DVB Logo
Home
အာရှဒေသ
ရေကာတာအလိုမရှိ
DVB
·
September 25, 2013
ရေကာတာအလိုမရှိ
Donate to DVB

နာမဒါ မြစ်ကမ်းတလျှောက်မှာ နေထိုင်ကြတဲ့ ထောင်နဲ့ချီနေတဲ့ မိသားစုတွေရဲ့ တိုက်ပွဲက မပြီးသေးပါဘူး။
အိန္ဒိယနိုင်ငံ မက်ဒရာပရဒက်ရှ် နာမဒါ မြစ်ကမ်းတလျှောက်က ရေကာတာစီမံကိန်းကြောင့် သူတို့တွေ အတင်းအကျပ် နှင်ထုတ်ခံခဲ့ကြရတယ်။ ရေကာတာတွေကနေ လျှပ်စစ်ဓာတ်အားနဲ့ ရေရရှိရေးကိုလည်း အထောက်အကူပြုမှာ မှန်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ သူတို့ နေအိမ်တွေနဲ့ မြေတွေ ဆုံးရှုံးကြရတယ်။

ဆန္ဒပြသူတွေထဲမှာ အမျိုးသမီးတွေက အများစုပါ။ သူတို့ထဲက တယောက်ကတော့ အွန်ကာရက်ရ်ဝါ ရေကာတာတည်ဆောက်ရေးအတွက် ရွှေ့ပြောင်းခံခဲ့ရတဲ့ အသက် ၅၈ နှစ် အရွယ် ဆတ်ကူဘိုင်ပါ။

“ကျမတို့အတွက်၊ ကလေးတွေအတွက် ကျောင်းတွေနဲ့ ဆေးရုံတွေ ဘာဆိုဘာမှ မရှိဘူးရှင်။ ကျမတို့အိမ်တွေနဲ့ မြေတွေလည်း နစ်မြုပ်လုဆဲဆဲ ဖြစ်နေပြီ။ ကျမတို့ ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်နေရပြီ။ ဘယ်သူမှလည်း အလေးမထားကြဘူး။”

နာမဒါဟာ အိန္ဒိယနိုင်ငံရဲ့ ပဉ္စမ အကြီးဆုံးမြစ် ဖြစ်ပါတယ်။ ဒေသရဲ့ အဓိက စိုက်ပျိုးရေးနဲ့ စီးပွားရေး ရင်းမြစ်တခုပါ။ အစိုးရက အိမ်ခြေ ၅ သိန်းကျော်အတွက် လျှပ်စစ်ဓာတ်အားနဲ့ ဆည်မြောင်းရေ၊ သောက်ရေ ပေးဝေဖို့ မြစ်ပေါ်မှာ ရေကာတာ ၅ ခု ဆောက်လုပ်နေပါတယ်။

အဲဒီအတွက် ထောင်နဲ့ချီတဲ့ ပြည်သူတွေ သူတို့ရဲ့ မြေတွေနဲ့ အိမ်တွေ ဆုံးရှုံးနေရပါတယ်။ မျှတတဲ့လျော်ကြေးကို ပေးစေချင်တယ်လို့ ဆတ်ကူဘိုင်က ပြောပါတယ်။

“ကျမတို့က ဒီနေရာက ရွှေ့မပေးနိုင်ဘူး။ အိမ်တွေကိုလည်း ဖျက်မပေးနိုင်ဘူး။ ကျမတို့ ဒီလိုပဲ ရေမြုပ်ခံလိုက်မယ်။ မြေယာတွေအတွက် လျော်ကြေးအဖြစ် အနည်းဆုံး အမေရိကန် ဒေါ်လာ ၁ သောင်း ပေးစေချင်ပါတယ်။”

ရေကာတာစီမံကိန်းတွေကို ဒီလိုဆန့်ကျင်ကန့်ကွက်တာဟာ ဒါပထမဆုံးတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်က ရွာတချို့မှာ ရေကန့်ကွက်ဆန့်ကျင်ပွဲတခုကို ၂ ပတ်ကြာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ရေထဲမှာ လည်ပင်းအထိ နစ်မြုပ်တဲ့ထိအောင် တနေ့ကို နာရီ ၂၀ ကြာ နေခဲ့ကြတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က တရားရုံးချုပ်က မက်ဒရာပရဒက်ရှ်ပြည်နယ်အစိုးရကို ရေကာတာ စီမံကိန်းတွေကြောင့် ထိခိုက်ခံခဲ့ရသူတွေကို ပြန်လည်နေရာချထားပေးဖို့ အမိန့်ပေးခဲ့ပါတယ်။ နာမဒါ ကယ်တင်ရေး လှုပ်ရှားမှုဆောင်ရွက်နေတဲ့ ဒေသရဲ့ အင်ဂျီအိုက အလော့အာဂရာဝေါလ်
ကတော့ အမိန့်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ အစိုးရကို သူတို့ ဖိအားပေး နေတယ်လို့ ပြောပါတယ်။

“အတင်းအကျပ် နှင်ထုတ်ခံရသူတွေကို  မြေယာအတွက် မြေယာပြန်ပေးသင့်တယ်။ ပြန်လည် အခြေချနေထိုင်နိုင်ဖို့ အထောက်အပံ့တွေလည်း ပေးသင့်တယ်။"

အမိန့်ထုတ်ပြီးတဲ့နောက် ပြည်နယ်အစိုးရက လျော်ကြေးငွေပေးမယ်လို့ ကြေညာခဲ့ပါတယ်။
တချို့ ရွာသားတွေကတော့ ငွေရှိပြီးကြပေမယ့် အတော်များများကတော့ ရသင့်တဲ့ လျော်ကြေးရဲ့ တစိတ်တပိုင်း၊ တချို့က လုံးဝ မရကြသေးတာတောင် ရှိပါတယ်။ ဂိုဂေါလ်ကျေးရွာက ကာလဘိုင်ကတော့ အဲဒါဟာ မလုံလောက်ပါဘူးလို့ ဆိုပါတယ်။

“အစိုးရက ၁ ဧကမှာ အမေရိကန်ဒေါ်လာ ၃၆၀၀ ပဲ ပေးချင်တာပါ။ အဲဒါက ခု ရှိနေတဲ့ ဈေးကွက်နှုန်းထက် နိမ့်ကျနေတယ်ရှင့်။ ရေကာတာစီမံကိန်းကို ရပ်လိုက်ပြီး ကျမတို့မြေတွေကိုပဲ ပြန်လိုချင်တယ်။"

ကန့်ကွက်ဆန္ဒပြမှုတွေက မက်ဒရာပရာဒက်ရှ်ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲတွေ မကျင်းပခင် လပိုင်းအလိုမှာ ကပ်ပြီးထွက်ပေါ်လာခဲ့တာပါ။ ဒီလိုဆန္ဒပြမှပဲ အစိုးရကို သူတို့ ပေးထားတဲ့ကတိကို တည်အောင်လို့ တွန်းအားပေးနိုင်မယ်လို့ ရွာသားတွေက မျှော်လင့်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013