
တပ်မတော်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ထိန်းသိမ်းထားတဲ့ မွန်ညီညွတ်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးဟာ ဖေဖော်ဝါရီ ၃ ရက်နေ့ မနက်ပိုင်းမှာ နေရပ်ပြန်လာကြပြီးလို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက DVB ကို ပြောပါတယ်။
မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်တွေဟာ တတိယအကြိမ် လွှတ်တော် အစည်းအဝေး တက်ဖို့ နေပြည်တော်ကို သွားရောက်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထိန်းသိမ်းခံလိုက်ရတာပါ။
“ကျနော်တို့ ပါတီက ကိုယ်စားလှယ်တွေ ဒီမနက်ပဲ နေပြည်တော်က ဆင်းလာပြီ ပြောတယ်၊ ညနေလောက်ဆိုရင် ပြန်ရောက်ပါပြီ” လို့ နိုင်လယိတမက ဆိုပါတယ်။
ဒါပေမယ့် မွန်ပြည်နယ် အစိုးရအဖွဲ့မှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာမင်းကြည်ဝင်းနဲ့တော့ ဒီနေ့အချိန်အထိ အဆက်သွယ်မရသေးဘူးလို့ ပြောပါတယ်။
ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းကို ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းမှာ တပ်မတော်က မော်လမြိုင်ရှိ မွန်ပြည်နယ် အစိုးရအိမ်ရာကနေ လာရောက် ခေါ်ဆောင်သွားတာပါ။











