DVB Logo
Home
Lead Story
စုပ်ခွက်ငါး အန္တရာယ်
DVB
·
January 30, 2021
စုပ်ခွက်ငါး အန္တရာယ်
Donate to DVB

မြစ်ချောင်း၊ အင်းအိုင်နဲ့ ငါးမွေးမြူရေးကန်တွေမှာ ငါးမျိုးစိတ်တစ်မျိုးရဲ့ ကြီးကြီးမားမား အန္တရာယ်ပြုလာနိုင်တဲ့အခြေအနေတွေ ပြောဆို၊ ဆွေးနွေး၊ သတိပေးသံတွေ ကြားနေရပါတယ်။ ပြည်ပက အလှ‌မွေးငါးမျိုးစိတ်တွေကနေ တစိမ့်စိမ့်နဲ့ ၀င်ရောက်လာတဲ့ စုပ်ခွက်ငါး အန္တရာယ်ပဲ ဖြစ်ပါတယ်။

စုပ်ခွက်ငါးတွေ လွန်ခဲ့တဲ့နှစ်တွေက တစတစ တွေ့လာတယ်ဆိုပေမယ့် အခုလို ထင်မထားလောက်တဲ့ မျိုးပွားနှုန်းကောင်းကောင်းနဲ့ ပေါက်ပွားရှင်သန်နေပြီဆိုတာ အင်တာနက်စာမျက်နှာပေါ်က စုပ်ခွက်ငါးတွေကို ရိုက်ထားတဲ့ဓာတ်ပုံတချို့ကို ထောက်ရှုရင် မှန်းဆနိုင်ပါတယ်။

အန္တရာယ်ရှိတဲ့ စုပ်ခွက်ငါးတချို့ မြစ်တွေ၊ ချောင်းတွေထဲကို လွတ်ရာလွတ်ကြောင်း သွားခွင့်ပေးလိုက်တာကိုလည်း စိုးရိမ်နေကြပါတယ်။ ငါးသားပေါက်ရာသီမှာ အကောင်ရေ ဘယ်လောက် ဆတိုး တိုးလာမလဲဆိုတာက ပိုပြီးစိုးရိမ်စရာ ဖြစ်ပါတယ်။

အရင်းနှီးကြီးကြီး၊ ငွေလုံးငွေရင်းနဲ့ ရင်းနှီးမတည်ရတဲ့ ငါးမွေးမြူရေး‌လုပ်ငန်းသမားတွေအတွက် ထိခိုက်စရာတစ်ခု ဖြစ်နေပါတယ်။ အခုလို ဖြစ်လာတာ လွန်ခဲ့တဲ့နှစ်ပိုင်းတွေက စခဲ့တာဖြစ်ပါတယ်။ ငါးမွေးမြူရေးကန်တွေကို ဖော်ချိန်မှာ ကန်ငါးတွေနဲ့အတူ ကပ်ပါလာတတ်ပါတယ်။

ဒီဗွီဘီရဲ့ စိုက်ပျိုးမွေးမြူရေး ရုပ်သံအစီစဉ်တစ်ခုဖြစ်တဲ့ တို့ခေတ်လယ်ယာ အစီအစဉ်မှာ တွံတေးမြို့နယ်က ငါးကန်‌တွေအကြောင်း ရိုက်ကူးရင်း တွေ့ခဲ့ရပါတယ်။ ကန်တူးဖော်နေစဉ် အလုပ်သမားတချို့က ကန်ဘောင်ကို ပြေးတက်၊ ညှပ်နဲ့ အသင့်ညှပ်လာတဲ့ စုပ်ခွက်ငါးကို ‘ကောင်းကျိုးမပေးတဲ့ကောင်’ ဆိုပြီး ပါးစပ်ကလည်း ရေရွတ်၊ လက်ကလည်း ရိုက်သတ် ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

ဘာကြောင့် ဒီလိုလုပ်ရတာလဲ ဆိုတာကို မေးတော့ “ဒီကောင်တွေ များများရှိလို့ကတော့ ငါးစာတွေ ထည့်မလောက်ပဲ။ ကိုယ်ရင်းထားတဲ့ငွေက ကန်ထဲက ငါးတွေရဲ့ ပါးစပ်ထဲရောက်အောင် ထည့်ပေးရတာ။ ဒီလိုမှ မထည့်‌ပေးနိုင်ရင် အမြတ်ရဖို့ ဘယ်လွယ်မလဲ။ ဒီထက်ဆိုးတာက ငါးကန်တွေကို ဖျက်ဆီးတာ။ ဒီကောင်တွေက နေရရင် မြေကြီးတူးနေတယ် ထင်တယ်။ သူတို့ရှိရင် မြေကြီးတွေက ‌လိုဏ်ခေါင်းဖြစ်ပြီး ကန်ပေါင်တွေ ပြိုကျပျက်စီးတဲ့အဆင့်အထိ ကြုံရတယ် " လို့ တွံတေးမြို့က ကန်ပိုင်ရှင် ကိုကျော်အောင်က စုပ်ခွက်ငါးအကြောင်း ကြုံရတာတချို့ကို ပြောပြပါတယ်။

ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ငါးကန်ဖော်မယ်ဆို စုပ်ခွက်ငါးပါပါလာရင် တခြားငါးတွေကို ဒဏ်ရာ အနာရစေပါတယ်။ စုပ်ခွက်ငါး ဆူးတောင်ကြောင့် ငါးကန်က ငါးတွေရဲ့ ခန္ဓာကိုယ်အရေပြား၊ အကြေးခွံတွေကို အနာဖြစ်သွားမယ်ဆို ဈေးကွက်ထဲ ရောင်းတန်း၀င်ငါး ဖြစ်လာမှာ မဟုတ်တော့ပါဘူး။ ဒဏ်ရာများတဲ့ငါးတွေဆို အလဟဿ လေလွင့် ဆုံးရှုံးရတာ ဖြစ်ပါတယ်။

ငါးမွေးမြူရေးအတွက် ငွေလုံးငွေရင်းတွေနဲ့ စိုက်ထုတ်ထားတာဖြစ်လို့ ငါးကန်လုပ်ငန်းသမားတွေအတွက် ထိခိုက်နစ်‌နာစရာ အကြောင်းရင်းတစ်ခုလို ဖြစ်လာပါတယ်။

စုပ်ခွက်ငါးတွေက အကြမ်းခံနိုင်တယ်။ ပေါက်ပွားနှုန်း ပိုမြန်သလို အဆများများ ပေါက်ပွားနိုင်ခြေ ရှိပါတယ်။ စုပ်ခွက်ငါးတွေ မြစ်၊ ချောင်းတွေမှာ ရှိမယ်ဆို ဒေသငါးမျိုးစိတ်တွေ လျော့နည်းလာနိုင်တယ်။ မြစ်ချောင်းကမ်းပါးတွေ တဖြည်းဖြည်း ပြိုကျ ပျက်စီးလာနိုင်သလို မြစ်တွေ၊ ချောင်းတွေ ပိုတိမ်ကောနိုင်တဲ့ အခြေအနေမျိုး ဆိုက်ရောက်နိုင်ပါတယ်။

 မျိုးပွားလွယ်တာ၊ မျိုးပွားနှုန်းများတာတွေ အထောက်အထားတွေ ရှိထားတဲ့အတွက် မြစ်ချောင်းတွေမှာ ပုံမှန်မဟုတ်တဲ့ ငါးမျိုးစိတ်တွေကြောင့် အခက်ကြုံလာရနိုင်တယ်ဆိုတဲ့အကြောင်း ဇီ၀မျိုးစုံမျိုးကွဲနဲ့ သဘာ၀ထိန်းသိမ်းရေး ဆောင်ရွက်နေသူတွေကနေ သတိ‌ပေးထားပါတယ်။ ပညာပေးလုပ်ငန်းတွေလည်း ဆောင်ရွက်လာတာကို တွေ့ရပါတယ်။

စုပ်ခွက်ငါးတွေက အလှမွေးငါးမွေးမြူရေးလုပ်ငန်းတွေကနေတဆင့် ပြည်တွင်းကို တင်သွင်းလာတာ ဖြစ်ပြီး ငါးအရွယ်ကြီးလာတဲ့အခါ အလှမွေးငါးကန်တွေကနေ နီးစပ်ရာ ချောင်း မြောင်းတွေထဲကို စွန့်ပစ်ရာကနေ ပြန့်ပွားလာတာ ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။ ငါး‌မွေးကန်တွေထဲကို ပိုပြီး ပျံ့နှံ့လာမယ်ဆို ငါးမွေးမြူရေးလုပ်ငန်းကို ပိုပြီးထိခိုက်လာစေနိုင်တဲ့အတွက် စုပ်ခွက်ငါးတွေကို ဖမ်းမိပြီဆို ငါးကို မီးဖုတ်ပြီး အချဉ်ရေနဲ့ စားနိုင်သလို မျိုးမပွားလာအောင် တခြားနည်းတွေနဲ့ သုတ်သင်ရှင်းလင်းကြဖို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်း၀န်ကြီးဌာနကနေ ကြေညာချက်တရပ် ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်အတွင်းမှ ငါးမွေးမြူရေးကန် ဧကပေါင်း ၃၀၀၀၀ ထက် မနည်း ရှိနေတာကို  ဒီဗွီဘီက သွားရောက်ရိုက်ကူးစဉ်က ငါးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

လတ်တလော အင်တာနက်စာမျက်နှာပေါ်က စုပ်ခွက်ငါးအန္တရာယ်ကို ပြောဆို ဆွေးနွေးသံတွေ ကျယ်လောင်နေချိန်မှာ တွံတေး၊ ကော့မှူးတဝိုက်က အသိမိတ်ဆွေ တချို့ Facebook messenger ကနေတဆင့် ဆက်သွယ်လာတာ ရှိပါတယ်။ သူတို့အကြောင်း ရင်ဖွင့်သံတွေကို ပြောပြချင်ကြတဲ့အတွက်ပါ။ တပိုင်တနိုင် လုပ်ကွက်ငယ် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ ရှိသလို ငါးကန်ဧကများစွာကို မွေးမြူထုတ်လုပ်နေသူတွေလည်း ရှိပါတယ်။ ငါးကန်တွေက တခြားအကြောင်းအရင်းတွေကြောင့် အဖိတ်အစဉ် ရှိနေတာဖြစ်ပြီး စုပ်ခွက်ငါး အန္တရာယ်က ထပ်တိုးအခက်အခဲတစ်ခုလို ဖြစ်နေပါတယ်။

ဝိုင်း၀န်းဆွေးနွေး အဖြေရှာ ထိန်းချုပ်ဆောင်ရွက်နိုင်ပြီး စုပ်ခွက်ငါးတွေရဲ့ အန္တရာယ်ကနေ အချိန်တိုတိုအတွင်း လွတ်ကင်းနိုင်ပါစေလို့ ဆန္ဒပြုရင်း။ ။

စသူရကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013