DVB Logo
Home
Lead Story
မြန်မာ့ပြည်တွင်းစစ်မှာ ပြန်ခေါင်းထောင်လာတဲ့ စစ်အုပ်စုလက်ကိုင်တုတ် ပျူစောထီးများ
DVB
·
October 17, 2026
မြန်မာ့ပြည်တွင်းစစ်မှာ ပြန်ခေါင်းထောင်လာတဲ့ စစ်အုပ်စုလက်ကိုင်တုတ် ပျူစောထီးများ
Donate to DVB

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံရဲ့ နယ်စွန်နယ်ဖျား ဒေသတွေမှာ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့ အမျိုးမျိုး ပေါ်ပေါက်လာလိုက်၊ ပျောက်ကွယ်သွားလိုက်နဲ့ ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ ဒေသခံ လက်နက်ကိုင် အဖွဲ့တွေလည်း ပါဝင်ပြီး၊ သူတို့ကိုတော့ လူသိနည်းသလို သူတို့အကြောင်းလေ့လာမှုလည်း နည်းပါးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်တွင်းစစ် အသစ်တစ်ဖန် ပြန်ဖြစ်လာတဲ့အခါမှာတော့ မြန်မာစစ်အုပ်စုဟာ တော်တော်လေး အင်အား ဆုတ်ယုတ်လာပါတယ်။ ဒါကြောင့် ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ နှိမ်နင်းရေး ယန္တရားတခုအနေနဲ့ ပထမဆုံး ပေါ်ပေါက်ခဲ့တဲ့ ‘ပျူစောထီး’ လို့ခေါ်တဲ့ ပြည်သူ့စစ်စနစ်ကို ပြန်လည်အသက်သွင်းလာခဲ့ပါတယ်။

အခုတခေါက် ပေါ်လာတဲ့ ပျူစောထီး ပြည်သူ့စစ်တွေကိုတော့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့သစ်တွေကို တိုက်ခိုက်ဖို့ ဗမာလူမျိုးတွေ အများစုနေထိုင်တဲ့ ဒေသတွေမှာ အဓိက တာဝန်ပေးထားပါတယ်။ စစ်ကောင်စီဘက်က ပျူစောထီးအဖွဲ့တွေ ရှိနေတာကို အစပိုင်းမှာ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာတော့ ဒီအဖွဲ့တွေဟာ အရပ်သားပြည်သူတွေကို အကြီးအကျယ် ဒုက္ခပေး အကြမ်းဖက်လာခဲ့ကြပါတယ်။ သူတို့ဆီမှာ လက်နက်ကြီးတွေ သိပ်မရှိကြပါဘူး။ ဒါပေမဲ့ ဒီမိုကရေစီလိုလားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေကို တိုက်ခိုက်ရာမှာ စစ်တပ်ရဲ့ အရန်အင်အားအဖြစ်ရော၊ စောင့်ကြည့်သတင်းပေးသူတွေအဖြစ်ပါ လုပ်ဆောင်နေကြပါတယ်။

သမိုင်းကြောင်းနဲ့  ၂၀၂၁ အာဏာသိမ်းပြီးနောက် ပြန်လည်ခေါင်းထောင်လာခြင်း

‘ပျူစောထီး’ ဆိုတဲ့ နာမည်ဟာ ကိုးရာစုမှာ ပထမဆုံး ဗမာအင်ပါယာဖြစ်တဲ့ ပုဂံပြည်ကို တည်ထောင်ခဲ့တဲ့ ဒဏ္ဍာရီလာ စစ်ဘုရင်တပါးရဲ့ နာမည်ကနေ ဆင်းသက်လာတာပါ။ ဒီပြည်သူ့စစ်အဖွဲ့ကို ဖွဲ့စည်းဖို့ ၁၉၅၅ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာ့တပ်မတော် တပ်မှူးများ ညီလာခံမှာ ပထမဆုံး အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက အဲဒီအချိန်က အာဏာရ ဖဆပလအစိုးရဟာ ဗမာလူမျိုးတွေ နေထိုင်တဲ့ ဒေသတွေမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ များလာသလို၊ တိုင်းရင်းသား ဒေသတွေမှာလည်း လက်နက်ကိုင် ပုန်ကန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါကို ဖြေရှင်းဖို့အတွက် ဝန်ကြီးချုပ် ဦးနု က ၁၉၅၅ ခုနှစ် အောက်တိုဘာလမှာ ပျူစောထီး ပြည်သူ့စစ် ဖွဲ့စည်းခွင့်ကို အတည်ပြုပေးခဲ့ပါတယ်။ ဖဆပလကို လိုလားတဲ့ ဒီဆိုရှယ်လစ် ပြည်သူ့စစ်အဖွဲ့ဟာ စတင်ဖွဲ့စည်းကတည်းက ဓားပြတိုက်တာ၊ လူပြန်ပေးဆွဲတာ၊ မုဒိမ်းကျင့်တာတွေနဲ့ နိုင်ငံရေးအတိုက်အခံတွေကို လုပ်ကြံသတ်ဖြတ်တာတွေကြောင့် နာမည်ပျက်ခဲ့ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပြီး ၂ နှစ်အကြာ၊ ၁၉၅၈ ခုနှစ်မှာ ဖဆပလ အစိုးရကိုယ်တိုင် ဒီအဖွဲ့ကို ပြန်ဖျက်သိမ်းခဲ့ရပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မတ်လ ၅ ရက်နေ့မှာတော့ ဒီပြည်သူ့စစ်အဖွဲ့ကို မန္တလေးမှာ လျှို့ဝှက် ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ၂ လအကြာ မေလ ၁၅ ရက်နေ့မှာတော့ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်အတွက် အဖွဲ့နှစ်ဖွဲ့ ခွဲပြီး လူသိရှင်ကြား ကြေညာခဲ့ပါတယ်။ ဒီအဖွဲ့ရဲ့ တံဆိပ်မှာ ဗုဒ္ဓဘာသာ သာသနာ့အလံနဲ့အတူ ပုဂံခေတ်က ရန်သူတွေကို အနိုင်ယူပြီး မတ်တတ်ရပ်နေတဲ့ ပျူစောထီးမင်းရဲ့ ပုံကို သုံးထားပါတယ်။ အဖွဲ့ဝင် အများစုကိုတော့ ဧရာဝတီ၊ ပဲခူး၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းနဲ့ ရန်ကုန်တိုင်းတွေက ကျေးလက် တောရွာတွေ၊ အထူးသဖြင့် အလယ်ပိုင်း အညာဒေသတွေကနေ စုဆောင်းထားတာ ဖြစ်ပါတယ်။

ဒီပြည်သူ့စစ်အဖွဲ့ရဲ့ အမာခံတွေကတော့ စစ်မှုထမ်းဟောင်းတွေ၊ အငြိမ်းစား ဝန်ထမ်းတွေ၊ အမျိုးသားရေး အစွန်းရောက် မဘသ ဘုန်းကြီးတွေနဲ့ စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေပဲ ဖြစ်ပါတယ်။ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ စစ်တပ်အရာရှိတွေက သူတို့ကို သင်တန်းပေးပြီး လက်နက်ငယ်တွေ ထောက်ပံ့ပေးသလို၊ တချို့အဖွဲ့တွေကိုတော့ စစ်ဝတ်စုံတွေပါ ထုတ်ပေးပါတယ်။ သာမန် အဖွဲ့ဝင်တွေအနေနဲ့ ဒေသအလိုက် တလကို ဒေါ်လာ ၈၀ ကနေ ၉၀ ဒေါ်လာလောက် (မြန်မာငွေနဲ့ဆိုရင် ကျပ် ၃ သိန်းခွဲ ၄ သိန်းနီးပါး) ရကြပြီး၊ အဖွဲ့ခေါင်းဆောင်တွေကတော့ တလကို ဒေါ်လာ ၁၀၀ ဝန်းကျင်လောက် ရကြတယ်လို့ ဆိုပါတယ်။

ဒီပြည်သူ့စစ်တွေဟာ ဒေသခံတွေက "ပျူစောထီးရွာ" လို့ခေါ်တဲ့ ရွာတွေရဲ့ ပတ်လည်မှာ PDF တွေကို ကာကွယ်ဖို့ လက်နက်ကိုင် စောင့်ကြပ်လေ့ရှိပါတယ်။ ဥပမာ - စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာဆိုရင် ရွာပေါင်း ၂၅၀ အနက် ၅၀ လောက်ဟာ ဒီလိုရွာတွေအဖြစ် ပြောင်းလဲသွားပါပြီ။ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ပေါက်ကြားလာတဲ့ အစီရင်ခံစာတခုအရ ၂၀၂၂ ခုနှစ်မှာ စစ်ကိုင်းတိုင်းတခုတည်းမှာတင် ပျူစောထီးအဖွဲ့ ၇၇ ဖွဲ့ အနည်းဆုံး ရှိနေပြီး၊ ၂၀၂၆ ခုနှစ် အရောက်မှာတော့ ဒီအရေအတွက်က သေချာပေါက် ပိုများလာမှာပါ။ ဒါပေမဲ့ သူတို့မှာ သီးသန့် နေထိုင်စရာ စခန်းတွေ မရှိသလို ရိက္ခာ၊ လက်နက်နဲ့ စစ်ဝတ်စုံတွေကို စနစ်တကျ ထောက်ပံ့ပေးထားတာမျိုးလည်း မရှိပါဘူး။ အဖွဲ့ဝင်တွေဟာ လုပ်အားခ အပြည့်အဝ မရကြသလို၊ သေနတ်ထောက်ပြီး အတင်းအကျပ် ခြိမ်းခြောက် ခေါ်ယူခံရတာတွေလည်း အများကြီး ရှိပါတယ်။ သူတို့ကို များသောအားဖြင့် စစ်တပ်ထိန်းချုပ်နယ်မြေတွေကို PDF တွေ ဝင်တိုက်မဲ့ အချိန်မျိုးရောက်မှသာ အရန်အင်အားအနေနဲ့ ခေါ်ထုတ်သုံးလေ့ရှိပါတယ်။ စစ်တပ်ထဲကနေ အစုလိုက်အပြုံလိုက် ထွက်ပြေးတာတွေ၊ သေဆုံးဒဏ်ရာရတာတွေ များလာပြီး စစ်မျက်နှာတွေ ကျယ်လာတာကြောင့် အခုလို ပျူစောထီးတွေကို ပြန်ပြီး အသက်သွင်းလာရတာပါ။ တနည်းအားဖြင့် ပျူစောထီးဆိုတာ ဗမာပြည်မ ကျေးလက်ဒေသတွေမှာ PDF တွေ ခြေကုပ်မယူနိုင်အောင် စစ်တပ်က အောက်ခြေအဆင့်မှာ တန်ပြန်ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့ပဲ ဖြစ်ပါတယ်။

ရည်ရွယ်ချက်မျိုးစုံနဲ့ အကြမ်းဖက် ပြည်သူ့စစ်များ

ပျူစောထီးတွေဟာ တော်လှန်ရေးအဖွဲ့တွေဆီ ရိက္ခာ၊ ဘဏ္ဍာငွေနဲ့ သတင်းအချက်အလက်တွေ မရောက်အောင် ဖြတ်တောက်တဲ့ စစ်တပ်ရဲ့ "ဖြတ်လေးဖြတ်" ဗျူဟာကို အထောက်အကူ ပေးနေပါတယ်။ သူတို့ အဓိက လုပ်ဆောင်ရတဲ့ တာဝန် ၅ ရပ် ရှိပါတယ်။ အဲဒါတွေကတော့ အစိုးရကို ဆန့်ကျင်သူတွေကို စုံစမ်းထောက်လှမ်းတာ၊ ဆန္ဒပြပွဲတွေကို ဦးဆောင်သူတွေရဲ့ သတင်းကို စုဆောင်းတာ၊ အကျင့်ပျက်ခြစားတယ်လို့ စွပ်စွဲခံရတဲ့ စစ်တပ်ထောက်ခံသူတွေကို ကာကွယ်ပေးတာ၊ တော်လှန်ရေးသမားတွေကို သင်တန်းပေးပြီး လက်နက်ထောက်ပံ့နေသူတွေကို ဖော်ထုတ်တာနဲ့ စစ်တပ်ကို ထောက်ခံတဲ့ စစ်မှုထမ်းဟောင်း မိသားစုတွေကို ကူညီပေးတာတို့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ စစ်တပ်အတွက် ဒေသခံ အဆက်အသွယ်တွေ၊ ဒေသသုံးစကား၊ ပထဝီအနေအထားနဲ့ ထောက်ပို့လမ်းကြောင်းတွေကို သိအောင် လုပ်ပေးပါတယ်။ ဒါဟာ တော်လှန်ရေးသမားတွေ၊ လက်နက်သိုလှောင်ရုံတွေနဲ့ ထောက်ပို့ကွန်ရက်တွေကို ဖော်ထုတ်ဖို့အတွက် အရမ်းကို အရေးကြီးပါတယ်။ ဒေသခံတွေကတော့ ဒီပြည်သူ့စစ်တွေဟာ သူတို့ကို အမြဲတမ်း စောင့်ကြည့်နေတယ်လို့ စွပ်စွဲကြပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ လက်နက်မဲ့ ပရဟိတသမားတွေကိုပါ သူတို့က ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပါတယ်။

ဒီလို သတင်းထောက်လှမ်းတဲ့ အလုပ်တွေအပြင်၊ ပျူစောထီးတွေဟာ စစ်တပ်ရဲ့ လူအင်အား လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးပါတယ်။ ဗမာပြည်မက ပြည်သူအများစုဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်လာကြတာကြောင့်၊ အရင်က စစ်တပ်ကို အဓိက အင်အားဖြည့်ပေးခဲ့တဲ့ ဗမာလူမျိုးတွေနဲ့ စစ်တပ်ကြားမှာ အခုတော့ အကြီးအကျယ် ကင်းကွာလာပါတယ်။ ဒါကို ဖြေရှင်းဖို့ စစ်တပ်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တွေ အပါအဝင် နေရာတော်တော်များများမှာ အတင်းအကျပ် စစ်သားစုဆောင်းတာတွေ လုပ်လာပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတုန်းကဆိုရင် အင်မထီးရွာက အရွယ်ရောက်ပြီး အမျိုးသားအားလုံးကို ပျူစောထီးအဖွဲ့ထဲ အတင်းအကျပ် ဝင်ခိုင်းခဲ့ပါတယ်။ ငြင်းဆန်တဲ့ ရွာသားတွေကိုတော့ အိမ်မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ပျူစောထီးတွေဟာ ကျေးလက်ဒေသတွေမှာ အကြမ်းဖက်မှုတွေ လုပ်တဲ့နေရာမှာလည်း နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ အိမ်တွေ မီးရှို့တာ၊ ရွာသားတွေကို နှင်ထုတ်တာ၊ ပစ္စည်းတွေ ဖျက်ဆီးတာ၊ ပစ်မှတ်ထား သတ်ဖြတ်တာ၊ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဒေသခံ နိုင်ငံရေးသမားတွေကို တိုက်ခိုက်တာနဲ့ ငွေညှစ်တာမျိုးတွေ လုပ်ကြပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလလယ်မှာ စစ်ကိုင်းတိုင်း မြို့သစ်ရွာမှာ PDF ရဲဘော် ၁၄ ဦးကို သူတို့ သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီနှစ် နောက်ပိုင်းမှာလည်း မကွေးတိုင်း ပေါက်မြို့နယ်ကကုက္ကိုစုရွာ နဲ့ သနပ်ပင်ဇင်း ရွာတွေကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့တာကြောင့် ရွာသားတွေ ထွက်ပြေးခဲ့ရပါတယ်။

၂၀၂၂ ခုနှစ် မတ်လမှာလည်း ပျူစောထီးတွေဟာ စစ်အာဏာရှင်တပ်တွေနဲ့ ပေါင်းပြီး မကွေးတိုင်း လယ်ယာရွာကို ဝင်စီးခဲ့ပါတယ်။ အဲဒီမှာ အိမ်ခြေ ၂၀၀ လောက်ကို မီးရှို့၊ ပစ္စည်းတွေနဲ့ တိရစ္ဆာန်တွေကို ဖျက်ဆီးခဲ့တာကြောင့် ကလေး ၅၀၀ အပါအဝင် ရွာသား ၁,၇၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ နောက်တလမှာလည်း စစ်တပ်ရဲ့ လက်နက်ကြီး အကူအညီနဲ့ လက်ပံလှရွာက အိမ် ၃၀ ကို မီးရှို့ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ မကွေးနဲ့ စစ်ကိုင်းနယ်စပ်က သူတို့စခန်းတခုကို တော်လှန်ရေးအဖွဲ့တွေ လာတိုက်တာကို ပြန်ခုခံပြီးနောက်၊ ဖမ်းမိတဲ့ တော်လှန်ရေး ရဲဘော်နှစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။ ၂၀၂၄ အောက်တိုဘာနဲ့ ၂၀၂၅ ဧပြီလကြားမှာလည်း မန္တလေးတိုင်း မြင်းခြံမြို့နယ်က ဂိတ်တွေကို ဖြတ်သန်းသွားလာတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး အရပ်သား ၃၀ ကို သတ်ဖြတ်၊ မီးရှို့၊ မြစ်ထဲပစ်ချတာတွေ လုပ်ခဲ့ပါတယ်။ 

မကြာသေးခင်က ဖေဖော်ဝါရီလအတွင်းမှာဆိုရင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ရွာ ၇ ရွာမှာရှိတဲ့ အိမ်ထောင်စု ၁,၂၀၀ လောက်ကို လုယက်ပြီး ရွာကနေ မောင်းထုတ်ခဲ့ပါတယ်။ ဒီလို ရက်စက်တဲ့ နည်းလမ်းတွေကို သုံးတာဟာ ဒေသခံတွေကြားမှာ အကြောက်တရား ကြီးထွားလာအောင်နဲ့ တော်လှန်ရေးသမားတွေကို သွယ်ဝိုက် ခြိမ်းခြောက်ဖို့ ရည်ရွယ်ပြီး တမင်သက်သက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ စစ်တပ်ကို တိုက်ခိုက်နေသူတွေကို အပြစ်ပေးတာနဲ့ သူတို့ကို ထောက်ခံနေတဲ့ ပြည်သူတွေကို အကြောက်တရား သွတ်သွင်းပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖိအားပေးဖို့ပဲ ဖြစ်ပါတယ်။

နိဂုံး

ပျူစောထီး ပြည်သူ့စစ်တွေနဲ့ ပတ်သက်ပြီး အစိုးရိမ်ရဆုံး အချက်ကတော့ အမျိုးသားရေး အစွန်းရောက် ဘုန်းကြီးတွေ ပါဝင်ပတ်သက်နေတာပဲ ဖြစ်ပါတယ်။ သူတို့ထဲက အများစုဟာ အရင်က မဘသ (အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့) လို့ ခေါ်တဲ့ အဖွဲ့အစည်းနဲ့ ဆက်နွှယ်ခဲ့သူတွေပါ။ ဒီမိုကရေစီအစိုးရဖြစ်တဲ့ NLD အစိုးရလက်ထက်မှာ ဖျက်သိမ်းခံခဲ့ရတဲ့ မဘသဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာ ပြန်လည် အသက်ဝင်လာခဲ့ပါတယ်။ သူတို့အဖွဲ့ဝင်တွေက ဗုဒ္ဓဘာသာဟာ အစ္စလာမ်ဘာသာ၊ ဘာသာရေးနဲ့ နိုင်ငံရေးခွဲခြားတဲ့ စနစ်၊ ခေတ်မီတိုးတက်လာမှုနဲ့ ဒီမိုကရေစီစနစ်တွေကြောင့် ပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ယုံကြည်ထားကြပါတယ်။

မဘသ ဘုန်းကြီးတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ အရပ်ဘက် အဖွဲ့အစည်းတွေ အားကောင်းလာတာကို မလိုလားကြပါဘူး။ ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရ အုပ်ချုပ်တာဟာ သူတို့ရဲ့ ဩဇာအာဏာတွေ ကျဆင်းလာခြင်းရဲ့ လက္ခဏာရပ်တခုလို့ မြင်ကြပါတယ်။ တဖက်မှာတော့ စစ်တပ်ကို ဗုဒ္ဓဘာသာနဲ့ ရိုးရာတန်ဖိုးတွေကို ကာကွယ်စောင့်ရှောက်သူအဖြစ် ပုံဖော်ကြပါတယ်။ ဒါတွေကြောင့်ပဲ စစ်ကိုင်းတိုင်းက နာမည်ကြီး ဦးဝါသဝလို အသက် ၄၀ ကျော်အရွယ် ဘုန်းကြီးတွေဟာ ကိုယ်ပိုင် ပျူစောထီးအဖွဲ့တွေကို ဖွဲ့စည်း ကွပ်ကဲလာကြတာပါ။ ဦးဝါသဝဟာ လူသိရှင်ကြား လက်နက်ကိုင်ဆောင်တာ၊ အမုန်းစကားတွေ ဟောပြောတာ၊ ပြည်သူ့စစ်တွေကို သင်တန်းပေးတာတွေ လုပ်ဆောင်နေပြီး၊ "ဗုဒ္ဓဘာသာကို ကယ်တင်ဖို့" ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်တပ်နဲ့အတူ အကြမ်းဖက်မှုတွေ လုပ်ဖို့ တိုက်တွန်းနေပါတယ်။

ပျူစောထီးစနစ်ကနေ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်တဲ့ သူပုန်နှိမ်နင်းရေး ယန္တရားဟောင်းကြီးကို ဘယ်လို ပြန်အသက်သွင်းလို့ ရသလဲဆိုတာကို လက်တွေ့ပြသနေပါတယ်။ ဒီပြည်သူ့စစ်တွေဟာ စစ်အုပ်စု မထိန်းချုပ်နိုင်တဲ့ ဒေသတွေအထိ အာဏာစက် သက်ရောက်အောင် လုပ်ပေးနေပါတယ်။ ဒါပေမဲ့ ကြားထဲမှာတော့ အဲဒီဒေသက အပြစ်မဲ့ ပြည်သူတွေသာ မြေစာပင် ဖြစ်နေရပါတယ်။ စစ်အုပ်စုအနေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာမဲ့အစား ဒီလို ကိုယ်စားလှယ်ခံ လက်နက်ကိုင်တွေကိုသုံးပြီး အကြမ်းဖက်နေသရွေ့တော့ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ အိုးမဲ့အိမ်မဲ့ဖြစ်ရတာတွေ၊ အကြောက်တရားတွေနဲ့ လက်စားချေမှု သံသရာဟာ ဆက်ပြီး လည်ပတ်နေဦးမှာပဲ ဖြစ်ပါတယ်။

ခန်ဒါကာတာမစ်ရီဂျဝန်

Ref: Jamestown 

(ဝါရှင်တန်အခြေစိုက် Jamestown  ဝက်ဘ်ဆိုက်တွင် ဆောင်းပါးရှင် Khandakar Tahmid Rejwan ရေးသားထားသည့် “Military-Backed Militias Reemerge in Myanmar’s Civil War” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။  ခန်ဒါကာတာမစ်ရီဂျဝန် (Khandakar Tahmid Rejwan)ဟာ  ဘင်္ဂလားဒေ့ရှ် နိုင်ငံတက္ကသိုလ် (IUB)မှာ ကမ္ဘာလုံးဆိုင်ရာ လေ့လာရေးနှင့် အုပ်ချုပ်မှုဘာသာရပ် (GSG) အထူးပြု ကထိကတဦး ဖြစ်ပါသည်။)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013