Home
မြန်မာသတင်း
အာဏာသိမ်းမှုမြောက်ဟု အမေရိကန်အတည်ပြု၊ မြန်မာကို ပေးမည့်အကူအညီများရပ်ဆိုင်းမည်
DVB
·
February 3, 2021

နိုင်ငံ​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းမှုဟာ အာဏာသိမ်းမှုမြောက်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်မှာ  တရားဝင် အတည်ပြုပါတယ်။

“အချက်အလက်တွေနဲ့အခြေအနေတွေကို ဂရုတစိုက် သုံးသပ်ကြည့်တဲ့အခါမှာ အာဏာရ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရားနည်းလမ်းတကျ ရွေးချယ်ထားတဲ့ သမ္မတတို့ကို စစ်တပ်က အာဏာသိမ်းမှုနဲ့ ဖြုတ်ချခဲ့တယ်ဆိုတာကို တွေ့ရှိရပါတယ်”လို့ အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ဒီမတိုင်ခင်မှာ ဖမ်းဆီးခံထားရတဲ့ အစိုးရခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တွေကို ​ခြွင်းချက်မရှိ ပြန်လွှတ်ပေးနဲ့ စစ်တပ်က အာဏာကို ချက်ချင်း စွန့်လွှတ်ဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က တောင်းဆိုခဲ့ပါတယ်။

တချိန်တည်းမှာ အမေရိကန် အစိုးရဟာ မြန်မာပြည်က  အဖြစ်အပျက်ကို စစ်တပ်အာဏာသိမ်းမှုအဖြစ် တရားဝင် ခေါ်ဆိုဖို့ ချင့်ချိန်နေခဲ့ပြီး ဥပဒေကြောင်းအရ စိစစ်နေတယ်လို့ ပြောခဲ့ပါတယ်။

အခုတော့ ဥပဒေကြောင်းအရ အတည်ပြုလိုက်တာကြောင့် အမေရိကန် အစိုးရက မြန်မာအစိုးရကို ထောက်ပံ့နေတဲ့ အကူအညီတွေ ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ ဒီထဲမှာ လူသားချင်းစာနာမှု အကူအညီတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေအတွက်ပေးတဲ့အကူအညီတွေ မပါဝင်ပါဘူး။

၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း  အမေရိကန် အစိုးရက မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၃၅ သန်း ထောက်ပံ့ပေးခဲ့ပြီး အနည်းငယ်လောက်ပဲ အစိုးရအတွက် ပါဝင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဆိုပါတယ်။ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေကြောင့် အကူအညီတွေကို အရင်ကတည်းက ကန့်သတ်ထားခဲ့ပါတယ်။

နောက်ထပ် စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်နဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီအတွေအပေါ် ဒဏ်ခတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာဖွယ်ရှိပါတယ်။

စစ်တပ် အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန်ဝေဖန်နေတဲ့ ဆီနိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မစ်ချ်မက်ကော်နယ်ဆီကို သမ္မတ ဂျိုးဘိုင်ဒင်က ဖုန်းခေါ်ပြီး အကြံဉာဏ်တောင်းခဲ့တယ်လို့ မက်ကော်နယ်က သတင်းထောက်တွေကို ပြောပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုထဲမှာမပါသေးတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အပြင်းထန်ဆုံး ဒဏ်ခတ်ပိတ်ဆို့သွားဖို့အတွက် လွှတ်တော်မှာ ပါတီ နှစ်ရပ်စလုံးက သဘောတူညီသင့်တယ်လို့ မက်ကော်နယ်က ဆိုပါတယ်။ မက်ကော်နယ်ဟာ ၂၀၁၂ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကား ခရီးစဉ်မှာ ကန်တက်ကီပြည်နယ်က သူ့နေအိမ်ဆီက ဖိတ်ခေါ် ကြိုဆိုခဲ့သူဖြစ်ပါတယ်။

အင်္ဂါနေ့မှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးပေမယ့် ဘာဆုံးဖြတ်ချက်မှ ထွက်ပေါ်မလာခဲ့ပါဘူး။ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျသဘာပတိ ဗြိတိန်နဲ့ တခြား အဖွဲ့ဝင်တွေက အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဝေဖန်ပေမယ့် တရုတ်အစိုးရက ဝေဖန်ဖို့ တွန့်ဆုတ်နေခဲ့တယ်လို့ ကုလသမဂ္ဂ သံတမန်တစ်ယောက်က ဆိုပါတယ်။

အစည်းအဝေးမတိုင်ခင်မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ကုလသသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ အခြေအနေတွေကို ပိုပြီး ရှုပ်ထွေး ဆိုးရွားသွားတာမျိုးမဖြစ်အောင် ရှောင်ကြဉ်သင့်တယ်လို့ ဘေဂျင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီအတောအတွင်း စစ်အစိုးရအပေါ် နောက်ထပ် ကျယ်ပြန့်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆောင်ရွက်ဖို့ အမေရိကန် အစိုးရက ကြိုးပမ်းနေပါတယ်။ 

အမေရိကန်ရဲ့ စီးပွားရေးအရ အရေးယူမှုနဲ့အတူ အာရှနိုင်ငံတွေ ဖြစ်တဲ့ ဂျပန်၊ စင်ကာပူ၊ တောင်ကိုရီးယားတို့လို့ မြန်မာနဲ့ စီးပွားရေးအရ ဆက်နွှယ်မှု ကြီးမားတဲ့ နိုင်ငံတွေပါ လိုက်ပါနိုင်မယ်ဆိုရင် ထိရောက်မှု ရှိမယ်လို့ သံတမန်အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

ကိုးကား- အေဂျင်စီသတင်းများ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024