
မကွေးတိုင်းအတွင်းမှာ စစ်တပ်က ဒရုန်းတပ်ဖွဲ့တွေအပြင် အင်အားထောင်နဲ့ချီတဲ့ စစ်ကြောင်းတွေကို အသုံးပြုပြီး စစ်ဆင်ရေးနယ်မြေ ချဲ့ထွင်လာနေပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ခုခံဖို့ ပြင်ဆင်ထားသလို စစ်တပ်ရဲ့ စစ်ဗျူဟာ အပြောင်းအလဲကြောင့် ဒါဟာ ရေရှည်စစ်ပွဲ ဖြစ်လာနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
စစ်အာဏာရှင်တပ်က မကွေး၊ ယောနဲ့ ချင်းအစပ်ဒေသတွေကို ထိုးစစ်ဆင် နယ်မြေချဲ့ထွင်ဖို့ ကြိုးပမ်းနေပါတယ်။
လက်ရှိမှာတော့ စစ်တပ်ဟာ ယောနဲ့ ကျောက်ထုဘက်မှာ အင်အား ၁,၀၀၀ ကျော် စုရုံးထားသလို မြိုင်မြို့နယ်ထဲက စက်မှု ၂ နဲ့ လင်းကတောစခန်းတွေမှာ ခြေကုပ်ယူထားပြီး အင်အား ၄၀၀ ဝန်းကျင် ရှိနေသလို ဒရုန်းတပ်ဖွဲ့တွေကိုပါ အင်အားဖြည့်တင်းထားတာပါ။
တဖက်မှာလည်း မြိုင်မြို့နယ်အတွင်းမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက “တမာမြေစစ်ဆင်ရေး” အမည်နဲ့ စစ်တပ်အမာခံ သရက်ကန်ပျူစောထီးရွာကို တိုက်ခိုက် ရှင်းလင်းထားပါတယ်။
လက်ရှိ မြိုင်နဲ့ ယောဒေသတွင်းက စစ်တပ်ရဲ့ အင်အားဖြန့်ကြက်မှု အခြေအနေနဲ့ ပတ်သက်လို့ “တမာမြေစစ်ဆင်ရေး” ပြောခွင့်ရသူ ကိုဒိုင်းမွန်းက “စက်မှု ၂ မှာ အင်အား ၁၀၀ လောက် ဖြည့်ထားပါတယ်။ သူတို့ ဒရုန်းနည်းပညာအဖွဲ့တွေနဲ့ပေါ့၊ ဒရုန်းအဖွဲ့တွေရော။ မြိုင်မှာတော့ နှစ်ကြောင်းတော့ ရှိပါတယ်။ လင်းကတော၊ မြိုင်နဲ့ ရေစကြို၊ ဆားလင်းကြီးနယ်စပ်မှာတော့ လင်းကတော စခန်းမှာတော့ အင်အား ၂၀၀ ဝန်းကျင်လောက် ရောက်နေတာ ရှိပါတယ်။ အဲဒီစစ်ကြောင်းရယ် စက်မှု ၂ စစ်ကြောင်းရယ်မှာပဲ စစ်ကြောင်း ၂ ကြောင်း ရှိပါလိမ့်မယ် မြို့နယ်ထဲမှာ။ အင်အား ၄၀၀ လောက် ရှိပါတယ်ဗျ။ ကျောက်ထုဒေသမှာတော့ အင်အား ၁,၂၀၀ လောက် ရှိတယ်ပေါ့။ ၁,၂၀၀ ဝန်းကျင်အပြင် လောင်းရှည်ဘက်ကနေ ဆော၊ ဆောကနေ ကန်ပက်လက်ကို တက်နေတဲ့ အင်အား ၄၀၀ လောက်ပါတဲ့ စစ်ကြောင်း။ အင်အား စုစုပေါင်းဆိုရင်တော့ ကျနော်တို့ဘက်တွေ ထိုးနေတဲ့ စစ်ကြောင်းတွေနဲ့ဆိုရင် ၂,၀၀၀ ဝန်းကျင်လောက် ရှိတယ်လို့ ကနဦး ခန့်မှန်းရပါတယ်ဗျ” လို့ ပြောပါတယ်။
စစ်ရေးလေ့လာသူတွေကတော့ စစ်တပ်ရဲ့ အခုလို အင်အားဖြန့်ကြက်မှုဟာ ရိုးရိုး ထိုးစစ်ဆင်တာမျိုး မဟုတ်ဘဲ ချင်းနဲ့ ရခိုင်ဒေသဆီ ဦးတည်တဲ့ ဖြတ်တောက်ရေးဗျူဟာ ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။
စစ်တပ်ဟာ မကွေးတိုင်းထဲက ကပစ စက်ရုံတွေကို နောက်တန်းအခြေစိုက် စခန်းတွေအဖြစ် အသုံးချပြီး ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုင်မြောက်ပိုင်းဆီ စီးဆင်းမဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်း လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ ကြိုးစားနေတာပါ။
စစ်ရေးအရ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ပြီး လေကြောင်းပစ်ကူကို အားပြုကာ တဖြည်းဖြည်းချင်း နယ်မြေတိုးချဲ့မဲ့စနစ်ကို သုံးလာနိုင်တယ်လို့ စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီး ကိုဇင်ယော်က သုံးသပ်ပါတယ်။
“လမ်းကြောင်းတွေကို ဖြတ်တောက်ထားလိုက်တာ၊ ဘာနဲ့သွားပြီး တိုက်ဆိုင်လဲဆိုရင် မင်းတုန်းမှာဆို အမ်း-မအီလမ်းဘက်ကို ပေါက်တဲ့လမ်းကြောင်း ရှိတယ်။ အဲဒီလမ်းကြောင်းကိုလည်း သူတို့က ပိတ်ဆို့ထားလိုက်တယ်။ ပြီးရင် ဟိုဘက်မှာလည်း ရိဒ်ခေါရ်ဒါက ဖလမ်းတို့၊ တီးတိန်တို့၊ တွန်းဇံတို့ကို စစ်တပ်က ရသွားပြီ။ အဲဒီတော့ တဖက်မှာက မိတ်ဝ ပေါ့နော်၊ မိတ်ဝ BP 6 လို့ ခေါ်တာပေါ့၊ အဲစခန်းကိုသာ အိန္ဒိယအစိုးရဘက်က တဖက်သတ် ပိတ်လိုက်မယ်ဆိုရင် ကျနော်တို့ ရခိုင်နဲ့ ချင်းတောင်က တော်တော်လေး ဘေးကျပ်နံကျပ် ဖြစ်သွားနိုင်တဲ့ အနေအထားမျိုးပေါ့နော်။ အခုက ယော၊ ဆော ဒေသကနေမှတဆင့် စီရပ် စုရပ်အဖြစ် ဖြတ်တာက်ရေးပဲ လုပ်သေးတာ။ တကယ် တိုက်ခိုက်မယ်ဆိုရင် အင်အားတွေ ထပ်ပြီးတော့ ပို့ရမှာပေါ့နော်။ အဲဒီတော့ ကာလရှည် တိုက်ပွဲဖြစ်မယ်၊ အပြင်းထန်ဆုံး စစ်မျက်နှာ ဖြစ်မယ်။”
လက်ရှိ မြေပြင်အခြေအနေတွေအရ စစ်တပ်ဟာ ကပစ စက်ရုံတွေကို စစ်ရေးအရ အမာခံပြုပြီး လေကြောင်းနဲ့ ဒရုန်းအပြင် မြေပြင်စစ်အင်အားတွေကို အလွန်အကျွံသုံးကာ နယ်မြေစိုးမိုးရေး ပြန်လည်ရယူဖို့ ကြိုးစားနေတာပါ။
ဒါပေမဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ခုခံစစ်အတွက် စစ်ရေးပြင်ဆင်မှုတွေ ရှိထားတာကြောင့် မကွေး၊ ယော၊ ချင်းနဲ့ ရခိုင်နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေဟာ အချိန်ကာလတခုအထိ ကြာမြင့်သွားနိုင်တဲ့ ရေရှည်စစ်ပွဲအသွင် ဆက်လက်ကူးပြောင်းသွားနိုင်ဖွယ် ရှိနေကြောင်း ကာကွယ်ရေးတပ်တွေနဲ့ လေ့လာသူတွေက ယူဆနေကြပါတယ်။
ဒီအချက်တွေကြောင့် စစ်ဘေးရှောင်ရတဲ့ ဒေသခံ သောင်းနဲ့ချီဟာ အမိုးအကာနဲ့ ဆေးဝါးတွေ အရေးတကြီး လိုအပ်နေကြပြီး တချို့နေရာတွေမှာ ကုန်ဈေးနှုန်း မြင့်တက်မှုတွေနဲ့လည်း ကြုံတွေ့နေကြရကြောင်း ပြောပါတယ်။










