DVB Logo
Home
မြန်မာသတင်း
ဦးပိန်တံတား ပြန်ဖွင့်ခွင့်မရသေးသဖြင့် ဒေသခံများ အခက်ကြုံနေ
DVB
·
January 27, 2021
ဦးပိန်တံတား ပြန်ဖွင့်ခွင့်မရသေးသဖြင့် ဒေသခံများ အခက်ကြုံနေ
Donate to DVB

မန္တလေး၊ အမရပူရမြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှု မကျဆင်းသေးတာကြောင့် အထင်ကရနေရာဖြစ်တဲ့ ဦးပိန်တံတားကို  ပြန်လည်ဖွင့်လှစ်ခွင့်မရသေးဘဲ တံတားကို အမီပြု လုပ်ကိုင်စားသောက်နေတဲ့ ဒေသခံတွေ  အခက်အခဲကြုံတွေ့နေကြရ ပါတယ်။

မန္တလေးမြို့မှာ ၂၀၂၀  မတ်လကစပြီး ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားခဲ့တာကြောင့် လူအသွားအလာများပြားတဲ့ ဦးပိန်တံတားကို ဧပြီလ ၁၃ ရက်နေ့က စပြီး ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တာဖြစ်ပါတယ်။

တောင်သမန်အင်းတစ်ဝိုက်က ဈေးဆိုင်တွေကိုလည်း မတ်လကတည်းက ဆိုင်ဖွင့်လှစ်ရောင်းချခွင့် မပြုတော့တာကြောင့် ဈေးရောင်းချသူတွေဝင်ငွေမရှိဘဲ အခက်အခဲတွေ့နေရပြီး ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ ဈေးဆိုင်တွေကို ပြန်လည် ဖွင့်လှစ်ခွင့် ပြုပေးစေလိုတယ်လို့ ဈေးရောင်းသူတွေက ပြောပါတယ်။

တောင်သမန်အင်းအနီး မိုးသောက်ကြယ် အထည်ဆိုင်မှ ဒေါ်နုနုဝင်းက "စားဝတ်နေရေး အားလုံးမပြည့်စုံကြဘူးရှင့်၊ ငွေရေးကြေးရေးလေးလည်း ပြုတ်ကြပြီ၊ အားလုံး အဆင်မပြေကြဘူးရှင့်၊ ငွေရေးကြေးရေးကအစ အစစအရာရာပေါ့နော်။ အကုန်လုံး အခက်အခဲဖြစ်နေကြပါတယ်။ အားလုံးကတော့ ဖွင့်စေချင်တာပေါ့နော်၊ အကုန်လုံး ဒီ တစ်တန်းလုံးကလည်း ဒီ တံတားကြီး မှီခိုပြီးတော့ စားသောက်နေကြတော့ တံတားကြီး ပိတ်ထားတဲ့အတွက် အားလုံး အဆင်မပြေကြဘူး ရှင့်၊ အရောင်းအဝယ်လည်း မဖြစ်ကြ၊ ဘာလုပ်လို့မှလည်း အဆင်မပြေဘူး ဖြစ်နေတာ၊ တံတားနဲ့ ပတ်သက်ပြီးတော့ ဒီမှာ တံတားမှီခိုပြီးတော့ ဓာတ်ပုံသမားတွေတို့ ဒီဈေးဆိုင်တွေတို့ စားသောက်ဆိုင်တွေတို့ အမှတ်ရဆိုင်လေးတွေလည်း အဆင်မပြေကြဘူးရှင့်၊ လက်ဆေးကန်လေး တွေတို့၊ Mask လေးတွေ တပ်ပြီးတော့ လက်အိပ်လေးတွေစွပ်ပြီးတော့ ခေါင်းပေါင်းလေးတွေ နဲ့ပေါ့။ အဲ့လိုလေးတွေ လုပ်ပေးကြဆိုလည်းလုပ်ပေးမယ်လို့၊ တစ်တန်းလုံး အဲ့လိုလေးဖွင့်စေချင်ပါတယ်"လို့ ပြောပါတယ်။

မန္တလေးခရိုင် အတွင်းမှာ ၂၀၂၀ ဖေဖော်ဝါရီမှ ၂၀၂၁ ဇန်နဝါရီ ၂၀ ရက်အထိ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂,၈၀၈ ယောက်ရှိပြီဂ  ၃၄၅ ယောက်  သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အမရပူရမြို့နယ်မှာတော့ ကိုဗစ်စတင်ကူးစက်ရာကာလကနေ  အခု ဇန်နဝါရီ ၂၀ ရက်အထိ ကူးစက်ခံရသူ ၁၆၀၂ ယောက်၊ သေဆုံးသူ ၂၉ ယောက်ရှိပြီး  ၈၉ ယောက်က  ဆေးရုံ တက်ရောက် ကုသဆဲလို့ သိရပါတယ်။

အမရပူရမြို့နယ် အပါအဝင် ချမ်းအေးသာစံနဲ့ မဟာအောင်မြေမြို့နယ်တွေကို ၂၀၂၀ စက်တင်ဘာလကနေ ယနေ့အထိ stay at home သတ်မှတ်ထားတာ ဖြစ်ပါတယ်။ မန္တလေးခရိုင်အတွင်း ကျန်လေးမြို့နယ်ကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက stay at home ထပ်တိုး သတ်မှတ်ထားပါတယ်။

သတင်း- ထိန်ထိန်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013