DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံမပြင်ရင် ပြဿနာများမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
September 27, 2013
ဖွဲ့စည်းပုံမပြင်ရင်  ပြဿနာများမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
1 / 2
Donate to DVB

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မျှမျှတတကျင်းပနိုင်ဖို့ဆိုရင်  လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမှာဖြစ်ပြီး မပြင်ဆင်ဘဲကျင်းပရင်တော့ ပြဿနာတွေ ဖြစ်ပွားနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံသတိပေးလိုက်ပါတယ်။
အန်အယ်လ်ဒီဌာနချုပ်မှာ ကျင်းပတဲ့ ပါတီငွေရတုပွဲမှာ  သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောဆိုခဲ့တာပါ။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘူးဆိုရင် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတယ်လို့ ပြောနိုင်မှာမဟုတ်ဘူး။ လွတ်လပ်ရင် လွတ်လပ်လိမ့်မယ်။ လွတ်လွတ်လပ်လပ် မဲထည့်ရင် မဲထည့်နိုင်မယ်။ ဒါပေမယ့် အစကတည်းက မျှတမှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ကျင်းပတဲ့ရွေးကောက်ပွဲဆိုတာ ဘယ်လိုမှ မျှတနိုင်မှာမဟုတ်ဘူး။ အဲဒီတော့ မမျှတတဲ့ ရလဒ်တွေဖြစ်မယ်။ ပြဿနာတွေ အများကြီးပေါ်လာမယ်။”
ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စကို လွန်ခဲ့တဲ့ရက်ပိုင်းက စင်ကာပူခရီးစဉ်တုန်းကလည်း ထုတ်ပြောထားဖူးပါတယ်။

စစ်တပ်က အာဏာပြန်သိမ်းတာမျိုး ဖြစ်နိုင်လားဆိုတဲ့ မေးခွန်းကိုတော့ ဘယ်လိုပြဿနာမျိုးတွေလဲဆိုတာ တိတိကျကျ မပြောနိုင်သေးပေမယ့် မျှတမှုကို အခြေမခံရင် ဘယ်လိုမှ ဒီမိုကရေစီစနစ်မဖြစ်နိုင်ဘဲ အယောင်ဆောင် ဒီမိုကရေစီသာဖြစ်မယ်။။ အယောင်ဆောင်ဒီမိုကရေစီစနစ်နဲ့ ဘယ်လိုလုပ်ပြီး ဒီမိုကရေစီရွေးကောက်ပွဲကို ကျင်းပနိုင်မှာလဲလို့ ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။

လက်ရှိမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်က ပြန်လည်သုံးသပ်ဖို့ ကော်မတီဖွဲ့စည်းဆောင်ရွက်နေသလို လွှတ်တော်ပြင်ပလောကမှာလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဒါမှမဟုတ် ဖွဲ့စည်းပုံကို အသစ်ပြန်လည်ရေးဆွဲမယ်ဆိုတဲ့ ရပ်တည်ချက်တွေဖြစ်နေတာပါ။
လက်ရှိလွှတ်တော်မှာ ပါတီက အမတ်နေရာ ၄၄ နေရာ ရရှိလုပ်ကိုင်နေပြီး ပိုမိုလုပ်ကိုင်နိုင်ဖို့အတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရအောင် လုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အောက်တိုဘာလကုန်ပိုင်းမှာ အစိုးရဘက်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကျင်းပမယ်လို့ ပြောထားတာနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီက ပါဝင်ပတ်သက်မယ့် အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဒေါ်အာင်ဆန်းစုကြည်က အချိန်မတန်ခင် သဘောထားထုတ်ပြောဖို့ မရှိသေးဘူးလို့ ပြောပါတယ်။
“ပထမဦးဆုံး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုတာ ဘာလဲ၊ ဘယ်တော့ဖြစ်မှာလဲ။ ဘယ်ပုံစံနဲ့ဖြစ်မှာလဲ ဆိုတာ အန်တီတို့ မသိဘူး။ ဘယ်တော့ ဖြစ်မယ်ဆိုတာလည်း မသေချာသေးဘူး။ ဘယ်သူမှလည်း တိတိကျကျ မကြေညာသေးဘူး။ ဘယ်လိုပုံစံနဲ့ အပစ်အခတ်ရပ်စဲရေးမှာ ဘာတွေပါမလဲဆိုတာလည်း အန်တီတို့ မသိသေးဘူး။ အဲဒီဟာတွေပေါ်မှာ အခြေခံပြီးတော့ အန်တီတို့ အဖွဲ့ချုပ်ကနေပြီးတော့ မူဝါဒတွေ ချမှတ်ရမှာ။ အဲဒီမူဝါဒပေါ်မှာ အခြေခံပြီးတော့မှ ဘယ်လိုလုပ်မယ်ဆိုတာ ပြောရမှာ။”

မျိုးစောင့်ဥပဒေကို မထောက်ခံဘူးလားဆိုတဲ့ မေးခွန်းအပေါ်ကိုတော့ သူ့အနေနဲ့ နိုင်ငံနဲ့ ပြည်ထောင်စုအကျိုးကို ကြည့်မှာဖြစ်ပြီး တိုင်းပြည်နဲ့ ပြည်ထောင်စုအကျိုးရှိစေမယ်ဆိုရင် ထောက်ခံပြီး အကျိုးမရှိရင် မထောက်ခံဘူးလို့ ဖြေပါတယ်။
ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ငွေရတုအထိမ်းအမှတ်ထုတ် ထုတ်ပြန်တဲ့ စာတမ်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရက အရင်စစ်အာဏာရှင် အစိုးရတို့ရဲ့ လောင်းရိပ်အောက်က ရုန်းထွက်ဖို့ ကြိုးစားလာမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဖိအားနဲ့ စိမ်ခေါ်မှုတွေအပေါ် အခွင့်အလမ်းအဖြစ် ပါးပါးနပ်နပ် ဆုပ်ကိုင်ပြောင်းလဲနိုင်မှုဟာ ပြည်သူတွေအတွက် အားတက်ဖွယ်ဖြစ်ခဲ့ရတယ်လို့ သုံးသပ်ထားပါတယ်။

၂၀၁၁ ခုနှစ် ဩဂုတ်လလယ်ပိုင်းက နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပဏာမ တွေ့ဆုံဆွေးနွေးမှုဟာ နှစ်ပေါင်း ၂၀ ကျော် အေးခဲထုံကျင်နေတဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရေး လမ်းစဖြစ်ခဲ့ပြီး ထာဝရ ရင်ကြားစေ့ရေးကို ဦးတည်စေခဲ့တယ်လို့ သုံးသပ်ထားပါတယ်။

သမိုင်းဝင်ရှစ်လေးလုံး အရေးတော်ပုံအပြီး ထူထောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အချုပ်အခြာအာဏာ ပြည်သူထံက ဆင်းသက်ရေး၊ အာဏာရှင်စနစ်နဲ့ ပြည်သူကို ဖိနှိပ်ချုပ်ချယ်တဲ့ နိုင်ငံရေးစနစ်မျိုး မထွန်းကားစေရေး၊ အခြေခံအခွင့်အရေးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်း အာမခံမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထူထောင်ခဲ့တာဖြစ်ပါတယ်။
ပါတီဌာနချုပ်မှာ ကျင်းပတဲ့ ငွေရတုပွဲကို ပါတီဝင်နဲ့ ပြည်သူ ရာပေါင်းများစွာ တက်ရောက်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013