DVB Logo
Home
မြန်မာသတင်း
စစ်တပ်အာဏာသိမ်းမှု ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ညီညွတ်ခြင်းမရှိဟု ဥပဒေပညာရှင်သုံးသပ်
DVB
·
February 2, 2021
စစ်တပ်အာဏာသိမ်းမှု ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ညီညွတ်ခြင်းမရှိဟု ဥပဒေပညာရှင်သုံးသပ်
Donate to DVB

တပ်မတော်က  နိုင်ငံတော် အာဏာကို သိမ်းယူလိုက်တာဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေနဲ့ ညီညွတ်ခြင်းမရှိသလို  နိုင်ငံတော်ပုန်ကန်မှု မြောက်တယ်လို့ ဥပဒေပညာရှင် အသိုင်းအဝန်းက သုံးသပ် ပြောကြားလိုက်ပါတယ်။

ရွေးကောက်ခံသမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အန်အယ်လ်ဒီအစိုးရခေါင်းဆောင်တွေကို ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်း ဖမ်းဆီးထိန်းသိမ်းကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က  “သမ္မတကြီးဦးဝင်းမြင့် အိမ်မှာရှိနေလျက်နဲ့၊ တာဝန်ထမ်းဆောက်နေလျက်နဲ့ ဦးဝင်းမြင့်ကို ထုတ်ပယ်လိုက်ပြီ ဆိုတာလည်း ခုထက်ထိမကြေညာသေးဘူး။  ဒုသမ္မတဦးမြင့်ဆွေက သူ့ဆီက အာဏာတွေကို ဘယ်လိုနည်းနဲ့ ယူတာလည်း၊  အဲ့မှာထဲက မညီတော့ဘူး ၂၀၀၈ မှာက နိုင်ငံတော်သမ္မတဦးဆောင်မှုနဲ့ ကာလုံခေါ်ရမယ် အဲ့ကာလုံအစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးတွေအစုံအညီ မတက်ရောက်နိုင်ဘူး ဆိုရင်တောင်မှပဲ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် ဒုကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး လေးယောက်တက်ရမယ်။ အဲ့ဒါမှ အတည်ဖြစ်တာ အဲ့မှာ သမ္မတတက်မှ အတည်ဖြစ်တာ။ နောက်ပြီးတော့  ဥပဒေနဲ့မညီညွတ်တဲ့သမ္မတက ဦးဆောင်လို့လည်း မရဘူး။ အခုခေါ်တဲ့ ကာလုံအစည်းအဝေးက ဥပဒေနဲ့မညီညွတ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ သိမ်းတယ်ဆိုတာ လုံးဝ လုံးဝ လုံးဝမဟုတ်ဘူးဆိုတာအတိအကျပြောတယ်” လို့ ပြောပါတယ်။ 

အလားတူ ဥပဒေပညာရှင် ဦးဌေးကလည်း “အခုလို အာဏာသိမ်းတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီပါဘူး။ မညီဘူးဆိုတာက ဒီ အရေးပေါ်ကာလ ဥပဒေမှာပြဋ္ဌာန်း ထားတာက ပုဒ်မ ၄၂၇ ၊ ၄၁၈ ဆောင်ရွက်ချက်တွေက နိုင်ငံတော်သမ္မတက ဆောင်ရွက်ရတာလေ။ နိုင်ငံတော် သမ္မတဆိုတာ ဖွဲ့စည်းပုံအရ သူက ကာလုံရဲ့ဦးဆောင်သူ ဖြစ်နေတယ်။ တစ်ဘက်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ရဲ့အကြီးအကဲပဲ။ အစိုးရအဖွဲ့ရဲ့ အကြီးအကဲပဲ။  အဲလို ဆောင်ရွက်ရတာကိုက ဆန့်ကျင်နေတာပေါ့။ အခုက ယာယီသမ္မတက ဥပဒေအာဏာတည်သော အမိန့်ထုတ်တယ်လို့ဆိုတယ် ယာယီသမ္မတမှာ အဲ့ဒီလုပ်ကိုင်ခွင့် အာဏာပေးထားတာမရှိဘူး။” လို့ ပြောပါတယ်။

တပ်မတော်ကတော့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းက  နိုင်ငံတော် သမ္မတအိမ်တော်မှာ   ကျင်းပပြီး အာဏာသိမ်းယူခဲ့တာဖြစ်ပါတယ်။ 

အာဏာသိမ်းယူရာမှာ ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ    ၄၁၇ အရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး ပုဒ်မ  ၄၁၈၊  ပုဒ်မခွဲ(က)အရ     နိုင်ငံတော်ရဲ့    ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတို့ကို  နိုင်ငံတော်ယာယီ သမ္မတ ဦးမြင့်ဆွေက   တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ထံ  လွှဲအပ်တာဝန်ပေးအပ်ခဲ့တာလို့လည်း တပ်မတော်က  ကြေညာထားပါတယ်။

 တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ တပ်မတော်က ဥပဒေနဲ့ မညီဘဲ အာဏာသိမ်းပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပျက်သွားပြီလို့ ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဘယ်ညီမလဲ အခုအာဏာသိမ်းတာက ၁၉၆၀ နှစ်နဲ့ ၁၉၈၈ ခုနှစ်အာဏာသိမ်းတဲ့ပုံစံမျိုးပဲ။ နောက်တစ်ချက်က သူတို့က အခြေခံဥပဒေကပျက်သွားပြီ ၂၀၀၈ အခြေခံဥပဒေ အပြင်ဘက်က သိမ်းတာဖြစ်တဲ့အတွက်ကြောင့် ၂၀၀၈ အခြေခံဥပဒေက အလိုလိုပျက်သွားပြီ၊။ သူတို့ကအခြေခံဥပဒေအသစ်ပြန်ဆွဲပြီး ရွေးကောက်ပွဲတွေလုပ်မလား ဒါမှမဟုတ် သူ့တို့ကိုယ်သူတို့   ကြားဖြတ်အစိုးရလို့ခံယူပြီးတော့ ရွေးကောက်ပွဲတွေ အသစ်ပြန်လုပ်ပီးတော့ နောက်တက်လာမယ့် အစိုးရကပဲ အခြေခံဥပဒေပြန်ရေးဆွဲမလား အဲ့နှစ်ခုကြိုက်တာရွေးပေါ့နော်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကတော့ လုံးဝပျက်သွားပြီ”  

လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံတော် သမ္မတ၊ ဒုသမ္မတနဲ့  လွှတ်တော်အကြီးအကဲတွေကို ဖမ်းဆီး ထားတာဟာလည်း ဥပဒေချိုးဖောက်ရာရောက်ပြီး နိုင်ငံတော် ပုန်ကန်မှုကို ကျူးလွန်ရာ ရောက်စေနိုင်လို့လည်း ဥပဒေပညာရှင် ဦးဌေးက ပြောပါတယ်။

“အခုပြည်သူလူထု မြင်ကွင်းမှာ ပျောက်နေတာပဲသိတာပေါ့။ ပျောက်နေတာကိုယ်က ဖမ်းဆီးထားတာလား။ ဖမ်းဆီးထားတာဆိုရင် ဒါ ပုန်ကန်မှုပဲပေါ့နော်။ ဒါ နိုင်ငံတော်ကို ပုန်ကန်မှုပဲ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရကိုယ်ကို   ဒီအုပ်ချုပ်ရေးအဖွဲ့တွေ၊ ဥပဒေပြုတဲ့အဖွဲ့အစည်းတွေက  နိုင်ငံတော်ကိုကိုယ်စားပြုတာ ပေါ့နော်။   ဒီ နိုင်ငံတော်ကိုယ်စားပြုတဲ့အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေကို  ဖမ်းဆီးမယ်ဟန့်တားမယ်ဆိုရင် ဒါဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာကျ သလို နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်ရာ ရောက်စေနိုင်တယ်”  ရှေ့နေ ဦးဌေးက ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့  ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးဖို့  အန်အယ်လ်ဒီ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်ပိုင်းမှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

တတိယအကြိမ် လွှတ်တော် အစည်းအဝေး မတိုင်မီ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် အာဏာသိမ်းခဲ့တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ဆောင်ရွက်တာ ဖြစ်တဲ့အပြင် အချုပ်အခြာ အာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ နိုင်ငံသားတွေရဲ့ အချုပ်အချာကို မျက်ကွယ်ပြုတာဖြစ်သလို နိုင်ငံတော်နဲ့ တပ်မတော် သမိုင်းကိုလည်း ညစ်နွမ်းစေတဲ့ ဆောင်ရွက်ချက်ဖြစ်တယ်လို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရဲ့  ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့အပေါ် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးတွေက ဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့ ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း မြန်မာနိုင်ငံအတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက်  နောက်ဆုံးဖြစ်ထွန်းမှုတွေနဲ့ပတ်သက်လို့  ဗြိတိန်နိုင်ငံက ဦးဆောင်ပြီး ဒီကနေ့  ဆွေးနွေးဖို့  စီစဉ်ထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013