DVB Logo
Home
နိုင်ငံရေး
နိုင်ကျဉ်းတွေ လူ့ဂုဏ်သိက္ခာကျတဲ့ထိ နှိပ်ကွက်ခံရမှု ထုတ်ဖော်
DVB
·
September 25, 2013
နိုင်ကျဉ်းတွေ လူ့ဂုဏ်သိက္ခာကျတဲ့ထိ နှိပ်ကွက်ခံရမှု ထုတ်ဖော်
Donate to DVB

ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလွဲပြောင်းပေးဖို့ တောင်းဆိုတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေအောင် ဖိနှိပ် ရက်စက်ခဲ့ပုံတွေကို အကျဉ်းသားတွေက အများပြည်သူသိအောင် ထုတ်ဖော် ပြောဆို လိုက်ကြပါတယ်။

“လက်မရွေး၊ ခြေထောက်မရွေး၊ ကျောမရွေး၊ ခေါင်းမရွေးတီးတာ။ ကံက ဆိုးချင်တော့ တယောက်က ကျောကို တွန်းတယ်၊ တယောက်က ဖင်ကို ဆောင့်ကန်တယ်။ မျက်လုံးက စည်းထားတယ်ဆိုတော့ နံရံနဲ့ ခေါင်းနဲ့ သွားတိုက်တယ်။ အဲဒီမှာ မေ့သွားတာပဲ။ ”
အဲဒီတုန်းက နှိပ်စက်ညှဉ်းပန်းမှုတွေကို ခံခဲ့ကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဒီကနေ့ ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်က ရွေတောင်ဘုန်းကြီးကျောင်းမှ စုဝေးပြီး အများသူငါ သိရှိအောင် ၂၃ နှစ်ပြည့် အခမ်းအနားကျင်းပပြီး လူသိရှင်ကြား ထုတ်ဖော်ပြောဆို ခဲ့ကြတာပါ။

၁၉၉၀ ပြည့်နှစ်မှာ တပ်မတော်ကကြီးမှူးကျင်းပတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။

ဒါပေမယ့် အာဏာလွဲပြောင်းမပေးတဲ့အပြင် ပါတီကို ဖိနှိပ်ခဲ့တာကြောင့် လေးလခန့် အကြာမှာ အင်းစိန်ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေက ဒီမိုကရေစီရရှိရေး၊ အကျဉ်းသား လွတ်မြောက်ရေး၊ အာဏာအမြန်ဆုံး လွှဲပြောင်းပေးရေးစတဲ့ တောင်းဆိုချက်တွေ အော်ဟစ် တောင်းဆိုတဲ့အပေါ် ထောင်အာဏာပိုင်တွေက ဖိနှိပ်ခဲ့တာပါ။
ဒီတောင်းဆိုချက်ကို တိုင်ပေးတဲ့ သေဒဏ်ကျနိုင်ငံရေးအကျဉ်းသား ကိုသက်တင်ဟာ အဲဒီတုန်းက သံခြေကျင်းခတ်ခံထားရပြီး သူ့ရဲ့နောက်စေ့ကို ရိုက်တဲ့အတွက် ဘယ်ဘက်လက်နဲ့ ခံတဲ့အခါ သူ့ဘယ်ဘက်လက်တွေ ဒဏ်ရာပြင်းထန်ခဲ့ပြီး အခုအခါ လက်တွေ ကောက်ကွေးနေပါတယ်။
သူ့နောက်စေ့ကို ရိုက်ပြီး မိန်းမလို ထူးမှ အရိုက်ရပ်တယ်လို့ သူက ပြန်ပြောင်း ပြောပြပါတယ်။

“သက်တင်လို့ ဆိုလို့ရှိရင် ဗျားလို့ထူးလို့ရှိရင် မကြိုက်ဘူး။ ပြီးလို့ရှိရင် ကြောက်ပါပြီလို့ အော်ရတယ်။ အဲဒါမရဘူး၊ သက်တင်လို့ ခေါ်လို့ရှိရင် ရှင်လို့ ထူးရတယ်။ နောက်ကျနော်ကို မသက်တင်လို့ ခေါ်တာ ရှင်လို့ထူးရတယ်။ နှစ်ဆင့် ထူးပေးရတယ်။ ရှင်ရယ်၊ ရှင့်လို့ထူးရတယ်။ အဲဒါမှ အရိုက်ရပ်တယ်။”

တကယ်တော့ ဒီရွေးကောက်ပွဲမတိုင်ခင်တုန်းက စစ်ကောင်စီရဲ့အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး စောမောင်က မဲအများစုရတဲ့ ပါတီက အစိုးရဖွဲ့ဖို့ဖြစ်ကြောင်းနဲ့ သူ့အနေနဲ့ ငြင်းဆန်စရာမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာတော့ ဒီရွေးကောက်ပွဲရလဒ်ဟာ အခြေခံဥပဒေရေးဆွဲဖို့သာဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

ဒီဖိနှိပ်မှုနဲ့ ပတ်သက်လို့ သေဒဏ်ကျအကျဉ်းသား ကိုမြင့်စိန်ကလည်း ထောင် အာဏာပိုင်တွေက သူတို့တွေကို ရိုက်နှက်ညှဉ်းပန်းရုံမကဘဲ နာမည်ခေါ်တဲ့အခါ အမျိုးသမီးတွေ ထူးသလို ရှင် ထူးခိုင်းခဲ့တဲ့အထိ နှိပ်ကွက်ခဲ့ကြတယ်လို့ ပြောပြပါတယ်။

“ဆန္ဒခံ မနက်မိုးလင်း ၆ နာရီထိုးတဲ့အချိန်မှာ အင်းစိန်အုပ်ရိုးပတ်လည်ကနေပြီးတော့ အသံချဲ့စက်တွေ ဖွင့်ထားပြီးတော့ တခန်းစီ၊ တခန်းစီထုတ်တယ်။ ခေါင်းစွပ်ပြီးတော့ ကျနော်တို့ကို ထုတ်ပြီးရိုက်တယ်။ မနက် ၆ နာရီရိုက်တာ ည ၇ နာရီထိုးတဲ့အထိ ကျနော်တို့ကိုရိုက်တယ်။ ထမင်းမကျွေး၊ ရေမတိုက်ပဲနဲ့ တပ်ကြပ်ကနေပြီးတော့ ပုဆိုးကို ထမိန်လိုဝတ်ခိုင်းပြီးတော့ ရှင် ထူးခိုင်းပါတယ်။ နာမည်မေးရင် မင်းနာမည်ဘယ်သူလဲ။ ကျနော် မြင့်စိန် ပါလို့ ပြောလို့မရပါဘူး။ ကျမ နာမည် မမြင့်စိန်ပါလို့ ကျနော်တို့ ပြောခဲ့ရပါတယ်။ ပြီးတဲ့အချိန်မှာ ခေါ်လို့ရှိရင် ရှင်၊ ရှင့် ဆိုပြီးတော့ မယားငယ်အသံဆိုပြီးတော့ ကျနော်အဲလိုနဲ့ ကျနော်တို့ကို ခေါ်ခိုင်းပါတယ်။”

အင်းစိန်ထောင်တွင်း အဲဒီတောင်းဆိုဆန္ဒပြပွဲမှာ ထင်ရှားတဲ့နိုင်ငံရေးသမားတွေအဖြစ် ဦးကိုယုဈ၊ ဦးအောင်နိုင်၊ ဦးသော်က၊ ဦးမိုးသူတို့လည်း ရှိနေပြီး သူတို့ကိုလည်း ညစ်ညစ်ညမ်းညမ်း ခြိမ်းခြောက်ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂၃ နှစ်က အင်းစိန်ထောင်တွင်း နှိပ်ကွပ်မှုမှာ စာဥသီချင်းဖွင့်ပြီး ရိုက်နှက်လို့ စာဥစစ်ဆင်ရေးနဲ့ အချေမှုန်းခံရတဲ့နေ့လို့ နိုင်ငံရေးအကျဉ်းသားတွေက ၀ိဂြိုဟ်ပြု ပြောဆိုကြပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/Political Prisoner/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013