DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလ အနာကြီးရောဂါ ဝေဒနာသည်များ စားရေးသောက်ရေး ခက်ခဲ
DVB
·
January 27, 2021
ကိုဗစ်ကာလ အနာကြီးရောဂါ ဝေဒနာသည်များ စားရေးသောက်ရေး ခက်ခဲ
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ နံ့သာမြိုင်ကျေးရွာက အနာကြီးရောဂါ  ဝေဒနာရှင်တွေဟာ ကိုဗစ်ကာလမှာ စားရေးသောက်ရေး အခက်အခဲ‌ရှိနေတယ်လို့ အနာကြီးရောဂါသည် ပရဟိတလူမှုကူညီရေးအသင်းထံက သိရပါတယ်။

ဒါ့အပြင် ကိုဗစ်ကာလ ဖြစ်တာကြောင့် တခြားဒေသတွေကို သွားရောက် အလှူခံဖို့ မလွယ်ကူသလို လာရောက်လှူဒါန်းလေ့ရှိတဲ့ အလှူရှင်တွေကလည်း လုံးဝမလာတဲ့ လတွေ ရှိတယ်လို့ အနာကြီးရောဂါသည် ပရဟိတလူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးရဲဇော်က ပြောပါတယ်။

"ကိုဗစ်ကာလ ဖြစ်ပြီးနောက်ပိုင်းမှာတော့ အလှူရှင်က ပါးသွားပြီ၊ ထမင်းကျွေးဆိုလည်း ခါတိုင်းဆို တစ်လကို လေးငါးခြောက်ဦး အဲ့လိုလာကျွေးကြတာ ရှိတယ်ပေါ့။ အဲ့ဒီကိစ္စတွေတော့ ဦးကြီးတို့အသင်းကပဲ ချက်ကျွေးရတာပေါ့။ ည မနက် ကျွေးရင် ဦးကြီးတို့က ကျွေးရတယ်။ ဒီနောက်ပိုင်း ကိုဗစ်ကာလဖြစ်သွားတဲ့ခါကျတော့ ရှာဖွေတောင်းရမ်းစားရတဲ့သူကျ ပြောရရင်တော့လေ သွားရတာဆိုတော့၊ မန္တလေးသွားဖို့ဆိုတာ၊ သူတို့တောင်မှ အိမ်ထဲက အိမ်ပြင် ထွက်ဖို့မလွယ်တဲ့ အခြေအနေဖြစ်တော့ တော်တော် ခဲယဉ်းသွားတာပေါ့" လို့ ပြောပါတယ်။

ရွာမှာ နေထိုင်ပြီး စားဝတ်နေရေးအခက်အခဲကြုံတာကြောင့် မန္တလေးမြို့ကိုသွားရောက်ပြီး ‌အလှူခံရသူတချို့ ရှိပေမယ့် ကိုဗစ်ကာလဖြစ်တာကြောင့် အဆင်မပြေဘူးလို့လည်း သိရပါတယ်။

အသက် ၄၅ နှစ်အရွယ် ဒေါ်မျိုးက "ကိုဗစ်ကာလကတော့ အခက်အခဲလေးတွေကြုံတာပေါ့၊ အစ်မတို့ မန္တလေးကို အလုပ်သွားလုပ်တယ်ဆိုလည်း အဆင်မပြေကြဘူးလေ။ ကိုယ်က ခုပြော သလိုပဲ သူများ နေ့စားလည်း လုပ်မစားနိုင်တော့ ဒီလိုပဲ တောင်းစားရတာပဲလေ။ တောင်းစားလည်း ဆိုင်ပိတ်တွေ ဘာတွေရှိတော့ အရင်လို အဆင်မပြေဘူးပေါ့။ အခု ကိုယ်က ဒီရွာကနေ မန္တလေးကို သွားရတယ်ဆိုရင် ဆိုင်ကယ်က လေးငါးထောင်ပေးရတယ်။ ကိုယ်ရတော့ လေးငါးရှစ်ထောင်၊ အဲ့ကျတော့ သူ့ ငါးထောင်လောက်ပေးတယ်။ ကိုယ်က သုံးထောင်နဲ့ ဖြစ်သလို စားရတာပေါ့၊ မနက်လေးနာရီလောက် အစောကြီး ထသွားရတာလေ။ ဒီကနေ မန္တလေးကို အဲ့လိုပေါ့၊ မန္တလေးကို သွားတယ်၊ဒါပေမဲ့ အဆင်မပြေဘူး၊ သွားတော့ သွားနေတာပဲ၊ရသလောက်လေးနဲ့ စားရတာလေ။ ကိုယ်မှ အငတ်မှ မနေနိုင်တာ ၊ရောဂါကူးမှာလည်း မကြောက်လို့လားတော့ မဟုတ်ဘူး။ ကြောက်တယ်၊ကိုယ့်တင်ကူးပြီး ကိုယ်သေသွားမှာမဟုတ်ဘူးလေ၊ သူများပါ ဒုက္ခပေးဦးမှာလေ။ အဲ့ကျတော့ အငတ်လည်း မခံနိုင်တော့ ထွက်ရတာပဲ" လို့ပြောပါတယ်။

ကိုဗစ်ကာလ စားရေးသောက်ရေး အဆင်မပြေတာကြောင့် အလှူရှင်တွေ မကြာခဏ လာလှူစေလိုတယ်လို့လည်း အသက် ၇၂နှစ်အရွယ် အနာကြီးဝေဒနာခံစားခဲ့ရသူ ဦးပြူးက ပြောပါတယ်။

ဦးပြူးက"လာလှူတာတော့ မကြာမကြာ လာလှူစေချင်တာပဲ၊အမှန်ပဲ၊ ခုနတုန်းကဟာကို စဉ်းစားဖို့ပေါ့။ ထောက်ပံ့ကြေးများ မလောက်မှန်းတော့ သိတယ်။  လုပ်နိုင်တဲ့ အားကိုးတဲ့ သူကျတော့လည်း၊ အဘတို့ မလုပ်နိုင်တဲ့ ခု ကြံခုတ်တွေ ခေါ်တာပဲ။ အဘတို့ ဘယ်လိုလုပ်နိုင်မှာလဲ။ လူကလည်း မခေါ်၊ အဘတို့လည်း မလုပ်နိုင်ဘူး။ အေး အဲ့ဒီအလှူရှင်ကတော့ အမှန်မျှော်တာပေါ့"လို့ ပြောပါတယ်။

နံ့သာမြိုင်ကျေးရွာမှာ အိမ်ထောင်စု ၆၀၀ ကျော် ရှိပြီး လူဦးရေ ၂၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီထဲကအနာကြီးရောဂါကြောင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူ ၂၃၀  လောက်ရှိ ပါတယ်။

အနာကြီးရောဂါကြောင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းရုံတင်မက ခိုကိုးရာမဲ့သူတွေလည်း ရှိနေပြီး ခရီးဝေးထိသွားရောက် အလှူမခံနိုင်ကြဘူးလို့ သိရပါတယ်။

အသက် ၇၃ နှစ်အရွယ် ဒေါ်ဝင်းက"ကိုဗစ်ကာလ မဖြစ်ခင်တုန်းကတော့ အမေကြီး အလှူခံစားရတာပေါ့၊ အဲ့ ဒင်္ဂါးချောင်းကို သွားသွားပြီး၊ အလှူခံစားရတာပေါ့၊ ကားတွေရှိတော့လေ၊ ကားတွေဆီသွားပြီး အလှူခံစားတာ ၊အခု ကိုဗစ်တွေ ဖြစ်လာတဲ့ခါကျတော့ ဒီ ရောဂါကြီးတွေ ဖြစ်လာတဲ့အခါကျတော့ စားရေးသောက်ရေး နည်းနည်းတော့ အခက်အခဲတွေ့သွားတာပေါ့။ ဒီပရဟိတက အမေကြီးတို့ ကုသိုလ်ရှင်တွေ တအားလာတယ်။ အဲ့ဒီကရတော့ အမေကြီးက ဆွမ်းလောင်းပေမဲ့ နည်းနည်းတော့ အဆင်ပြေတာပေါ့ကွယ်၊ပိုက်ဆံ အခက်အခဲတွေ့တဲ့ ခါကျတော့ ရေနံ့သာတို့၊မတ္တရာတို့ သွားရတာ" လို့ ပြောပါတယ်။

နံ့သာမြိုင်ကျေးရွာဟာ မန္တလေးမြို့ မြောက်ဘက် ၃၂ မိုင်ခန့်အကွာမှာ တည်ရှိတာ ဖြစ်ပါတယ် ။ ၁၉၉၀ ခုနှစ်မှာ မန္တလေးမြို့က အနာကြီးရောဂါ ဝေဒနာရှင်တွေကို အဆိုပါနေရာသို့ ပို့ဆောင်ကာ ကျေးရွာတည်ပေးခဲ့တာဖြစ်ပါတယ်။

အရင်ကတော့ အစိုးရက အသက် ၁၅ နှစ်အောက် ထောက်ပံ့ကြေး ၁၅၀ ကျပ် ၊ ၁၅ နှစ်နဲ့ အထက် ၅၉ နှစ်အထိ ၄၅၀ကျပ်၊ အသက် ၆၀နဲ့ အထက် ၆၀၀ ကျပ် ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၅ ခုနှစ်နောက်ပိုင်းမှာတော့အသက် ၁၅ နှစ်အောက်မှာ အနာကြီး ရောဂါ ဖြစ်ပွားသူ မရှိတော့တဲ့အတွက် အသက် ၁၅ နှစ်အောက်ကို ထောက်ပံ့မပေးတော့ပဲ ၁၅ နှစ်နဲ့ အထက် ၅၉ နှစ်အထိ ၂၅၀၀ ကျပ်၊ အသက် ၆၀နဲ့  အထက်ကို ၃၅၀၀ ကျပ် အစိုးရက လစဉ်ထောက်ပံ့တယ်လို့ သိရပါတယ်။

သတင်း- ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013