DVB Logo
Home
သုံးသပျခကျြ
ဖွဲ့စည်းပုံကိစ္စ ပြည်သူ့ဆန္ဒရယူမည့်အပေါ် အမြင်သဘောထား
DVB
·
September 28, 2013
ဖွဲ့စည်းပုံကိစ္စ ပြည်သူ့ဆန္ဒရယူမည့်အပေါ် အမြင်သဘောထား
Donate to DVB

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မလား၊ အသစ်ရေးဆွဲမလားဆိုတာကို ပြည်သူ့ဆန္ဒ သဘောထားရယူမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီအပေါ် သဘောထားမှတ်ချက် အမျိုးမျိုး ထွက်ပေါ်လာပါတယ်။ တချို့က မဖြစ်နိုင်ဘူး၊ လက်တွေ့မကျဘူးလို့ ဝေဖန်ပြောဆိုသလို တချို့ကလည်း ပြည်သူမှာ ၀န်ထုတ်ဝန်ပိုး ပိုမှာစိုးတယ်လို့ ပြောပါတယ်။

ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ)

“အခြေခံဥပဒေက ပေးထားတဲ့အတိုင်းအတာထဲမှာ မဖြစ်ဘူးလေ။ အခြေခံဥပဒေ မရေးခင်မှာ၊ ပြည်သူ့ဆန္ဒခံယူမယ်ဆိုတာက လက်ရှိတည်ဆဲ အခြေခံဥပဒေကို ကြိုက်ကြိုက် မကြိုက်ကြိုက်၊ လက်ခံခံ၊ မခံခံဆိုတာ ဒီအခြေခံဥပဒေ ဘောင်ထဲမှာပဲ ရှိနေတယ် တရားဝင်ပါတီအနေနဲ့ပေါ့။ တရားဝင်မဟုတ်တဲ့ ပါတီတွေ၊ အုပ်စုတွေအနေနဲ့လည်း အခြေခံဥပဒေဘောင်က ကန့်သတ်ထားတဲ့အတိုင်းပဲ မဟုတ်လို့ရှိရင် လက်ခံနိုင်တဲ့ အစိတ်အပိုင်းတွေရှိမယ်၊ လက်မခံနိုင်တဲ့ အာဏာပိုင်အစိတ်အပိုင်းတွေလည်း ရှိမှာကိုး။ အဲတော့ လက်တွေသိပ်မကျဘူးလို့ ထင်တယ်။ ပြည်သူ့ဆန္ဒကို ခံယူမယ်ဆိုတဲ့အခါကျတော့ ပြည်သူ့ဆီကို ပြဿနာ ပြန်တွန်းပို့လိုက်တာပဲ။ လက်ရှိအနေအထားမှာတော့ လက်တွေ့မကျဘူးလို့ပဲ ကျနော်ထင်တယ်။”

ဦးဇော်သက်ထွေး (စာနယ်ဇင်းကောင်စီအဖွဲ့ဝင်)


“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ အသစ်ပြန်လည်ရေးဆွဲတာကိုတော့ ကျနော်တို့အနေနဲ့ အပြည့်အ၀ လိုလားပါတယ်။ ဒါပေမယ့် ဒီလိုလားချက်က အပိုင်းတပိုင်းပါ။ လက်ရှိနိုင်ငံရေးအခြေအနေမှာ ပကတိအခြေအနေတွေကို လေ့လာသုံးသပ်ပြီးတော့မှ ဖြစ်နိုင်စွမ်းရှိတဲ့ နိုင်ငံရေးအခြေအနေတရပ်ကို ဖန်တီးနိုင်ဖို့က နိုင်ငံရေးသမားတွေအတွက် အဓိကကျပါတယ်။ ၉၀ တုန်းက ကျနော်တို့ ရည်မှန်းချက်နဲ့ လက်တွေ့အခြေအနေတွေမှာ အကောင်အထည်ဖော်နိုင်မှု နည်းပါးတဲ့အတွက်ကြောင့် နှစ် ၂၀ ကျော်လောက် နှောင့်နှေးခဲ့ရတာကို အတွေ့အကြုံ သင်ခန်းစာ ယူဖို့လိုပါတယ်။  တချို့ စိတ်ကူးယဉ်မှုတွေ စိတ်ကူးစိတ်သန်းတွေကိုတော့ လက်တွေ့အခြေအနေနဲ့ ဘယ်လောက်ကွာဟတယ်ဆိုတာကို တိုင်းတာပြီးတော့မှ ဆောင်ရွက်သင့်တယ်လို့ အကြံအဥာဏ်ပေးလိုပါတယ်။
ပြည်သူတွေဟာ ဒီမိုကရေစီနိုင်ငံတခုကိုသွားတဲ့အခါမှာ လိုအပ်တဲ့ ဥပဒေတွေ၊ လက်ရှိ နိုင်ငံရေးအခြေအနေတွေအားလုံးကို သူတို့အနေနဲ့ အသေးစိတ်သိရှိနိုင်တာမျိုး မရှိသေးပါဘူး။ ပြည်သူတွေကို ဒါတွေချပြပြီးတော့မှ ပြည်သူတွေအတွက် ပိုမိုရှုပ်ထွေးစေတဲ့ အနေအထားမျိုး ဖြစ်သွားမှာကို စိုးရိမ်ပါတယ်။ ပြည်သူ့သဘာထားနဲ့ ပြည်သူ့အင်အား ရယူတာဟာလည်း နိုင်ငံရေးသမားတွေအတွက် အလုပ်တခုပါ။ အဲဒီလိုမျိုး အားယူပြီးတဲ့အခါမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်ဖို့ တကယ်အကျိုးရှိ၊ မရှိ သေချာ ဆန်းစစ်သင့်တယ် ထင်ပါတယ်။”

ဒေါက်တာအေးမောင် (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ)

“အဲဒါကတော့ နည်းနည်းစိတ်ကူးယဉ်တယ်ဗျ။ လက်တွေ့လုပ်ဖို့ သိပ်မလွယ်ဘူးလို့ မြင်ပါတယ်။ ပြည်သူ့ဆန္ဒကို ဘယ်လိုကော်မရှင်ဖွဲ့ပြီး ယူမှာတုန်း။ အန်အယ်လ်ဒီမှာ လုပ်ပိုင်ခွင့်ရှိမလားဆိုတဲ့ ပြဿနာပေါ့။ အန်အယ်လ်ဒီပဲ ဦးဆောင်လုပ်တဲ့အခါ တကယ်စစ်မှန်တဲ့ ပြည်သူ့ဆန္ဒရနိုင်မလားဆိုတာကို တခြားပါတီဘက်က တင်လာတော့မယ်လေ။ အသစ်ရေးမလား ပြင်မလားဆိုတာကတော့ စဉ်းစားသုံးသပ်ရမယ့်အပိုင်းကတော့ အန်အယ်လ်ဒီမှာလည်းရှိတယ်။ တိုင်းရင်းသားပါတီတွေမှာလည်း ရှိတယ်။

“ပြည်သူ့ဆန္ဒခံယူမယ်ဆိုတာကို ဘယ်သူတွေက ဦးဆောင်မှာလဲ။ လက်ရှိအစိုးရရော လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအရ ဆွေးနွေးနေကြတဲ့ ပါလီမန်ကရော အသိအမှတ်ပြုနိုင်မလား။ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် စုစည်းမလဲ။ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို ကျနော်တို့ စိတ်ကြိုက် ဖွဲ့စည်းပုံကြီးတခုဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ဆွေးနွေးရမယ့်အပိုင်းက တခုလို့ ထင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ဒီအတိုင်း စွန့်ပစ်လိုက်မလား။ စွန့်ပစ်လိုက်ရင် လက်ရှိ ပါလီမန်နဲ့ ပါလီမန်အတွင်း ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးဆောင်နေတဲ့ ပုဂိုလ်တွေ ဘယ်နားရောက်သွားမလဲ။ ဘယ်လို သွားမလဲ။ ၂၀၀၈ ဖွဲ့စည်းပုံအရ ဖွဲ့စည်းပေးခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆိုတာရှိတယ်။ သူ့ဆီမှာ မှတ်ပုံတင်ထားလို့သာ နိုင်ငံရေးပါတီတွေက မှတ်ပုံတင်ထားတဲ့ တရားဝင်ပါတီဖြစ်တယ်။ ဆက်စပ်မှုကတော့ ၂၀၀၈ ဖွဲ့စည်းပုံက ပင်မဖြစ်နေတယ်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒါကြီးကို အသုံးပြုပြီးတော့ ဒီလို အဖွဲ့အစည်းတွေကို ဖွဲ့စည်းထားတာဖြစ်တဲ့အခါကြတော့ ဒါကြီးကို အသုံးပြုပြီးကာမှ ကျနော်တို့လိုတဲ့ ဖွဲ့စည်းပုံကြီးတခု ယူနိုင်ဖို့လိုတယ်။ အဲဒီလို ယူနိုင်တယ် ဆိုရင်တော့ ၂၅ ရာခိုင်နှုန်း တပ်မတော်သားတွေ အနေအထားကို ဘယ်လို ထည့်ထွက်မလဲ။ တော်တော်လေးကို စဉ်းစားရမယ့် ကာလဖြစ်နေပါတယ်။ ပြသနာတခု ဖြေရှင်းချက်တခုကို တင်တယ်ဆိုတာက အဲဒီဖြေရှင်းချက်ရဲ့နောက်မှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ထည့်တွက်ဖို့ လိုတယ်။ ပြည်သူ့ဆန္ဒခံယူမယ်ဆိုတာ ဖြစ်နိုင်ဖို့ အင်မတန်နည်းပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013