စစ်အာဏာရှင်ဆန့်ကျင်ရေး အင်းတော်ဆန္ဒပြပွဲ အင်အား ၁ သောင်းကျော် ပါဝင်

စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့ မြို့တွင်းလှည့်လည် ဆန္ဒထုတ်ဖော်ပွဲမှာ အင်အား တစ်သောင်းကျော် ပါဝင်တယ်လို့ သိရပါတယ်။
မနက် ၉ နာရီမှာ အင်းတော်-ဗန်းမောက် ကားလမ်းဆုံမှ စတင်ကာ မြို့တွင်း လှည့်လည်ခဲ့ကာ စစ်အာဏာရှင်အစိုးရ အလိုမရှိ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ပြည်ထောင်စု လွှတ်တော်ခေါ်ယူရေး၊ အရေးတော်ပုံ အောင်ရမည် စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
အင်းတော်မြို့တွင်း ရွှေဘို-မြစ်ကြီးနား ကားလမ်းအင်းတော်မြို့အဝင် လမ်းမတစ်လျှောက် လှည့်လည်ပြီး နန်းကင်ကျေးရွာ ဘောလုံးကွင်းမှာ အင်းတော်မြို့သူမြို့သားတွေက စစ်အာဏာရှင်များသို့ သဘောထားကြေညာချက် ၃ ချက်ကို ဖတ်ကြားပြီး ဆန္ဒထုတ်ဖော်ပွဲကို ရုပ်သိမ်းခဲ့ပါတယ်။
စစ်မှန်တဲ့ လူထုဆန္ဒမဲများနှင့် တက်လာတဲ့ ၂၀၂၀ ရွေးကောက်ခံအစိုးရအား အမြန်ဆုံး အာဏာအပ်နှင်းဖို့၊ ဖမ်းဆီးခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားခေါင်းဆောင်များအား အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ လက်ရှိ အတင်းအဓ္ဓမဖွဲ့စည်းနေတဲ့ တိုင်းကောင်စီ/ပြည်နယ်ကောင်စီများအား(လုံးဝ)အမြန်ဆုံး ဖျက်သိမ်း ပေးဖို့ စသည့် အချက် ၃ ကို ဖတ်ကြားခဲ့ပါတယ်။
ကိုကိုလင်း (အင်းတော်)











