
တပ်မတော်အနေနဲ့ နိုင်ငံခေါင်းဆောင်တွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ အပါအဝင် ဖမ်းဆီး ထိန်းသိမ်းထားသူတွေ အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးပြီး နိုင်ငံရေး ပြဿနာအရပ်ရပ်ကို ငြိမ်းငြိမ်းချမ်းချမ်း တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က တောင်းဆိုပါတယ်။
ကေအန်ယူ အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးနဲ့ အတူတကွ ရပ်တည်သွားမယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
တပ်မတော်ကနေ နိုင်ငံတော်အာဏာကို သိမ်းယူတာနဲ့ ပတ်သက်လို့ ထုတ်ပြန်တာဖြစ်ပြီး သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေ၊ ပြည်နယ်နဲ့တိုင်းတွေက ဝန်ကြီးချုပ်တွေအပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူတွေနဲ့ အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တဲ့အပေါ် အထူး စိုးရိမ်ပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အလွန်အမင်း ပူပန်တယ်လို့ ဆိုပါတယ်။
တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တာဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ကြီးကြီးမားမား အဟန့်အတားဖြစ်စေသလို နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတဲ့လုပ်ငန်းစဉ်အပေါ် အလေးအနက်မရှိတာကို ပြတာဖြစ်ပြီး စိန်ခေါ်မှုတွေ အများကြီးရှိနေတဲ့ နိုင်ငံရဲ့ အနာဂတ်ကိုလည်း ဆိုးဆိုးဝါးဝါး ထိခိုက်စေမယ်လို့ ဆိုပါတယ်။











