
ထိန်းသိမ်းခံထားရတဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် ဝန်ကြီးတွေရဲ့အခြေအနေကို ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ မွန်းလွဲပိုင်းအထိ မသိရသေးသလို မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့ ဇနီးက ဒီဗွီဘီကို ပြောပါတယ်။
လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို ဖေဖော်ဝါရီ ၁ ရက် မနက် ၅ နာရီဝန်းကျင်မှာ လာရောက်ခေါ်ဆောင်သွားတာလို့ သိရပါတယ်။
ဦးနိုင်ငံလင်းရဲ့ ဇနီးက “တာဝန်အရ ဆိုပြီး လာခေါ်သွားတာပါ။ အခုနေ့ခင်းပိုင်းအထိ ဘာအခြေအနေမှ မသိရသေးပါဘူး။ မနေ့က လာခေါ်ကတည်းက အဝတ်အစား၊ဆေး လိုအပ်တာတွေ တခါတည်း ထည့်ပေးလိုက်တော့ ခုထိတော့ သူ(ဦးနိုင်ငံလင်း) ပြန်လာယူခိုင်းတာ မရှိပါဘူး။ ဘာအဆက်အသွယ်မှလည်း မရသေးပါဘူး။ တခြားလူကြီးပိုင်း ဝန်ကြီးချုပ်၊ဝန်ကြီးတွေ) အခြေအနေလည်း မသိရသေးပါဘူး” လို့ ပြောပါတယ်။
ကနဦး သတင်းတွေအရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နဲ့ လူမှုရေးဝန်ကြီး၊ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးတို့ ထိန်းသိမ်းခံထားရပြီး တခြားဝန်ကြီးတွေ အခြေအနေကတော့ မသိရသေးပါဘူး။











