DVB Logo
Home
မြန်မာသတင်း
ဟုန်ရှင်း အလုပ်သမားခေါင်းဆောင် ၂ ဦးကို ဆက်လက်တရားစွဲဆို
DVB
·
September 24, 2013
ဟုန်ရှင်း အလုပ်သမားခေါင်းဆောင် ၂ ဦးကို ဆက်လက်တရားစွဲဆို
Donate to DVB

မြို့တော်ခန်းမရှေ့ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတဲ့ ဟုန်ရှင်းအအေးခန်း အလုပ်သမားတွေနဲ့ အလုပ်ရှင်တို့ အကြား လစာ လျော်ကြေးကိစ္စတွေ  ညှိနှိုင်းဆွေးနွေးပြေလည်သွားပေမယ့် ဟုန်ရှင်းအခြေခံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းမင်းနဲ့ အတွင်းရေးမှူး ကိုသီဟတို့ကို အလုပ်ရှင်က ဆက်လက်တရားစွဲဆိုထားပါတယ်။

ပိတ်ဆို့မှု၊ အကျိုးဖျက်ဆီးမှု၊ အားပေးအားမြှောက်ပြုမှု၊ ခြိမ်းခြောက်မှု စတဲ့ ပုဒ်မ ၃၄၁၊ ၄၂၇၊ ၁၁၄၊ ၅၀၆ တွေနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

တရားစွဲခံထားရတဲ့ ကိုမင်းမင်းက “အလုပ်ရှင်ဘက်ကတော့ ကျနော်တို့ နစ်နာတဲ့အနေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်လို့ ပြောတယ်ခင်ဗျ။  ကျနော်တို့ကို တရားစွဲဆိုထားတဲ့ အမှုကတော့ မပိတ်ပေးသေးဘူး” လို့ ပြောပါတယ်။

ဟုန်ရှင်းအလုပ်သမား ၁၀၀ ကျော်ဟာ အလုပ်ရှင်က လျော်ကြေးပေးပြီး အလုပ်ထုတ်ဖို့ စီစဉ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ စက်တင်ဘာ ၂၂ ရက်နေ့ ကတည်းက ရန်ကုန် မြို့တော်ခန်းမရှေ့မှာ သပိတ် စခန်းဖွင့်လှစ် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဒီအတွက်  အလုပ်သမား ၀န်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ပြည်သူ့လွှတ်တော် အမတ်တွေက အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား ညှိနှိုင်းပေးရာကနေ အလုပ်ရှင်ဘက်က အလုပ်သမားတွေအတွက် လုပ်အားခ လျော်ကြေးပေးဖို့ စက်တင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းက သဘောတူညီခဲ့တာပါ။

အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား ညှိနှိုင်းပေးခဲ့တဲ့ ပြည်သူ့လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းကတော့ ညှိနှိုင်းပေးတာကို အလုပ်သမားတွေက ကျေနပ်မှုရှိကြတယ်လို့ ပြောပါတယ်။

“ဥပဒေမှာလည်း ဒီအတိုင်းပဲပါတယ်။ နောက်တခုက ကျမ တို့ကိုယ်တိုင်နဲ့ အလုပ်သမား ဦးစီးဌာနက ဦးစီးမှူးတွေကိုယ်တိုင်လည်း ညှိနှိုင်းပေးတဲ့ဟာမှာကြီးကြပ်ထားပါတယ်။ ညှိနှိုင်းပေးမှုမှာ အလုပ်သမားတွေ ခွင့်ခံစားခွင့်တွေကိုလည်း ထပ်ထည့်ပေးထားပါတယ်။”

သဘောတူညီချက်အရ လုပ်သက် ၃ နှစ်အထက် ရှိသူတွေကတော့ လစာ၊ ရက်မှန်ကြေး၊ ထမင်းစာရိတ် စတာတွေ အပါအ၀င် ၅ လစာ လျော်ကြေး ပေးခဲ့သလို လုပ်သက် ၃ နှစ်အောက်ရှိတဲ့သူတွေကိုတော့ ၃ လစာ လျော်ကြေး ပေးခဲ့တယ်လို့ ဆိုပါတယ်။

လျော်ကြေးရရှိခဲ့တဲ့အပေါ် ကိုမင်းမင်းက “ကျနော်တို့ အလုပ်သမားတွေက လျော်ကြေးလိုချင်လို့ လုပ်တာမဟုတ်ဘူး။ အလုပ်လုပ်ချင်လို့ လာကြတာ။ ဒါပေမယ့် မဖြစ်မနေ လုံးဝညှိနှိုင်းလို့မရတဲ့ အခြေအနေအဆုံးမှာ လျော်ကြေးယူပြီး ပြန်ခဲ့ရတာပါ” လို့ ပြောပါတယ်။

တာဝန်ရှိသူတွေက ညနေ ၃ နာရီမှာ လုပ်သက်ခံစာခွင့်လျော်ကြေးပေးဖို့ ကတိပေးသွားတဲ့ အတွက် အလုပ်သမားတွေက လုပ်သက်ခံစားခွင့်အတွက် လျော်ကြေးရဖို့ စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013