DVB Logo
Home
နိုင်ငံတကာ
စစ်ရေး အောင်ပွဲအတွက် အရင်းအမြစ်အားလုံး အသုံးချတိုက်ခိုက်နေဟု အီရန်ပြော 
DVB
·
July 21, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အီရန်နိုင်ငံဟာ အမေရိကန်နဲ့ စစ်ပွဲမှာ လုံးဝအောင်ပွဲအတွက် ရည်စူးပြီး ရှိသမျှ အရင်းအမြစ်အားလုံး အသုံးချ တိုက်ခိုက်နေတယ်လို့ အီရန်သမ္မတ မာဆွတ် ပေဇက်ရှ်ကီယန်က ဇူလိုင် ၂၀ ရက်မှာ  ပြောလိုက်ပြီး စစ်ပွဲအတွင်း စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းဖို့ အရေးကြီးတယ်လို့ အလေးပေး ပြောပါတယ်။

ဒီနေ့စစ်ပွဲဟာ ဒုံးကျည်စစ်ပွဲသက်သက် မဟုတ်ပါဘူး။ ရန်သူက အီရန်နိုင်ငံကို စစ်ရေးတိုက်ခိုက်မှုတွေသုံးပြီး လက်နက်ချခိုင်းဖို့ အတင်းအကျပ် မလုပ်နိုင်ဘူးလို့ ကောက်ချက်ချထားကြောင်း ပေဇက်ရှ်ကီယန်က တီဟီရန်မြို့တော်မှာ ကျင်းပတဲ့ တရားစီရင်ရေး ကောင်စီ အစည်းအဝေးမှာ ပြောပါတယ်။

ရန်သူက အီရန်အပေါ် ရောနှောစစ်ပွဲ ဆင်နွှဲခဲ့ပြီး စီးပွားရေးနဲ့ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုတွေက ရန်သူနဲ့ ရင်ဆိုင်ရာမှာ အရေးကြီးဆုံးနယ်ပယ်တွေအဖြစ် ကြေညာချက်မှာဖော်ပြပါတယ်‌။

စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းဖို့နဲ့ စစ်ပွဲအတွင်း အုပ်ချုပ်ရေးစနစ်ရဲ့ ဦးစားပေး ၂ ခုအဖြစ် လူမှုရေးပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ လိုတယ်လို့လည်း အလေးပေးခဲ့ပါတယ်။

ဇွန် ၁၈ ရက်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ (MoU) အပါအဝင် အမေရိကန်နဲ့ ဆွေးနွေးပွဲတွေထဲမှာ သူ့အစိုးရဟာ အီရန် အမျိုးသားအခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို "အပြည့်အဝကာကွယ်ခဲ့တယ်” လို့ ပေဇက်ရှ်ကီယန်က ထပ်ပြောခဲ့ပါတယ်‌။

အီရန်ရဲ့ သံတမန်ရေးယန္တရားက အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေအပေါ် စစ်ရေးတုံ့ပြန်မှုတွေနဲ့အတူ တက်ကြွနေဆဲလို့ ဘာဂါအီက အလေးပေးပြောခဲ့ပြီး တံတားတွေနဲ့ ဆေးဘက်ဆိုင်ရာ စင်တာတွေ အပါအဝင် အရပ်ဘက် အခြေခံအဆောက်အအုံတွေအပေါ် မကြာသေးမီက အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို ပြည်သူတွေရဲ့ အသက်၊ လုံခြုံရေးနဲ့ လူ့ဂုဏ်သိက္ခာဆိုင်ရာ အခွင့်အရေးတွေကို ချိုးဖောက်မှုအဖြစ် ရှုတ်ချခဲ့ပါတယ်။

အမေရိကန်စစ်တပ်ကတော့ အီရန်နိုင်ငံပေါ် နောက်ဆုံးပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကို အပြီးသတ်လိုက်ပြီလို့ ဇူလိုင် ၂၀ ရက်ညနှောင်းပိုင်းမှာ ပြောကြားလိုက်ပြီး ဒီတိုက်ခိုက်မှုအတွင်း အီရန်ရဲ့ စစ်ဘက်ဆိုင်ရာ ကွပ်ကဲရေးဌာနတွေ၊ ဒုံးပျံနဲ့ ဒရုန်းလွှတ်တင်ရေးစခန်းတွေ၊ ရေတပ်စွမ်း ရည်တွေနဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က ညဘက်ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတစ်ခုကို တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပြီး အဲဒီရုပ်သံမှာ တိုက်လေယာဉ်တွေ ပျံတက်သွားတာနဲ့ ကွပ်ကဲရေးစခန်းတွေ၊ လေကြောင်းရန် ကာကွယ်ရေးစခန်းတွေနဲ့ ကမ်းရိုးတန်းစောင့်ကြည့်ရေးဌာနတွေ အပါအဝင် အီရန်စစ်ဖက် ဆိုင်ရာ ပစ်မှတ်တွေကို တိတိကျကျ ပစ်ခတ်တိုက်ခိုက်နေပုံ အဖြူအမဲ ဝေဟင်ရုပ်သံတွေကို ပြထားပါတယ်။ 

အမေရိကန်စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ အီရန်ပေါ် နောက်ဆုံးပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ အချိန် ၅ နာရီနီးပါး ကြာမြင့်ခဲ့ပြီး ဒါဟာ အမေရိကန်က ၁၀ ညဆက်တိုက် တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေတဲ့ ကုန်သွယ်ရေယာဉ်တွေကို အီရန်က ဆက်လက် တိုက်ခိုက်နိုင်စွမ်း မရှိအောင် လျှော့ချဖို့ ကြိုးပမ်းနေတာလို့ ဝါရှင်တန်က ပြောပါတယ်။ 

အီရန်စစ်ပွဲဟာ ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်ခဲ့ရာကနေ စတင်ခဲ့တာဖြစ်ပြီး အီရန်ဘက်ကလည်း အစ္စရေးနဲ့ အမေရိကန်စစ်စခန်းတွေရှိတဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို ပြန်လည်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013