
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ဒီကနေ့ မနက် ၁၀နာရီ ကျော်ကျော်မှာ ပြန်လည် လွတ်မြောက်လာပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီလို့ သိရပါတယ်။
ပြန်လည် လွတ်မြောက်လာပေမယ့် နေအိမ်အကျယ်ချုပ် နေထိုင်ရမယ်လို့ ဝန်ကြီးချုပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဝန်ကြီးချုပ်ရဲ့ ကျန်းမာရေး အခြေအနေလည်း ကောင်းမွန်နေ တယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက မန္တလေး နန်းတွင်းစစ်တပ်ထဲသို့ ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မန္တလေးမြို့က အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့နဲ့ ၊မြို့တော်ဝန်တို့ကိုလည်း ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ မြို့တော်ဝန် ဒေါက်တာရဲလွင်ကတော့ မနေ့ညနေပိုင်းမှာ ပြန်လည် လွတ်မြောက်လာတယ်လို့ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ အန်အယ်လ်ဒီ အစိုးရကို ထောက်ခံတဲ့ မန္တလေးမြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ ဆရာတော် သံဃာတော်တချို့ကိုလည်း စစ်တပ်က လာရောက်ခေါ်ဆောင်သွားတာတွေ ရှိတယ်လို့ သိရပါတယ်။
သတင်း - ထိန်ထိန်လင်း











