DVB Logo
Home
လူမှုရေး
မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာအစီအစဉ်အတွက် ဒေါ်လာ ၂၆၇ သန်းခွဲ သုံးမည်
DVB
·
January 28, 2021
မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာအစီအစဉ်အတွက် ဒေါ်လာ ၂၆၇ သန်းခွဲ သုံးမည်
Donate to DVB

၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဆောင်ရွက်မယ့် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှု အစီအစဉ်တွေအတွက် အမေရိကန်ဒေါ်လာ ၂၆၇ သန်းခွဲ အသုံးပြုသွားမယ်လို့  မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရုံးက ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ၂၀၂၁ ခုနှစ်အတွက် အစီအစဉ်တွေကို ထုတ်ပြန်လိုက်တာပါ။

ကချင်၊ ကရင်၊ ပဲခူးအရှေ့ပိုင်း၊ ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်းက ထိခိုက်လွယ်လူဦးရေ ၉၄၅,၀၀၀ လောက်အတွက် လူသားချင်းစာနာမှုအကူအညီနဲ့ ကာကွယ်စောင့်ရှောက်ရေး   ဝန်ဆောင်မှုတွေအတွက် အမေရိကန်ဒေါ်လာ ၂၆၇ သန်းခွဲ သုံးမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နဲ့ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးတာဝန်ခံ Ola Almgren က “မြန်မာနိုင်ငံ အစိုးရ၊ ဒေသမိတ်ဖက်တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ရင်း လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်မှုအစီအစဉ်မှာ ထည့်သွင်းထားတဲ့ နေရာတွေဆီက ယာယီစခန်း တွေမှာ ကာလရှည်ကြာ နေထိုင်နေကြရသူ ဦးရေ ၂ သိန်းခွဲ အပါအဝင် နေရပ်စွန့်ခွာသူ ခန့်မှန်းခြေ ၃၃၆,၀၀၀ အတွက် ရေရှည်တည်တံ့မယ့် အဖြေရအောင်ကြိုးပမ်းတာဟာ အင်မတန် အရေးပါပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေသူ ၁၀ သိန်းလောက်ရှိပြီး ပြီးခဲ့တဲ့နှစ်က ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကနေ လူပေါင်း ၂ သိန်းခွဲလောက်ဟာ အခြေခံကျန်းမာရေးဝန်ဆောင်မှုတွေကို လက်လှမ်းမီခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနှစ်က ကိုဗစ်-၁၉ တုံ့ပြန်ရေး အပါအဝင် လူသားချင်း စာနာမှု အခြေအနေတွေအတွက် စုစုပေါင်း ရန်ပုံငွေ လိုအပ်ချက်ရဲ့ ၆၇ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၈၅ သန်းကို လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်မှုအစီအစဉ်ကတဆင့် သုံးစွဲခဲ့ပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေဟာ အမျိုးသမီးနဲ့ ကလေးငယ် ၈၃,၀၀၀ ကျော်အတွက် အာဟာရအကူအညီ၊ လူပေါင်း ၂၄၀,၀၀၀ လောက်အတွက် ယာယီတဲတွေနဲ့ အခြေခံအိမ်သုံး ပစ္စည်းတွေ၊ လူပေါင်း ၃၉၀,၀၀၀ လောက်အတွက် သန့်ရှင်းတဲ့ သောက်သုံးရေ၊ ကလေးငယ် ၇၅,၀၀၀ အတွက် အရေးကြီး ပညာရေးအထောက်အပံ့တွေ ပေးနိုင်ခဲ့တယ်လို့လည်း ကုလသမဂ္ဂက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013