DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်စစ်အာဏာသိမ်းမှုအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကြေညာချက်မထုတ်နိုင်
DVB
·
February 3, 2021
မြန်မာပြည်စစ်အာဏာသိမ်းမှုအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကြေညာချက်မထုတ်နိုင်
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကို ဖေဖော်ဝါရီ ၂ ရက်မှာ အွန်လိုင်းကနေ ကျင်းပရာမှာ အဖွဲ့ဝင်နိုင်ငံတွေ အားလုံးသဘောတူ ကြေညာချက် ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိပါဘူး။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအမြန်ဆုံးပြန်လည်ဖော်ဆောင်နိုင်ရေး လုပ်ဆောင်ဖို့   မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာနာဘာဂျီနာက အရေးပေါ်အစည်းအဝေးမှာတိုက်တွန်းခဲ့ပေမဲ့ လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်မှုတွေ ချက်ခြင်းမလုပ်ဆောင်နိုင်ခဲ့ဖူးလို့ အေပီသတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို  အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ မစ္စ ဘာဂျီနာက ပြောကြားခဲ့ပြီး လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကို အားပေးထောက်ခံကြောင်း ရှင်းရှင်းလင်းလင်းပြသကြဖို့နဲ့ မြန်မာနိုင်ငံကို အထီးကျန်နိုင်ငံ အဖြစ် ပြန်မဖြစ်စေရေး သေချာအောင်ဆောင်ရွက်စေချင်တယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲအပြီး မီဒီယာတွေထံ ထုတ်ပြန်ဖို့ ပြင်ဆင်ထားတဲ့ ကြေညာချက် မူကြမ်းထဲမှာ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးက အဓိကပါဝင်ပြီး စစ်အာဏာသိမ်းတာကို ရှုတ်ချတာနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ချက်ချင်းလွှတ်ပေးဖို့ ပါဝင်ပါတယ်။ 

ဒါပေမဲ့ ဒီကြေညာချက်ထုတ်ပြန်ဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံရဲ့ ထောက်ခံမှု လိုအပ်ရာမှာ တရုတ်နဲ့ ရုရှားသံတမန်တွေက ဒီကြေညာချက်ကို ပြန်လည်သုံးသပ်ဖို့  သူတို့ရဲ့နိုင်ငံအစိုးရတွေဆီ ပြန်တင်ပြဖို့လိုတယ်လို့ပြောတဲ့အတွက် ကြေညာချက်ကို  ထုတ်ပြန်နိုင်ခြင်းမရှိဘူးလို့ အမည်မဖော်လိုတဲ့ သံတမန်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြပါတယ်။

လက်ရှိ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ သဘာပတိ ဗြိတိန် သံအမတ်ကြီး ဘာဘရာဝုဝါ့ဒ်ကတော့ စစ်တပ်ရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက စိုးရိမ်ပူပန်နေတယ်ဆိုတာတော့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ထင်ဟပ်နေတယ်လို့  ပြောပါတယ်။

နောက်တဆင့်အနေနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေအကြားမှာ ဆက်လက်ပြီး ဆွေးနွေးတိုင်ပင်သွားမှာ ဖြစ်ပြီး အားလုံး တစ်သံတည်းထွက်အောင်လုပ်နိုင်လိမ့်မယ်လို့ အသေအချာ မျှော်လင့်တယ်လို့လည်း ဗြိတိန်သံအမတ်က ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီရိုဂူတာရပ်စ်ကတော့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ တခြား နိုင်ငံရေးခေါင်းဆောင်တွေ အဖမ်းခံရမှုကို အပြင်းအထန် ပြစ်တင်ရှုံ့ချတယ်လို့ ဆွေးနွေးပွဲ မတိုင်ခင် ပြောထားပါတယ်။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာ အားလုံးကို စစ်တပ်ကို လွှဲပေးတယ်ဆိုတဲ့ ကြေညာချက် အပေါ်အကြီး အကျယ် စိုးရိမ်ကြောင်း၊ လက်ရှိဖြစ်ထွန်းမှု တွေဟာ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို အပြင်းအထန် ထိုးနှက်လိုက်တာ လို့လည်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ စတက်ဖနီ ဒူဂျာရစ်က ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ ပြောပါတယ်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ မြန်မာစစ်တပ်ကသိမ်းယူထားတဲ့ အာဏာကို ချက်ချင်းစွန့်လွှတ်ဖို့နဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းထားပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံ တိုးတက်မှုတွေအပေါ်အခြေခံပြီး ပြန်လည်ရုပ်သိမ်းပေးခဲ့တဲ့ အရေးယူပိတ်ဆို့မှုတွေကိုလည်း အမြန်ဆုံးပြန်လည်သုံးသပ်ပြီး သင့်တော်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ရမယ်လို့ သမ္မတဂျိုးဘိုင်ဒင်က ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝန်ဝန်ဘင်က နိုင်ငံတကာအသိုက် အဝန်းက ဘယ်လို အရေးယူဆောင်ရွက်မှုတွေလုပ်ပါစေ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုရေး တည်ငြိမ်ဖို့အောင်၊ ငြိမ်းချမ်းရေးနဲ့ရင်ကြားစေ့ရေး တိုးတက်အောင်လုပ်ဖို့ကြဖို့နဲ့  ပဋိပက္ခပိုတိုးလာပြီး အခြေအနေရှုပ်ထွေးအောင်မလုပ်ဖို့လိုတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဘက်အားလုံးက  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေမူဘောင်အတွင်း သဘောထားကွဲလွဲမှုတွေကို ကောင်းမွန်စွာ ဖြေရှင်းပြီး နိုင်ငံရေးနဲ့ လူမှုရေး တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ကြောင်း လည်းပြောပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ အရင်ကလည်း ဆွေးနွေးမှုတွေ လုပ်ခဲ့ဖူးပေမယ့် ဗီတိုအာဏာရှိတဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုတွေကြောင့် အောင်မြင်ခဲ့တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013