
မြန်မာသမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီစံနှုန်းတွေကို လေးစားလိုက်နာဖို့ အာဏာသိမ်း မြန်မာစစ်တပ်ကို နိုင်ငံတကာအစိုးရတွေက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်
အာဏာသိမ်းတဲ့ ခြေလှမ်းတွေကို ပြန်မရုပ်သိမ်းပါက တာဝန်ရှိသူတွေကို အမေရိကန် အစိုးရက အရေးယူမယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ဂျန် ဆာကီက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ နိုဝင်ဘာ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပေမယ့် စစ်တပ်ကျောထောက်နောက်ခံ ပေးထားတဲ့ပါတီရဲ့ မဲမသမာမှုရှိတယ်ဆိုတဲ့ စွဲချက်တွေ ပေါ်ထွက်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းစေမယ့် ဘယ်လို အားထုတ်မှုကိုမဆို အမေရိကန် အစိုးရက ဆန့်ကျင်တယ်လို့ ဆိုပါတယ်။
အသစ်ခန့်အပ်လိုက်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင့်ကန်ကလည်း နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ပြည်သူ့ဆန္ဒကို လေးစားဖို့နဲ့ အစိုးရ အရာရှိတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေအားလုံး ပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းခဲ့ပါတယ်။
သြစတြေးလျ
ဥပဒေမဲ့ ဖမ်းဆီးခံထားရတဲ့ အရပ်ဘက်ခေါင်းဆောင်တွေနဲ့ တခြားလူတွေကို ချက်ချင်းလွှတ်ပေးဖို့နဲ့ ဥပဒေနဲ့ ညီညွတ်တဲ့ လုပ်ငန်းစဉ်တွေက တဆင့် အငြင်းပွားမှုတွေကို ဖြေရှင်းဖို့၊ တရားဥပဒေ စိုးမိုးရေးကို လေးစားဖို့ ကျမတို့က စစ်တပ်ကို ဆော်သြတယ်လို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး မာရိစ် ပိန်းက ပြောပါတယ်။
အိန္ဒိယ
မြန်မာနိုင်ငံအတွင်းက ဖြစ်ထွန်းမှုတွေကို နက်နည်းတဲ့ စိုးရိမ်စိတ်တွေနဲ့အတူ ကျနော်တို့ သတိပြုမိခဲ့ပြီးပြီ။ အိန္ဒိယဟာ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ထောက်ခံတဲ့နေရာမှာ အမြဲ မဖောက်မပြန် တည်ကြည်ခိုင်မာခဲ့တယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တွေကို အတည်ပြု ထိန်းသိမ်းရမယ်လို့ အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။
ကုလသမဂ္ဂ
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ တခြားခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းတဲ့လုပ်ရပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်ထော်နီယို ဂုတားရက်စ်က အပြင်းအထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဒီလုပ်ရပ်တွေဟာ မြန်မာနိုင်ငံအတွင်း ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးအပေါ် အပြင်းအထန် ထိုးနှက်မှုကို ကိုယ်စားပြုတယ်လို့လည်း ပြောခွင့်ရ စတေဖနီ ဒူဂျာရစ်က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။
စင်ကာပူ
မြန်မာနိုင်ငံအတွင်းက နောက်ဆုံးရ အခြေအနေနဲ့ ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း စိုးရိမ်တယ်၊ ပတ်သက်သူအားလုံးက ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ မျှော်လင့်တယ်လို့ စင်ကာပူ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံရောက် စင်ကာပူ နိုင်ငံသားတွေဟာ ပြောင်းလဲနိုင်တဲ့ အနေအထားမှာ သတိရှိရှိနေကြဖို့ကိုလည်း စင်ကာပူ အစိုးရက အကြံပြုထားပါတယ်။
ကနေဒါ
မြန်မာစစ်တပ်က အခြေခံဥပဒေကို ဒီပုံစံရေးထားလို့ ဒီလို လုပ်နိုင်ခဲ့တာလို့ ကုလသမဂ္ဂ ဆိုင်ရာ ကနေဒါ သံအမတ်ကြီး ဘော့ဘ်ရေးက တွစ်တာ လူမှုကွန်ယက်ပေါ်မှာ ရေးပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ စစ်တပ်အာဏာကို နက်နက်ရှိုင်းရှိုင်း ခြေဆန့် ကာကွယ်နိုင်တာ သေချာအောင် အထူးပုံစံထုတ် ရေးသားထားတယ်လို့ ပြောပါတယ်။











