DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ပြည့်နှစ်တွင် ဒေါ်လာသန်း ၁၀၀၀ ဖိုး မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ
DVB
·
January 27, 2021
၂၀၂၀ ပြည့်နှစ်တွင် ဒေါ်လာသန်း ၁၀၀၀ ဖိုး မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ
Donate to DVB

၂၀၂၀ ပြည့်နှစ်ထဲမှာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်း အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်၊ မူးယစ်တရားခံပေါင်း အယောက် ၂၀,၀၀၀ နီးပါးဖမ်းဆီးခဲ့ပြီး ၂၀၁၉ တုန်းကထက် ဖမ်းဆီးရမိမှု  နှစ်ဆကျော် ပိုများလာခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

၂၀၂၀ ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ တနိုင်ငံလုံးမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့တဲ့ အခြေအနေကို ထုတ်ပြန်တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ အမှုပေါင်း ၁၃၉၆၀ မှု၊ တရားခံ ၁၉၉၉၄ ယောက်တို့ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်မှာ ၂၀၁၈ ခုနှစ်ထက် အမှုပေါင်း ၃၇ မှု၊ တရားခံပေါင်း ၂၇၄ ယောက် လျော့နည်းခဲ့ပေမယ့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်းကျော်၊ အိုက်စ် ၆ ဒသမ ၅၉၈ တန်ကျော်နဲ့ မူးယစ်ဆေးဝါးတန်ဖိုးအနေနဲ့ ၁၁၂ ဒသမ ၄၅ ဘီလီယံတိုးမြှင့်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာတော့ ၂၀၁၉ ခုနှစ်ထက် အမှုပေါင်း ၉၆၀ မှု၊ တရားခံပေါင်း ၁၅၈၇ ယောက်၊ ဘိန်း ၂ ဒသမ ၃၃ တန်ကျော်၊ ဘိန်းဖြူ ၁ ဒသမ ၁၆၃ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၉ ဒသမ ၆၉၁ သန်းကျော်၊ အိုက်စ် ၇ ဒသမ ၉၃၇ တန်ကျော်၊ ဘိန်းစာရွက် ၁ ဒသမ ၀၃၈ တန်ကျော် မူးယစ်ဆေးဝါးတန်ဖိုးငွေ ၈၈၁ ဒသမ ၀၉ ဘီလီယံကျော်တိုးမြှင့်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအမှုတွေကနေ ဘိန်း ၃ ဒသမ ၈၈ တန်ကျော်၊ ဘိန်းဖြူ ၁ ဒသမ ၈၅ တန်ကျော်၊ ဘိန်းဆီခဲ ၈၉ ဒသမ ၂၇၃ ကီလို၊ မော်ဖင်း ၄၉ ဒသမ ၀၆ ကီလို၊ ဘိန်းညိုမှုန့် ၅၈၆ ဒသမ ၉၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၈ ဒသမ ၄၁ သန်း၊ စိတ်ကြွဆေးအကြေမှုန့် ၂ ဒသမ ၁၄ တန်ကျော်၊ အိုက်စ်(Methamphetamine) ၁၇ ဒသမ ၃၆ တန် အပါအဝင် မူးယစ်ဆေးဝါးနဲ့ စိတ်ပြောင်း ဆေးဝါးမျိုးစုံ ၃၅ မျိုးနဲ့ ဓာတုပစ္စည်းမျိုးစုံ ၇၅  မျိုး ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီမူးယစ်ဆေးနဲ့ ဓာတုပစ္စည်းတွေဟာ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၄၃၆ ဒသမ ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇၉ ဘီလီယံ)ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးတော့ လက်နက်ခဲယမ်းတွေ၊ အိမ်စီးယာဉ် ၅၉၀ စီး၊ ကုန်တင်ယာဉ် ၁၀၄ စီး၊ ခရီးသည်တင်ယာဉ် ၈ စီး၊ ဆီဘောက်ဆာ ၅ စီး၊ ဘက်ဟိုးယာဉ် ၁ စီး၊ ထွန်စက် ၁ စီး၊ လှေ ၂ စီး၊ Speed Boat ၁ စီး၊ စက်လှေ ၁၇ စီး၊ စုစုပေါင်းယာဉ် ၇၂၉ စီးနဲ့ အတူဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အခုလို ပိုဖမ်းဆီးနိုင်လာတာဟာ ၂၀၂၀ ပြည့်နှစ်အတွင်းကုလသမဂ္ဂမူးယစ်ဆေးဝါးကော်မရှင် (CND)ကနေ သတ်မှတ်တဲ့ ဓာတုပစ္စည်း ၃ မျိုး၊ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်အရသတ်မှတ်တဲ့ ဓာတုပစ္စည်း ၇ မျိုးကို တိုးမြှင့်သတ်မှတ်ထိန်းချုပ်ခဲ့တာကလည်း တချက်ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးတော့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ရတဲ့ သတင်းတွေ၊ အမေရိကန်၊ ဩစတြေးလျ၊ ထိုင်းနဲ့ တရုတ် စတဲ့ နိုင်ငံတကာမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့တွေနဲ့ သတင်းဖလှယ် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာကလည်း အကြောင်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013