DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ် အာဏာချက်ချင်းစွန့်လွှတ်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် တောင်းဆို
DVB
·
February 2, 2021
မြန်မာစစ်တပ် အာဏာချက်ချင်းစွန့်လွှတ်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် တောင်းဆို
Donate to DVB

မြန်မာစစ်တပ်ကသိမ်းယူထားတဲ့ အာဏာကို ချက်ချင်းစွန့်လွှတ်ဖို့နဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတိုက်တွန်းလိုက်ပါတယ် ။

မြန်မာနိုင်ငံအတွင်း စစ်တပ်ရဲ့ အာဏာသိမ်းယူမှု၊ အောင်ဆန်းစုကြည်နဲ့ အရပ်သားတာဝန်ရှိပုဂ္ဂိုလ်တွေ ဖမ်းဆီးထိန်းသိမ်းမှုနဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာမှုတို့ဟာ နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့ ဥပဒေစိုးမိုးမှုကို တိုက်ရိုက်ကျူးလွန်တိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒီမိုကရေစီစနစ်တစ်ရပ်မှာ အင်အားကိုအသုံးပြုပြီး နိုင်ငံသားတို့ရဲ့ဆန္ဒကို ပယ်ဖျက်ဖို့ ဒါမှမဟုတ် အများယုံကြည်လက်ခံတဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့ မလုပ်ဆောင်သင့်ကြောင်းလည်း သမ္မတဂျိုးဘိုင်ဒင်က ပြောပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ရွေးကောက်ပွဲများကျင်းပနိုင်ဖို့၊ အရပ်သားအုပ်ချုပ်မှုစနစ်ထူထောင်နိုင်ဖို့နဲ့ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းနိုင်ဖို့အတွက် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း တစ်စိုက်မတ်မတ် ကြိုးပမ်းအားထုတ်လာခဲ့ကြတဲ့ ဖြစ်ပေါ်တိုးတက်လာမှုတို့ကို တန်ဖိုးထားလေးစားသင့်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆက်သွယ်ရေးကန့်သတ်ချက်အားလုံးကို ရုပ်သိမ်းပေးဖို့နဲ့ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုကနေ ရှောင်ကြဉ်ဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်တပ်အပေါ် တစ်သံတည်း ညီညွတ်စွာ အတူတကွ ပူးပေါင်းဖိအားပေးသင့်ကြောင်းလည်း သမ္မတက တိုက်တွန်းပါတယ်။

အခုလို အခက်အခဲဖြစ်ပေါ်နေတဲ့ ကာလအတွင်း မြန်မာနိုင်ငံသားတွေနဲ့အတူ ရပ်တည်ပေးကြသူတွေကို အမေရိကန်ပြည်ထောင်စုက မှတ်တမ်းတင်ထားကြောင်း၊ ဒီမိုကရေစီပြန်လည်အသက်သွင်းရေးနဲ့ ဥပဒေပြန်လည်စိုးမိုးရေးအပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး နောက်ကြောင်းပြန်လှည့်စေမှုအတွက် တာဝန်ရှိသူတွေကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ အမေရိကန်အနေနဲ့ ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝန်းက မိတ်ဖက်နိုင်ငံတွေနဲ့အတူ လက်တွဲဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံ တိုးတက်မှုတွေအပေါ်အခြေခံပြီး ပြန်လည်ရုပ်သိမ်းပေးခဲ့တဲ့ အရေးယူပိတ်ဆို့မှုတွေကိုလည်း အမြန်ဆုံးပြန်လည်သုံးသပ်ပြီး သင့်တော်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ရမယ်လို့ သမ္မတဂျိုးဘိုင်ဒင်က ပြောပါတယ်။

မူရင်းထုတ်ပြန်ချက် https://bit.ly/3oG6xzl

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013