
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ Famous ယာဉ်လိုင်းက ဂိတ်မှူးတယောက်နဲ့ ကြယ်တံခွန်ယာဉ်လိုင်းက ဂိတ်မှူးတယောက်ကို စစ်တပ်က ဖမ်းဆီးသွားပြီး တယောက်ပြန်လွတ်လာပေမဲ့ နောက်တယောက် ကတော့ မိသားစုနဲ့ပါ အဆက်အသွယ်ပြတ်နေတယ်လို့ ယာဉ်လိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဂိတ်မှူးတွေကို PDF နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး စက်တင်ဘာ ၂၂ ရက်နေ့မှာ စစ်တပ်က ဖမ်းဆီးသွားခဲ့တာပါ။
စစ်သား၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဟာ မွန်းလွဲ ၂ နာရီလောက်မှာ ကားကြီးဝင်းရှေ့ကို ယာဉ် အကြီးအသေး ၁၀ စီးနဲ့ ရောက်လာခဲ့ပြီး ကားကြီးဝင်း ဝင်ပေါက်၊ ထွက်ပေါက်ကို ပိတ်ဆို့ပြီးနောက် Famous ကားအသင်းက အသက် ၃၀ ကျော်အရွယ် ဂိတ်မှူး ကိုမောင်ကျော်နဲ့ ကြယ်တံ ခွန်ယာဉ်လိုင်းက အသက် ၄၀ ကျော်အရွယ် ဂိတ်မှူး ဒေါ်ကေသီမော်တို့ကို ဖမ်းဆီးသွားတာ လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့တုန်းက ဘုရင် ခရီးသည်တင်ကားဂိတ်မှာ PDF ရဲ့ ဇနီးဖြစ်သူကို ကားလက်မှတ်ရောင်းပေးခဲ့တယ်ဆိုတဲ့ အမှုနဲ့ဆက်စပ်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးတာလို့ သိရပါတယ်။
စက်တင်ဘာ ၂၃ ရက် ညနေပိုင်းမှာ ကြယ်တံခွန်ယာဉ်လိုင်းက ဂိတ်မှူး အမျိုးသမီး ပြန်လွတ် လာခဲ့ပေမဲ့ Famous ယာဉ်လိုင်းက ဂိတ်မှူးအမျိုးသားကတော့ မလွတ်လာသေးသလို မိသားစု နဲ့တွေ့ခွင့်မရဘဲ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ နီးစပ်သူတယောက်က အတည်ပြု ပါတယ်။
ယာဉ်လိုင်းနဲ့ နီးစပ်သူတယောက်က “ပြီးခဲ့တဲ့လက ဘုရင်ကား အမှုနဲ့ ဆက်စပ်တယ်ဆိုပြီး တိုင်ကြားခံရလို့ ဖမ်းတာလို့ ကြားပါတယ်။ သူတို့နှစ်ယောက်က ဒီကားဝင်းထဲမှာ လူရော၊ ကုန်ပါ အလုပ် မတရားဖြစ်တာပါ။ ဝန်ဆောင်မှုကောင်းတော့ ဘယ်သူပဲသွားသွား၊ ဘာပဲတင်တင် သူတို့ကားတွေကိုပဲ အားကိုးကြတာပါ။ အလုပ်ဖြစ်တော့ တိုင်လိုက်တာဖြစ်နိုင်ပါတယ်။ တယောက်ကတော့ နောက်ရက်ပြန်လွတ်လာပေမဲ့ တယောက်ကိုတော့ ဘယ်မှာ ထိန်းသိမ်းထားမှန်း မသိရသလို တွေ့ခွင့်လည်း မရပါဘူး” လို့ ပြောပါတယ်။
စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းကလည်း စစ်တပ်လှည့်ကင်းက ရွှေဘိုမြို့၊ ဈေးကြီး တောင်ဘက် လမ်းမှာ သွားလာနေတဲ့ လူငယ် ၆ ယောက်နဲ့ ဦးပေလူး ဇရပ်ကားဂိတ်က သက်ကြီးပိုင်း အမျိုးသားတွေ အပါအဝင် ၈ ယောက်လောက်ကို အစစ်အဆေး အမေးအမြန်းမရှိဘဲ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
PDF တပ်ဖွဲ့ဝင်တယောက်ရဲ့ဇနီးကို ကားလက်မှတ်ရောင်းပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဘုရင် ခရီးသည်တင်ကားအသင်း လက်မှတ်အရောင်းဌာနက ဂိတ်မှူးနဲ့ အရောင်းစာရေးမ ၂ ယောက် တို့ကို ပြီးခဲ့တဲ့ ဩဂုတ်လမှာ စစ်တပ်ကဖမ်းဆီးခဲ့ပြီး ဘုရင် ကားအသင်း လက်မှတ်အရောင်းဌာနကို ချိပ်ပိတ်ခဲ့သလို ရွှေဘို-ရန်ကုန် ပြေးဆွဲခွင့်ကိုလည်း ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။










