DVB Logo
Home
မြန်မာသတင်း
သိမ်းထားသည့်မြေယာများ အစိုးရသက်တမ်းအတွင်း ပြန်ပေးမည်
DVB
·
September 27, 2013
သိမ်းထားသည့်မြေယာများ အစိုးရသက်တမ်းအတွင်း ပြန်ပေးမည်
1 / 2
Donate to DVB

မြန်မာနိုင်ငံတ၀န်း ဒေသခံတောင်သူလယ်သမားတွေဆီကနေ  စစ်တပ်၊ အစိုးရဌာန ဆိုင်ရာတွေနဲ့ ကုမ္ပဏီတွေက သိမ်းယူထားတဲ့ လယ်ယာမြေတွေကို ကျန်ရှိနေတဲ့ ဦးသိန်စိန်အစိုးရ သက်တမ်း ၂ နှစ်ကျော်အတွင်း ပြန်ရအောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးတွေက နေပြည်တော် ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက “သမ္မတကြီးတာဝန်ရှိတဲ့ အစိုးရလက်ထက်မှာ ပြီးပြတ်အောင် ကျနော်တို့ လုပ်သွားမှာပါ။ နောက်နောင်လည်း အဲဒီလိုမဖြစ်အောင် တခုခုလုပ်တော့မယ်ဆိုရင် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာမယ်။ မူလပိုင်ရှင်တွေနဲ့ ကျေလည်အောင် ညှိနှိုင်းမယ်။ သူတို့ မလွဲမသွေနစ်နာမယ်ဆိုရင် နစ်နာကြေးကို ခေတ်ကာလနဲ့အညီ သူတို့မဆုံးရှုံးအောင် ညှိနှိုင်းဆောင်ရွက်မယ်ဆိုလို့ရှိရင် ပြဿနာသိပ်ပြီးတော့ မရှိနိုင်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် တက်နိုင်သမျှတော့ ပြည်သူလူထုနဲ့ ပတ်သက်တဲ့မြေတွေကို ကျနော်တို့ သိမ်းယူဖို့ အစီအစဉ်မရှိပါဘူး။ မရှိတဲ့အပြင် သစ်တောမြေတွေဆိုရင်တောင်မှ မြေမဲ့ယာမဲ့ အလုပ်အကိုင်မဲ့တဲ့သူတွေကို ပေးဖို့ ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

စစ်အစိုးရလက်ထက် ကုမ္ပဏီတွေ သိမ်းဆည်းထားတဲ့ မြေတွေရယ်၊ နိုင်ငံတော်တိုးတက်ရေးအတွက် သိမ်းထားတဲ့မြေတွေရယ်၊ စက်ရုံတွေ တည်ဆောက်ဖို့ သိမ်းထားတဲ့ မြေယာသိမ်းမှုပေါင်း ၇၄၅ မှု လွှတ်တော်ကို တင်ထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်က “သက်ဆိုင်ရာ ၀န်ကြီးဌာနက၊ ဒါမှမဟုတ် ကုမ္ပဏီက သူဆက်သုံးချင်တယ်ဆိုရင် ခိုင်မာတဲ့အထောက်အထားပြရမယ်၊ ဒီအထောက်အထားကို ကော်မတီက လက်ခံတယ်ဆိုရင် ဆက်သုံးမယ်၊ သူလည်း အသုံးမပြုတော့ဘူး၊ ပိုနေတဲ့ဟာဆိုရင် ပြန်စွန့်လွှတ်ရမယ်။ အရင်တုန်းက နိုင်ငံတော်က အမိန့်ထုတ်သိမ်းထားတော့ နိုင်ငံတော်ဆီ ပြန်ရောက်မယ်။ ပြန်ရောက်ရင် လယ်မြေဆို လယ်မြေကို စီမံခန့်ခွဲတဲ့ နေရာကို ပြန်မယ်။ ပိုင်ရှင်ရှိပါတယ်ဆိုတဲ့သူတွေက ရပ်ကွက်ကျေးရွာတွေအဆင့်တွေမှာ ပြန်တင်၊ မြေလွှတ်မြေရိုင်းဆိုရင် မြေလွတ်မြေရိုင်းနဲ့ စီမံခန့်ခွဲမယ်။ စားကြက်မြေဆိုရင်လည်း ကော်မတီက ဆုံးဖြတ်မယ်။”

အခုလက်ရှိ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး အသိမ်းခံရတဲ့လယ်မြေတွေကို မူလပိုင်ရှင်တွေကို ပြန်ပေးသွားမှာဖြစ်ပြီး သိမ်းထားတဲ့လယ်မြေတွေအပေါ်မှာ စက်ရုံတွေ ဆောက်နေတယ်ဆိုရင်လည်း အဲနေရာအတွက် လျော်ကြေးပေးသွားမယ်လို့ ဆိုပါတယ်။

စီမံကိန်း ဆက်လက်အကောင်အထည်မဖော်တဲ့ မြေတွေကိုလည်း မူလပိုင်ရှင်တွေထံ ပြန်ပေးသွားမယ်လို့ ပြောပါတယ်။

လယ်ယာမြေ အသိမ်းခံထားရတဲ့သူတွေအနေနဲ့ နိုင်ငံတ၀န်းမှာ ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မတီထံ အထောက်အထား ခိုင်လုံစွာနဲ့ တင်ပြကြဖို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013