
၂၀၂၇ ခုနှစ်အတွင်း မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပသွားမယ်လို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပြောပါတယ်။
ဒီကနေ့ ဇူလိုင် ၃၁ ရက်၊ စစ်အာဏာရှင်အစိုးရ သက်တမ်း ရက် ၁၀၀ ပြည့် စစ်အာဏာရှင် ဩဇာခံ ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားတဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲအဖြစ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ်အတွင်း ၁၀၂ မြို့နယ်မှာ မဲအများဆုံးရသူ အနိုင်ယူ FPTP စနစ်နဲ့ ကျင်းပမယ်လို့ စစ်အာဏာရှင်က ပြောဆိုခဲ့တာပါ။
ပြည်ထောင်စုအစိုးရဖွဲ့စည်းအပြီး လစ်လပ်သွားတဲ့ နေရာတွေနဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပသွားမှာလို့ ဆိုပါတယ်။
အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၈၉ နယ်၊ အမျိုးသားလွှတ်တော် ၁၅ နယ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆၈ နယ်၊ စုစုပေါင်း ၁၇၂ နေရာကို မြို့နယ် ၁၀၂ မြို့နယ်မှာ မဲအများဆုံးရသူ အနိုင်ယူစနစ်နဲ့ ကျင်းပသွားမယ်လို့ ပြောပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ လက်ရှိအချိန်မှာ ကြိုတင်ပြင်ဆင်မှုတွေအဖြစ် မဲဆန္ဒရှင်စာရင်းပြုစုတာနဲ့ မဲပေးစက်တွေ ဖြန့်ခွဲတာ အပါအဝင် ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်တွေကို စနစ်တကျ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ အဓိက နိုင်ငံရေးပါတီကြီးတွေ ဝင်မပြိုင်ဘဲ သပိတ်မှောက်ထားခဲ့ပြီး နိုင်ငံရေးပါတီပေါင်း ၅၃ ပါတီ ဝင်ပြိုင်ခဲ့ရာမှာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ၁,၀၀၀ ကျော် အနိုင်ရရှိကာ အစိုးရဖွဲ့ခဲ့ပါတယ်။
ဒီရွေးကောက်ပွဲကိုရော ဒီရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ လွှတ်တော်နဲ့ စစ်အာဏာရှင်အစိုးရကိုပါ ပြည်တွင်းက ဒီမိုကရေစီအင်အားစုတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းက အတုအယောင်အဖြစ် သတ်မှတ်ပြီး အသိအမှတ်ပြုခြင်း မရှိပါဘူး။










