DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်အတွက် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေကျပ် ၂၂၈၈ သန်းကျော် တောင်းခံ
DVB
·
January 27, 2021
ကယားပြည်နယ်အတွက် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေကျပ် ၂၂၈၈ သန်းကျော် တောင်းခံ
Donate to DVB

၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ် ကယားပြည်နယ်အတွက် ဘဏ္ဍာရန်ပုံငွေအစီအစဉ်မှာ ဖြည့်စွက်ခွင့်ပြုငွေကျပ်   ၂၂၈၈ ဒသမ ၃၁၇ သန်း ပေးဖို့ တောင်းခံထားပါတယ်။ 

ဒီဖြည့်စွက်ခွင့်ပြုငွေတင်ပြတောင်းခံတဲ့အပေါ် အတည်ပြုပေးနိုင်ဖို့အတွက် ပြည်နယ်ရဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမော်မော်က ဇန်နဝါရီ ၂၆ ရက်က ကျင်းပတဲ့ ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းလိုက်တာဖြစ်ပါတယ်။

ကယားပြည်နယ်ရဲ့ ဘဏ္ဍာရန်ပုံငွေအစီအစဉ်မှာ ဗဟိုအဖွဲ့အစည်း ၅ ဖွဲ့၊ ဦးစီးဌာန ၁၈ ခုနဲ့ စည်ပင်သာယာရေးအဖွဲ့ ၁ ခု စုစုပေါင်း ဌာနအဖွဲ့အစည်း ၂၄ ခု ပါဝင်ပြီး ဖြည့်စွက်ခွင့်ပြုငွေစာရင်း တောင်းခံရာမှာ ပြည်နယ်အစိုးရအဆင့်ဌာန၊ အဖွဲ့အစည်း ၉ ခု၊ စုပေါင်းဌာနအဖွဲ့အစည်း ၁၂ ခုက ဖြည့်စွက်ခွင့်ပြုငွေ  တင်ပြတောင်းခံတာလို့  ဦးမော်မော်က လွှတ်တော်အတွင်း တင်ပြခဲ့ပါတယ်။

ဖြည့်စွက်ခွင့်ပြုငွေတောင်းခံတာဟာ သာမန်အသုံးစရိတ် ဖြည့်စွက်ခွင့်ပြုငွေ ကျပ်  ၂၁၃ ဒသမ ၀၆၃သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြည့်စွက်ခွင့်ပြုငွေကျပ်  ၂၀၇၅ ဒသမ ၂၅၄ သန်း ဖြစ်ပါတယ်။ 

သာမန်အသုံးစရိတ် ဖြည့်စွက် ခွင့်ပြုငွေကျပ်  ၂၁၃ ဒသမ ၀၆၃ သန်းထဲမှာ လစာ၊ စရိတ်၊ ချီးမြင့်ငွေ စတဲ့ခေါင်းစဉ်မှာ ကျပ်သန်း ၁၄၄ ဒသမ ၇၀၁ သန်း၊ ပစ္စည်းတွေဝယ်ယူတာနဲ့ ဆောင်ရွက်ပေးတာအတွက် ကုန်ကျစရိတ်နဲ့ လုပ်အားခေါင်းစဉ်မှာ ကျပ် ၆၈ ဒသမ ၃၆၂ သန်း ဖြစ်ပါတယ်။

ဒီတင်ပြတောင်းခံမှုအပေါ် ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစောင့်ကြည့် စစ်ဆေးရေးကော်မတီက သာမန်အသုံးစရိတ်ဖြည့်စွက်ခွင့်ပြုငွေကို ဌာန  ၃ ခုမှ တောင်းခံထားပြီး ငွေလုံးငွေရင်းအသုံးစရိတ်ဖြည့်စွက်ခွင့်ပြုငွေကို ဌာန ၁၀ ခုတို့မှ တောင်းခံထားတာကို တွေ့ရကြောင်း လွှတ်တော်အတွင်း အစီခံထားပါတယ်။

အဓိက အများဆုံးတောင်းခံထားတဲ့ဌာန၊ အဖွဲ့အစည်းတွေကတော့ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ ဖြစ်တယ်လို့  အစီရင်ခံအရ သိရပါတယ်။

ဖြည့်စွက်ခွင့်ပြုငွေတောင်းခံထားတဲ့အထဲမှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်း ပါဝင်နေပြီး ဒီလုပ်ငန်းဟာ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်း SEE  ဖြစ်နေပါတယ်။ SEE လုပ်ငန်းသဘာဝအရ မိမိဝင်ငွေပေါ်တွင်သာ ရပ်တည်ရပြီး စီးပွားရေးဆန်ဆန် လုပ်ဆောင်ရတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ လိုငွေပေါ်ရင် နိုင်ငံတော်က အတိုးနဲ့ချေးယူရတဲ့အဖွဲ့ဖြစ်သလို မြတ်စွန်းပါကလည်း နိုင်ငံတော်ကို ထည့်ဝင်ငွေနဲ့ အခွန်တွေကို ပေးဆောင်ရတဲ့အဖွဲ့ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းသဘာဝကွဲပြားနေတဲ့ လုပ်ငန်းတစ်ခုကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွေ ထောက်ပံ့ငွေတွေ ပေးဆောင်နေရတာဟာ SEE လုပ်ငန်းအတွက် မျှတမှု ရှိ၊ မရှိဆိုတာ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးမူဝါဒကို မေးခွန်းထုတ်စရာဖြစ်တဲ့အတွက် ပြန်လည်သုံးသပ်ဖို့ ပြည်သူ့ငွေစာရင်းက အကြံပြုထားပါတယ်။

မယ်စဲမြို့နယ် အမှတ်-၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီအတွင်းရေးမှူး ဦးအောင်နိုင်ဦးကတော့ “သူတို့ရွာတွေကို ကွင်းဆင်းရမယ်၊ မီးသုံးတဲ့လူတွေ မီးစနစ်တကျ ဘယ်လိုသုံးရမလဲ၊ ဘယ်လိုသုံးပြီးတော့ ဘယ်လို နိုင်ငံတော်အခွန်ဆောင်မလဲ၊ ပညာပေးဟာမျိုးလည်း ဖြစ်စေချင်တာပေါ့နော်။ တချို့က ကောက်တော့ ကောက်နေတာပဲ၊ ဘယ်လောက်သုံးနေတာလဲဆိုတာ မသိကြဘူး။ ကျနော်တို့ ကိုဗစ်ကာလမှာ နိုင်ငံတော်ကနေပြီးတော့ ချမှတ်ထားတာ မီတာသုံးစွဲမှုကို တဝက်ကျနှုန်းပေါ့။ တချို့နေရာဆိုလို့ရှိရင်လည်း များတဲ့ဟာများ၊ နည်းတဲ့ဟာနည်းဖြစ်တောပေါ့နော်။ တိတိကျကျ ပြည်သူတွေကို ပညာပေးရမယ်။ နောက် ဘတ်ဂျက်တွေ လိုအပ်သလောက်သုံးပေါ့။ မလိုအပ်ဘဲ ထပ်ထပ်တောင်းလို့ရှိရင် ပြည်နယ်ရန်ပုံငွေကြီးက တအားနစ်နာဆုံးရှုံးမယ်။ ဒါကို ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ စာရင်းစစ်တွေ ဘာတွေ ထိထိရောက်ရောက် စစ်စေချင်တာပေါ့နော်။” လို့ ပြောပါတယ်။ 

ပြည်နယ်ရဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမော်မော် တင်ပြသွားတဲ့ ဖြည့်စွက်ခွင့်ပြုဖို့ ရန်ပုံငွေနဲ့ပတ်သက်လို့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ ဆွေးနွေးမယ့် ကိုယ်စားလှယ်ရှိရင် ဆွေးနွေးမှာဖြစ်ပြီး ဆွေးနွေးသူမရှိပါက အတည်ပြုဖို့ ရှိနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013