DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံအသစ်ရေးဆွဲရန် မလိုဟု တစညပါတီ ပြောကြား
DVB
·
September 24, 2013
ဖွဲ့စည်းပုံအသစ်ရေးဆွဲရန် မလိုဟု တစညပါတီ ပြောကြား
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံကို အသစ်ရေးဆွဲဖို့ မလိုဘဲ တမျိုးသားလုံးအကျိုးအတွက် ဖွဲ့စည်းပုံကို သင့်တင့်မျှတအောင် ညှိနှိုင်းပြင်ဆင်သင့်တယ်လို့ တစညပါတီက ပြောကြားလိုက်ပါတယ်။

အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမွေဆက်ခံတဲ့ တစည ပါတီတည်ထောင်ခြင်း ၂၅ နှစ်ပြည့် ရွှေရတုပွဲကို ရန်ကုန်မြို့က ပါတီဌာနချုပ်မှာ ဒီကနေ့ ကျင်းပပြီး ပါတီရဲ့ သဘောထားကြေညာချက်ကို ထုတ်ပြန်သွားတာပါ။

ဒီသဘောထားကြေညာချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဏ္ဍိုင်ပြုပြီး တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်အောင်ဆောင်ရွက်ဖို့နဲ့ ပြည်သူလူထု အတွင်း ခိုင်မာတဲ့ အမျိုးသားအင်အားစုအဖြစ် ရပ်တည်နိုင်မယ့် ရည်ရှည်တည်တံ့ခိုင်မြဲတဲ့ ပါတီဖြစ်အောင် ဆက်ကြိုးပမ်းသွားဖို့ စတာတွေ ပါဝင်ပါတယ်။

ပါတီပြောရေးဆိုခွင့်ရှိသူနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးသိန်းထွန်းက ၂၀၀၈ ဖွဲ့စည်းပုံကို အသစ်ရေးဆွဲဖို့ မလိုဘဲ တမျိုးသားလုံးအကျိုးအတွက် ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ပဲ လိုတယ်လို့ ပါတီက သဘောထားကြောင်း ပြောပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဏ္ဍိုင်ပြုတဲ့ နိုင်ငံရေးလမ်းကြောင်းကနေပြီးတော့ တိုင်ပြည်ဖွံ့ဖြိုးရေးလုပ်ရမယ်။ ဒါဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောတာ တချက်ပေါ့နော်။ နောက်အချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပိုမိုကောင်းမွန်အောင်လို့ လိုအပ်တာကို ပြုပြင်ရေးဆွဲဆောင်ရွက်ရမယ်ဆိုလို့ရှိရင် အားလုံးပြုပြင်ရေးဆွဲတာတို့ အသစ်ကနေ ပြန်ရေးဆွဲတာတို့ မလိုအပ်ပါဘူး။ တိုင်းရင်းသားလူမျိုးများရဲ့ အကျိုး၊ တမျိုးသားလုံးရဲ့အကျိုးကို ရှေးရှုတဲ့၊ လွှမ်းခြုံတဲ့၊ မဟာဗျူဟာကျတဲ့ အမျိုးသားအကျိုးစီးပွားတွေကို ရှေးရှုပြီး လိုအပ်တဲ့ဟာတွေပဲ ပြင်ဖို့လိုမယ်။”

၂၀၀၈ ဖွဲ့စည်းပုံပါ ဒီမိုကရေစီနည်းမကျတဲ့ အချက်တွေကို ပြင်ဆင်ရေးဆွဲဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီက ကြိုးပမ်းနေပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကတော့  ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအသစ်တခု ရေးဆွဲပြဋ္ဌာန်းဖို့ သဘောထားရှိပါတယ်။

တစညပါတီအနေနဲ့ ဖွဲ့စည်းပုံသစ်ရေးဆွဲရေး လက်မခံပေမယ့် ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး တိုင်းရင်းသားတွေအတွက် အာဏာခွဲပိုမိုခွဲဝေပေးနိုင်ရေး ၂၀၀၈ ဖွဲ့စည်းပုံကို သင့်တင့်မျှတအောင် ညှိနှိုင်းပြင်ဆင်သင့်တယ်လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းက ပြောပါတယ်။

“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမှာ ဒီဥပဒေနဲ့ ပတ်သက်ပြီး အာဏာခွဲဝေရေးပေါ့။ တိုင်းရင်းသားဒေသများနဲ့ တိုင်းရင်းသားတွေရဲ့ ဥပဒေပြုမှု အုပ်ချုပ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုချုပ်ကိုင်ရေးကို ဖြေလျော့ပြီး သူတို့အတွက် ပိုမိုပြီး သင့်မြတ်ကောင်းမွန်တဲ့ လုပ်ပိုင်ခွင့်တွေ တိုးမြှင့်ပေးဖို့လိုတယ်။ အဲဒီလို လုပ်ဖို့ ဥပဒေအရပြောမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၁၊ ၂၊ ၃၊ ၅ ကို ပြန်လည် ဆန်းစစ်ညှိနှိုင်းပြီးတော့ အာဏာခွဲဝေရေးကို သင့်တင့်မျှတအောင် လုပ်ဖို့လိုတယ်။ ”

ဒီကနေ့ ပါတီတည်ထောင်ခြင်းရွှေရတု အခမ်းအနားကိုတော့  ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) စတဲ့ နိုင်ငံရေးပါတီတွေက ထိပ်တန်းခေါင်းဆောင်တွေအပါအ၀င်   လူဦးရေ ၇၀၀ လောက်  တက်ရောက်ခဲ့တာဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိတ်ကြားထားပေမယ့် တက်ရောက်ခဲ့ခြင်းဘူးလို့ တစညပါတီက ပြောပါတယ်။

တစညပါတီကို  ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် စက်တင်ဘာလ ၂၄ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။ ဒီပါတီဟာ ၁၉၉၀ ပြည့်  ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိက ပြိုင်ဘက်ဖြစ်ခဲ့ပြီး အမတ်နေရာ ၁၀ နေရာအနိုင်ရရှိခဲ့ပါတယ်။  ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ အမတ်နေရာ ၆၄ နေရာ အနိုင်ရထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013