ရပ်ဆိုင်းလိုက်ပြီဖြစ်တဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ထမံသီ ရေးအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်စဉ်က ရွှေ့ပြောင်းခံခဲ့ရတဲ့ ဒေသခံတွေဟာ သူတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေ ဧက ၁၄၀၀ ကျော်အတွက် မြန်မာအစိုးရနဲ့ အိန္ဒိယ အစိုးရ နှစ်ဖက်စလုံးဆီမှာ လျော်ကြေးတွေ တောင်းခံတော့မယ်လို့ ဒေသခံတွေနဲ့ ကူညီသူတွေက ပြောပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့က ရန်ကုန် ၃၆ လမ်း ဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ကျင်းပတဲ့
သတင်းစာရှင်းလင်းပွဲမှာ ဒေသခံတွေနဲ့ ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံး တာဝန်ရှိသူတွေက ခုလို ပြောလိုက်တာပါ။
၂၀၀၇ စီမံကိန်းကာလအတွင်း လေဝေယံနဲ့ တဇုံး ရွာနှစ်ရွာက လူဦးရေ ၂၀၀၀ ကျော်ကို
ရွှေ့ပြောင်းစရိတ် ကျပ် ၅၀၀၀ လောက်ပဲ ပေးပြီး ပြောင်းရွှေ့ခိုင်းခဲ့တာလို့ ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေးအစည်းရုံး ပြောခွင့်ရ ဒေါ်ငိုင်ငိုင်းက ပြောပြီး ၂၀၁၃ ဇွန်လမှာ စီမံကိန်း ရပ်ဆိုင်းလိုက်တယ်လို့ အစိုးရပြောပေမယ့် ဒေသခံတွေက ကိုယ့်နေရပ် ကိုယ် မပြန်နိုင်သေးဘူးလို့ ပြောပြကြပါတယ်။











