
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် လွှတ်တော်ဥက္ကဋ္ဌကတော့ ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း နိုင်ငံတော် သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သလို တိုင်းနဲ့ပြည်နယ် အသီးသီးက ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
ဖမ်းဆီးထိန်းသိမ်းတဲ့နေ မနက်ပိုင်းမှာတင် လွှတ်တော်ကိုယ်စားလှယ်အချို့ကို ပြန်လွှတ်ပေးခဲ့သလို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာတော့ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ လွှတ်တော်ဥက္ကဋ္ဌ အချို့ကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ကတော့ DVB က ဆက်သွယ်မေးမြန်းတဲ့အခါမှာ စစ်တပ်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတုန်းပဲလို့ ပြောပါတယ်။
“ကျန်တာတော့ ကျနော် ပြောလို့မရသေးပါဘူး၊ ခုချိန်ထိ ကျနော့်ကို ထိန်းသိမ်းထားပါတယ်၊ ကျနော် ဘာမှ မှတ်ချက်ပေးလို့ မရသေးပါဘူး” လို့ ပြောပါတယ်။
တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ဟာ စစ်အာဏာသိမ်းတဲ့နေ့ ဖေဖော်ဝါရ ၁ ရက်နေ့ မနက်အစောပိုင်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး ခုချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့ ဝန်ကြီးတွေကို ဖေဖော်ဝါရီလ ၂ ရက်နေ့က ဝန်ကြီးများအိမ်ရာကို ပြန်ပို့ခဲ့ပြီး အကျယ်ချုပ်ထားရှိကာ ၃ ရက်အတွင်း နေအိမ်တွေကနေ ဖယ်ရှားပေးဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။
မင်းထက်မုန်း(ပုသိမ်)











