန်းလောက်က သက်မွေးဝမ်းကျောင်းပညာ သင်ယူတတ်မြောက်ချင်ကြတာ တွေ့ရပါတယ်။

အမျိုးသားတွေ အများစုက ကား၊ ဆိုင်ကယ်နဲ့ အီလက်ထရောနစ်ပစ္စည်း ပြင်တတ်တဲ့ အသက်မွေးဝမ်းကျောင်းပညာ သင်ယူချင်ကြပြီး၊ အမျိုးသမီးအများစုကတော့ စက်ချုပ်တတ် ချင်ကြတယ်လို့ ပြောကြပါတယ်။ ၂၀ ရာခိုင်နှုန်းသော အသက် ၄၀ ကျော်တန်းတွေကတော့ ဒီဘ၀တော့ ဒီမျှနဲ့ တော်ပါပြီလို့ ပြောကြပါတယ်။

လောလောဆယ် အလုပ်သမားတွေဆီ အရောက်သွားပြီး ဆာဗေးဆင်းနေတာက ချင်းမိုင် အခြေစိုက် BEAM (Bridging Educational Access to Migrants) ကျောင်းကဆရာနဲ့ အဲဒီကျောင်းတက်နေတဲ့ မြန်မာကလေးတွေ ဖြစ်ပါတယ်။ BEAM က Acadamic Coordinator ဆရာ ကျော်ကျော်မင်းထွဋ်ပြောတာက အခုလို အသက်မွေးဝမ်းကျောင်းပညာသင်ပေးနိုင်ဖို့ သူတို့ဖွဲ့ထားတဲ့ ပညာရေးကွန်ရက်တခုရှိတယ်။ အဲဒီကွန်ရက်က ထိုင်းက မြန်မာအလုပ်သမားတွေ အသက်မွေးဝမ်းကျောင်းပညာသင်နိုင်ဖို့ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကတည်းက ဖွဲ့ထားခဲ့တာဖြစ်တယ်။ ဒီအကြောင်း သိနေတဲ့ မြန်မာအလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်း ထိုင်းလာတုန်းက သူတို့ဆီမှာရှိတဲ့ သက်မွေးပညာသင်ရေးအစီအစဉ်တခု ချပြတယ်။ ဒီအစီအစဉ်အရ မြန်မာအလုပ်သမားဝန်ကြီးဌာနက သက်မွေးပညာသင်ဖို့ သင်တန်းပေးမယ်။ အဲဒီသင်တန်းလာတက်ပြီး သင်တန်းဆင်းတွေက ဆင့်ပွားသင်ကြားပေးလို့ရတယ်။ သင်တန်းဆင်းတွေကို အာဆီယံအဆင့် လက်မှတ်ထုတ်ပေးနိုင်တယ်။

ဒီလက်မှတ်ကိုင် ဆောင်ထားတဲ့ အလုပ်သမားဟာ အာဆီယံ ဘယ်နိုင်ငံမှာမဆို တူတူတန်တန် အလုပ်လုပ်လို့ရတယ်။ သင်တန်းအမျိုးအစား ၅၀ လောက်ရှိတယ်။ ချင်းမိုင်မှာ စမ်းလုပ်ကြည့်ဖို့ ပြောခဲ့တယ်။ အခု ဆာဗေးဆင်းနေတာက ဒီဆွေးနွေးမှုကနေ လက်တွေ့အကောင်အထည်ဖော်ဖို့ စ လှမ်းလိုက်တဲ့ ခြေလှမ်းပဲလို့ ဆိုပါတယ်။

BEAM ကျောင်းက ဆရာတယောက် ရန်ကုန်မှာ အလုပ်သမားဝန်ကြီးဌာနက ပေးတဲ့ သင်တန်းတက်ပြီးသွားပြီဖြစ်ပြီး နောက်ဆရာမတယောက် အလုပ်နဲ့ ထရိန်နင် သွားတက်ဖို့ ရှိတဲ့အကြောင်းလည်း ရှင်းပြပါတယ်။ ဒီဆရာတွေကတဆင့် ဆင့်ပွားသင်တန်းတွေ ပေးသွားမှာ ဖြစ်ပါတယ်။ သက်မွေးပညာသင်တန်းပေါင်း ၅၀ လောက် ရှိတယ်ဆိုပေမယ့် အကုန်သင်ပေးနိုင်မှာ မဟုတ်သလို သင်လည်း မသင်ပါဘူး။ အခုရနေတဲ့ ဆာဗေးတွေအရ ကားပြင်တာ၊ ဆိုင်ကယ်ပြင်တာနဲ့ အီလက်ထရောနစ်ပစ္စည်းတွေ ပြင်တာမျိုး ဦးစားပေး သင်ပေးသွားမှာ ဖြစ်ပါတယ်။ စက်ချုပ်ပညာလိုမျိုး သင်ပေးမှာ ဖြစ်ပါတယ်။

BEAM ကျောင်း ဥပမာထား

သူတို့ အခု ကောက်ခံရရှိထားတဲ့ အချက်အလက်တွေအရ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်တဲ့နေရာ ဒါမှမဟုတ် စုပေါင်းနေထိုင်တဲ့ နေရာတွေ အရောက်သွားပြီး သက်မွေးပညာသင်ပေးမှ အဆင်ပြေဖို့ ရှိပါတယ်။

ဒါတွေထားအုန်း။ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့ သင်ကြားဖို့ ဖြစ်စဉ်တခုလုံးအတွက် အဓိက အရေးပါတဲ့ ငွေကြေး၊ ဘယ်သူတွေက စိုက်ထုတ်ပေးမှာလဲ။

ဆရာကျော်ကျော်ကတော့ ပြည်တွင်းနဲ့ ပြည်ပအလှူရှင်တွေ အကူအညီနဲ့ သွားမယ်လို့ ရဲရဲတင်းတင်းပဲ ပြောပါတယ်။ ဟုတ်မှာပါပဲ။ သူတို့ လက်ရှိဖွင့်ထားတဲ့ BEAM ကျောင်းပင်လျှင် အမေရိကန်လူမျိုး အငြိမ်းစားဘဏ်မန်နေဂျာတဦးရဲ့ စည်းရုံးကူညီမှုနဲ့ တည်ထောင်ထားတာမို့လား။ သူတို့ အမေရိကန်တွေ ကူညီတတ်ပုံ အကြောင်းဆုံလို့ BEAM ကျောင်း ဥပမာထား ပြောပြရအုန်းမယ်။

ဘဏ်မန်နေဂျာဘ၀က အငြိမ်းစားယူပြီးတဲ့နောက် လူမှုရေးလုပ်ငန်းတွေ လုပ်ဖို့ စိတ်ပိုင်းဖြတ်ရင်း ထိုင်းနိုင်ငံ ရောက်လာတော့ ပထမဆုံး ထိုင်းတောင်ပိုင်းက မြန်မာရေလုပ်သားတွေရဲ့ သားသမီးတွေ ကျောင်းမတက်နိုင်တာ တွေ့ပြီး သူ ကမကထပြုလို့ ကျောင်းတကျောင်း စတည်ထောင်ပေးပါတယ်။

အမေရိကန်က သူလုပ်ဖော်ကိုင်ဘက်တွေ အကျိုးအကြောင်း ပြောပြတော့ ကိုယ်တိုင် ပါဝင်မလုပ်နိုင်ပေမယ့် အလှူငွေထည့်မယ်ဆိုပြီး အလှူငွေ ၀ိုင်းထည့်ကြပါတယ်။ အလှူငွေ ပိုလျှံတော့ ထိုင်းမြောက်ပိုင်း ချင်းမိုင်လာပြီး အလားတူ ကျောင်းတကျောင်း တည်ထောင်ပေးခဲ့တာ BEAM ကျောင်းဆိုပြီး ဖြစ်လာတာပါ။ ၂၀၁၀ ကတည်းက တည်ထောင်ခဲ့တာ အခု ၃နှစ်သက်တမ်း ရှိပါပြီ။ ဒီကျောင်းကနေတဆင့် ထိုင်းတက္ကသိုလ်တွေက ဘွဲ့ရသွားတဲ့ ကျောင်းသားတွေတောင် ပေါ်ထွက်နေပါပြီ။

တကျောင်းတော့ ရှိနေလေပြီ

ဒါဖြင့် အခုလို သက်မွေးကျောင်းမျိုး ထိုင်းမှာ ရှိနေပြီလား။ ထိုင်းတောင်ပိုင်း ဖန်ငဘက်မှာ မကြာသေးခင်ကပဲ တကျောင်း စဖွင့်နိုင်နေပြီလို့ သိရပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက်တခုနဲ့ ထိုင်းတောင်ပိုင်းပညာရေးဌာနတို့ ပေါင်း ဖွင့်ထားတာပါ။ သူတို့ကတော့ မြန်မာရွှေပြောင်းအလုပ်သမားတွေကို အုပ်စု ၂ ခု ခွဲလိုက်ပါတယ်။ ထိုင်းစကားပြောတတ်တဲ့အဖွဲ့နဲ့ မပြောတတ်တဲ့အဖွဲ့။ စကားမတတ်တဲ့အဖွဲ့ကို စကားပြောသင်တန်း တက်စေပြီး၊ စကားပြောတတ်တဲ့အဖွဲ့ကိုတော့ နစ်ဆန်းမော်တော်ကားကုမ္ပဏီတခု အကူအညီနဲ့ ကားပြင်သင်တန်းပေးတာပါ။

သင်တန်းဆင်းရင် နစ်ဆန်းကုမ္ပဏီရဲ့ သင်တန်းဆင်းလက်မှတ်ရပြီး ကုမ္ပဏီမှာပဲ အလုပ်ပြန်ဝင်စေမှာ ဖြစ်ပါတယ်။ အလားတူ သင်တန်းမျိုး ချင်းမိုင်မှာ ဖွင့်ဖို့ ချင်းမိုင်ပညာရေးဌာနကို တီးခေါက်ကြည့်တော့ သူတို့မှာ အဲ့ဒီလို အစီအစဉ်မရှိဘူး။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် နာရီ ၂၀၀ ထိုင်းစာသင်ပေးမယ့် ကော်ဆော်နော အစီအစဉ်တော့ရှိတယ်လို့ အကြောင်းပြန်ကြောင်းလည်း သိရပါတယ်။

(“ကော ဆော် နော” ဆိုတာက ထိုင်းစကားနဲ့ပါ။ မြန်မာလို ဘာသာ ပြန်ရင်တော့“ကျောင်းသင် ပညာရေးစနစ် ပြင်ပ နှင့် အဆင်ပြေသလို၊ မိမိ နှစ်သက်ရာ၊ ၀ါသနာပါရာကို လေ့လာသင်ယူခြင်း” လို့ တိုက်ရိုက် ဘာသာပြန်နိုင်ပါတယ်။ ထိုင်းစာ အခြေခံ ရေးတတ်၊ ဖတ်တတ်တဲ့၊ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့သူ အားလုံး “ကော ဆော် နော” တက်လို့ ရပါတယ်။ အထူးသဖြင့် နယ်စပ်မြို့တွေလို မြန်မာ ရွှေ့ပြောင်းဒေသက ပြည်သူလူထုတွေ တက်လို့ ရပါတယ်။ ပညာရေး အခွင့်အရေးတခုပါ)

သင်တန်းသားတွေ တက်ချင်ကြလား

ကောင်းပြီ။ သင်ပေးချင်တဲ့သူက သင်ပေးဖို့ စလုပ်နေပြီ၊ သင်ယူမယ့် မြန်မာအလုပ်သမားတွေ တုံ့ပြန်မှု ဘယ်လိုရှိပါသလဲ။ ချင်းမိုင်မြို့တခွင် ဆာဗေးဆင်းတဲ့နေရာမှာ ခေါင်းဆောင်သူတဦးဖြစ်တဲ့ ဆရာဖြိုးကတော့ အားရစရာကောင်းပါတယ်လို့ လေသံယဲ့ယဲ့နဲ့ ပြောပါတယ်။

တချို့က သူတို့မှာ အိပ်မက်တွေ ရှိနေတာ မသိကြဘူး။ အိပ်မက်မက်ဖို့လည်း စိတ်ကူးကြဟန်မရှိဘူး။ အိပ်မက်ဖို့ အချိန်လည်း မရှိကြဘူးတဲ့။

သူတို့တတွေဟာ မြန်မာပြည်ထဲ အလုပ်အကိုင် မကောင်းလို့ တခြားနိုင်ငံမှာ ဂုဏ်ငယ်ငယ်နဲ့ လုပ်နေကြရတာပဲ သိတယ်။ ရသလောက်ပိုက်ဆံ ကုတ်ခြစ်စုပြီး မြန်မာပြည်ပြန်ပို့ဖို့ပဲ သိတယ်။ တိုးတက်ရာ တိုးတက်ကြောင်း အခုလို အခွင့်အလမ်းတွေ ရှိတာရော ဒီအခွင့်အလမ်းကို မိမိရရ ဆုပ်ကိုင်ပြီး အိမ်မက်အသစ်တွေမက်ဖို့ စိတ်ကူးတဲ့နေရာမှာ အားနည်းကြတယ်။

သူတို့ ကြုံရသလောက်ကလည်း ရရာဝင်လုပ် လုပ်ရသလောက် အိမ်ပြန်ပို့ ဒါပဲ မဟုတ်လား။

သွပ်ပြားတံခါးကြီး အပြင်ဘက်

သွပ်ပြားတံခါးချပ်ကြီးထဲဝင်ခဲ့တုန်းက နေ၀င်ဖြိုးဖျ၊ ပြန်အထွက်မှာတော့ အမှောင်က ကြီးစိုးနေပါပြီ။ ကျနော်တို့အဖွဲ့ကို ၀င်းတံခါးထိပ်အထိ လိုက်ပို့တဲ့ထဲပါတဲ့ အပြာရောင်ပလေကပ်လုံချည်အနွမ်းတထည်ဝတ်ထားတဲ့ ပဲခူးသား လူငယ်တဦးကို ဘယ်လိုလဲ သူတို့လာ ပြောပြတာတွေ စိတ်ဝင်စားလားလို့ ကပ်မေးကြည့်တော့ သူက အပြုံးယဲ့ယဲ့တခုပြုံးပြီး ခုလို ပြောပါတယ်။

"ကျနော်အိပ်မက်တွေအများကြီးမက်ပြီး မြန်မာပြည်ထဲကထွက်ခဲ့တာ၊ အိပ်မက်လှလှ မက်ချင်တာပေါ့ ဦးလေးရာ" တဲ့။

(ပြည်သူ့ခေတ်ဂျာနယ်မှ ပြန်လည်ကူးယူဖော်ပြသည်။)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013