စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးနဲ့ ချင်းမိုင်မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ရှေ့မှာ မနေ့ည က ဆန္ဒပြခဲ့ကြပါတယ်။
ချင်းမိုင်- မြန်မာကောင်စစ်ဝန်ချုပ်ရုံးရှေ့မှာ ဆန္ဒပြသူတွေဟာ လက်ကိုင်ဖုန်း မီးတွေ ပြိုင်တူဖွင့်ထားပြီး ကမ္ဘာမကြေဘူး သီချင်းနောက်ခံမှာ “အာဏာရှင်စနစ် ကျဆုံးရမယ်၊ ပြည်သူတွေ အောင်မြင်ရမယ်” ဆိုတဲ့ စာတန်းပါ ဆိုင်းဘုတ်၊ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံနဲ့ ကြက်ခြေခတ်ထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဓာတ်ပုံတွေ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ပါတယ်။
“လက်နက်အားကိုးနဲ့ အနိုင်ကျင့်အာဏာသိမ်းတဲ့ယဉ်ကျေးမှုကို ပြင်းထန်စွာဆန့်ကျင်ရှုတ်ချ တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံး ပြန်လွှတ်ပေးပါ၊ နေပြည်တော်စည်ပင်ရိပ်သာက လွှတ်တော်ကိုယ်စားလှယ်တွေ ဒီကနေ့အစည်းအဝေး လုပ်တာကို ထောက်ခံတယ်” လို့လည်း ကြွေးကြော်ခဲ့ပါတယ်။
အဲဒီနောက် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ညီညွတ်မှုအဓိပ္ပာယ်ဆောင် လက်သုံးချောင်း ထောင်တဲ့ ပိုစတာ၊ အာဏာရှင်စနစ်ဆန့်ကျင်တဲ့ ပုံတွေပါထောင်ပြီး ဒန်အိုးဒန်ခွက်တွေ တီးခတ်ခဲ့သလို ထိုင်းနဲ့ နိုင်ငံခြားသားအချို့ကလည်း စစ်အာဏာရှင်အလိုမရှိ မြန်မာပြည်လွတ်မြောက်ပါစေ ဆိုတဲ့ကြွေးကြော်သံကို ထိုင်းလိုရော အင်္ဂလိပ်ဘာသာနဲ့ပါ အော်ဟစ်ခဲ့ကြပါတယ်။
အနီးနားမှာ ချန့်ဖိုတ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေ အယောက် ၃၀ လောက် လာစောင့်နေပြီး အခုလိုလူစုလူဝေးလုပ်တာဟာ ကိုဗစ်-၁၉ ဥပဒေကို ဆန့်ကျင်ပြီး ဆူညံသံပြုတာဟာလည်း အနီးနားနေပြည်သူတွေကို နှောင့်ယှက်ရာရောက်ကြောင်း စပီကာနဲ့ အော်ဟစ်သတိပေးခဲ့ပါတယ်။
အလားတူ ဘန်ကောက်မြန်မာသံရုံးရှေ့မှာလည်း ထိုင်းရောက်မြန်မာ အင်အား ၅၀ ကျော် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ဖယောင်းတိုင်ထွန်းညှိတာ၊ မိမိလက်ကိုင်ဖုန်းပါ မီးတွေပြိုင်တူဖွင့်တာတွေ၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတွေ ကိုင်ဆောင်ကာ အန်အယ်လ်ဒီအစိုးရကို ထောက်ခံကြောင်း၊ တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသခဲ့ပါတယ်။
အချို့ကလည်း လက် ၃ ချောင်းထောင်ပြီး တပ်မတော်က ဖမ်းဆီးထားတဲ့ အန်အယ်လ်ဒီအစိုးရခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့ ဒီမိုကရေစီပြန်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြမှုမှာ ထမဆတ်တက္ကသိုလ်မဟာမိတ်အဖွဲ့နဲ့ ထိုင်းနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများမဟာမိတ်က အဖွဲ့ဝင်တချို့ပါရောက်လာပြီး စစ်အာဏာရှင်အားဆန့်ကျင်သော မြန်မာပြည်က ကျန်းမာရေး ဆေးဘက်ဆိုင်ရာဝန်ထမ်းနဲ့တကွ မြန်မာပြည်သူတွေနဲ့အတူရပ်တည်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဆန္ဒပြတဲ့နေရာကို ယန်နာဝါနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ လာရောက်စောင့်ကြည့်ပြီး မိနစ် ၂၀ လောက်ခွင့်ပြုကာ ပြန်ခိုင်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက် ညနေပိုင်းက ဘန်ကောက်သံရုံးရှေ့ဆန္ဒပြမှုမှာတော့ ဆန္ဒပြပွဲအပြီး ထိုင်းရဲတွေနဲ့ ဆန္ဒပြသူကြား ရုန်းရင်းဆန်ခတ်ရှိခဲ့လို့ ဆန္ဒပြသူ ၃ ဦး အဖမ်း ခံခဲ့ရပါတယ်။
ကိုးကား - ထိုင်းရတ် / ထိုင်းပီဘီအက်စ်