DVB Logo
Home
Lead Story
အာဏာနဲ့ရေးတဲ့သမိုင်း မိုက်ရိုင်းလေ့ရှိတယ်
DVB
·
January 27, 2021
အာဏာနဲ့ရေးတဲ့သမိုင်း မိုက်ရိုင်းလေ့ရှိတယ်
Donate to DVB

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်း ရှိသလား’လို့မေးလာရင် ရှိတာပေါ့လို့ ဖြေကြလိမ့်မယ်။ ‘ဘယ်လိုအကျပ်အတည်းတွေလဲ’လို့ထပ်မေးရင် “ပထမဦးဆုံးနဲ့ အဓိကအကျအကျဆုံး အကျပ်အတည်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေပဲ”လို့ ဖြေမယ့်သူဟာ ၉၀ ရာခိုင်နှုန်းအထက်မှာရှိမှာ သေချာတယ်။ လူထုဆန္ဒမပါဘဲ လွှတ်တော်ထိုင်သူက ထိုင်၊ ဝန်ကြီးဌာန တချို့ ယူသူက ယူထားပေတာကိုး။

ဒုတိယအနေနဲ့ ‘ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး’လို့ ဖြေကြပါလိမ့်မယ်။ တတိယကတော့ အထွေထွေလို့ ဆိုကြပါစို့။ အဲဒီအထွေထွေထဲမှာ  လတ်တလော စွပ်စွဲပြောဆိုနေတဲ့ ‘မဲမသာမှု’ဆိုတဲ့ အချက်တော့ ပါမယ်မထင်။ ဘာလို့လဲဆိုတော့ ပြည်သူကိုယ်တိုင် မဲပေးခဲ့သူတွေမို့ သမာသမတ်ရှိသလား၊ မရှိဘူးလားဆိုတာ မဲပေးခဲ့တဲ့ ပြည်သူကိုယ်တိုင်က သိနေလို့ပါပဲ။

ဒီတော့ ရွေးကောက်ပွဲကြောင့်တော့ နိုင်ငံရေးအကျပ်အတည်းမဖြစ်ပါဘူး။ ရှိလည်း မရှိပါဘူး။ လူရွှင်တော်တွေ ပြောသလို “ကိုယ်ဟာကိုယ် တလုံးထဲနဲ့ ဘောင်းဘီကျပ်” နေသူတွေမှာတော့ ရှိချင်ရှိပေမပေါ့။ ရွေးကောက်ပွဲဥပဒေက အတိအကျပြဋ္ဌာန်းထားပြီးသားပဲ မဟုတ်လား။ 

ဒီကြားထဲ  “ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များသည် အပြီးအပြတ် ဖြစ်သည်ဆိုရုံမျှဖြင့် မလုံလောက်ဘဲ တရားမျှတ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ပြသနိုင်မှသာ ပြည်သူ့ဆန္ဒနဲ့အညီ လက်ခံသွားမည်”ဆိုတာကတော့ ယင်းထုတ်ပြန်သောအဖွဲ့အစည်းက ဥပဒေအထက် ရောက်နေသလို ဖြစ်စေတယ်လို့ ယူဆရန် အကြောင်းဖြစ်ပေါ်လာစေတယ်။ ဒါ့အပြင် အကျပ်အတည်းကို တမင်ဖန်တီးနေသလို ဖြစ်စေတယ်လို့လည်း ယူဆရန်အကြောင်းခြင်းတရပ် ဖြစ်နေပြန်ပါတယ်။

နောက်တချက် ယူဆလို့ရတာက “အပြီးအပြတ်ဖြစ်သည်ဆိုရုံမျှဖြင့် မလုံလောက်”ဆိုတဲ့ အသုံးအနှုန်းကလည်း ၂၀၀၈ ခုနှစ် ဗိုလ်သန်းရွှေလက်ထက်မှာ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဘဲ ငြင်းဆန် နေရာရောက်နေတဲ့အတွက် ပြည်သူလူထုမှာ သံသယပွားစရာတွေ ဖြစ်လာစေပါတယ်။ ငြင်းဆန်ခြင်း ဟုတ်၊ မဟုတ်ကတော့ ထုတ်ပြန်သူတွေသာ အသိဆုံးဖြစ်မယ် ထင်ရဲ့။

နောက်တမျိုးစဉ်းစားကြည့်ရင်လည်း တကယ်တမ်း အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အဖွဲ့အစည်း မှန်ခဲ့ရင် အခြေခံဥပဒေပြဋ္ဌာန်းချက်အရ “ကော်မရှင်အဖွဲ့၏ ဆောင်ရွက်ချက်သည် အပြီးအပြတ်ဖြစ်သည်” ဆိုတဲ့ ပြဋ္ဌာန်းချက်ကို လိုက်နာရပါလိမ့်မယ်။

အဲဒီလိုလိုက်နာပြီး ‘စည်းကမ်းရှိတဲ့အဖွဲ့အစည်းတရပ်’လို့ ပြည်သူလူထုက မြင်လာအောင် လက်ရှိ ရွေးကောက်ပွဲအရ တက်လာမယ့် ပြည်ထောင်စုလွှတ်တော်မှာ အဆိုတရပ်တင်ပြီး ဖြည့်စွက်ပြင်ဆင်ပေးဖို့ တောင်းဆိုကြရမှာပါ။ ဒါမှလည်း ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်းအဖြစ် လူထုက လေးစားချစ်ခင်လာမယ့်အပြင် စည်းကမ်းရှိသောဒီမိုကရေစီဆိုတဲ့ စကားနဲ့ ညီညွတ်ပေမပေါ့။

ဒါဟာ ခြေ/ဥကို စောင့်ရှောက်ချင်တဲ့ အဖွဲ့အစည်းတခုအနေနဲ့ တရားဥပဒေကြောင်းအရ ဖြေရှင်းနိုင်တဲ့ အခွင့်အရေးပဲ။ ဒီအခွင့်အရေးအရ မဖြေရှင်းဘဲ တခြားနည်းနဲ့အင်အားကို အသုံးပြုဖြေရှင်းမယ်ဆိုရင်တော့ ဆိုးရွားလွန်းတဲ့ သမိုင်းက သူ့ကို ‘ခွေးပုရပိုက်’မှာ မှတ်တမ်းတင်ထားမှာပဲ ဖြစ်တယ်။ ဒီလိုမှတ်တမ်းတင်လိုက်ပြီဆိုရင် သားစဉ်မြေးဆက် လူပုံအလယ်မှာ မျက်နှာမဖော်ရဲလောက်အောင် ဖျောက်ဖျက်လို့မရနိုင်လောက်တဲ့  သမိုင်းဆိုးကြီး တင်ကျန်ရစ်ခဲ့တော့မှာပါ။

အရင်ကဖြစ်ခဲ့တဲ့ သမိုင်းဆိုးတွေကိုလည်း သင်ခန်းစာ ယူနိုင်ခြင်းမရှိသေးဘူးဆိုတာ တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ  တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မမှတ်ယူနိုင်ကြောင်း အတိအလင်းပြောခဲ့တာကို ကြည့်ရင်သိနိုင်ပါတယ်။

နမူနာယူစရာကောင်းတာက ကျောင်းသားသမဂ္ဂအဆောက်အုံကြီးကိုဖြိုခဲ့တဲ့ ဗိုလ်နေဝင်းအကြောင်းပဲ။ အစပိုင်းမှာ ဒီကိစ္စကို ဗိုလ်နေဝင်းက တဂုဏ်တယူပြောလေ့ရှိပေမယ့် သူ့မိန်းမက သမိုင်းဌာနကဆရာမဆိုတော့ သမိုင်း အမဲစက်ဖြစ်နေတာကိုသိလို့ မသေခင်ဖြေရှင်းသင့်တယ်ဆိုတော့ ဗိုလ်နေဝင်းဟာ ‘သူဂုဏ်ယူခဲ့တဲ့ကိစ္စဟာ သမိုင်းအမဲစက်ကြီးပါလား’ဆိုပြီး ဖြေရှင်းဖိုကြိုးစားခဲ့ဖူးပါတယ်။ သူ့မိန်းမဆရာမကြီးက လင်ယောကျ်ားကျူးလွန်ခဲ့တဲ့ သမိုင်းအမှားကို အချိန်မီသတိပေးခဲ့သေးတယ်။ ဒါပေမဲ့ အခက်တွေ့တာက သမိုင်းကို အာဏာနဲ့ရေးလို့မရဘူး။ ပြည်သူလူထုကရေးတာလေ။ သမိုင်းကို ‘တပွဲစားစိတ်’နဲ့ကြည့်လို့မရပါဘူး။

ဒါကြောင့် ဥပဒေကြောင်းအရ ဖြေရှင်းစရာနည်းလမ်းရှိနေပါလျက်နဲ့ အခြားအခြားသော တပွဲစားနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုရင် ပြောလိုက်ပါရစေ။  “အာဏာဟာ သေနတ်ပြောင်းဝက ထွက်ချက်ထွက်ပေလိမ့်မယ့် ဒါပေမဲ့ သမိုင်းကိုတော့ အာဏာနဲ့ရေးလို့မရဘူး။ သမိုင်းကို ပြည်သူလူထုကပဲ ရေးပါလိမ့်မယ်။ ပြည်သူကပဲ ဆုံးဖြတ်ပါလိမ့်မယ်”

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013