DVB Logo
Home
နိုင်ငံရေး
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ အားနည်းချက်များ ရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
September 23, 2013
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ အားနည်းချက်များ ရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ တရားစီရင်ရေး ဆိုင်ရာဥပဒေတွေ အားနည်းမှုတွေရှိနေပြီး ပြည်ပရင်းနှီးမြှုပ်နှံသူတွေအတွက် အဟန့်အတား ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့က စင်ကာပူနိုင်ငံရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာလူမျိုးတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုလိုက်တာပါ။
ဒါနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက အရင်ပြဋ္ဌာန်းခဲ့တဲ့ဥပဒေနှင့် ၂၀၁၂ ခုနှစ်မှာ အသစ်ပြန်လည် ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတွေအကြားမှာ တခုနဲ့တခု ချိတ်ဆက်မှုပိုင်း အားနည်းမှုတွေရှိနေတာကြောင့်လို့ ပြောပါတယ်။

“အားနည်းတယ်ဆိုတာ မှန်ပါတယ်။ အခုမှလည်း အစိုးရဘက်က ပြင်သင့်တဲ့ဥပဒေတွေ ပြန်ပြင်နေတဲ့ အနေအထားပါ။ ဥပမာအနေနဲ့ ကျနော်တို့ဆီမှာ ၁၉၈၇ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ ကန့်သတ်သည့် ဥပဒေဆိုတာ ရှိခဲ့ပါတယ်။ အခုချိန်ထိလည်း အသက်ဝင်နေဆဲပေါ့။ အဲဒီဥပဒေအရ နိုင်ငံခြားသားတယောက် မြန်မာနိုင်ငံကိုလာပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် မြေငှားလို့မရ၊ အဆောက်အဦ ငှားလို့မရဘူး။ တခါငှားရင် တနှစ်ပဲ ငှားလို့ရတယ်။”
ဒီအတွက်လည်း ပြဋ္ဌာန်းထားရှိတဲ့ ဥပဒေတွေထဲမှ အားနည်းချက်တချို့ကို ပြန်လည်ချိတ်ဆက်သွားဖို့အတွက် အစိုးရနဲ့ လွှတ်တော် အဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဦးအောင်နိုင်ဦးက ဆိုပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်တဲ့ ဥရောပသမဂ္ဂ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အသင်းအဖွဲ့ OECE ရဲ့ အကူညီကို ယူပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြန်လည်သုံးသပ်ပြီး အားနည်းချက်တွေကို ပြန်လည်ပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိအခြေနေမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေနဲ့ စပ်လျဉ်းပြီး အားနည်းချက်တချို့ကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ၀င်သင့်သလောက် မ၀င်တာလို့လည်း ဦးအောင်နိုင်ဦးက ပြောပါတယ်။

အခုဘဏ္ဍာနှစ်ရဲ့ ဧပြီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ၅ လတာ ကာလအတွင်းမှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံရှိပြီး ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ် ကာလတလျှောက်လုံးမှာရှိခဲ့တဲ့ ပမာဏထက် ဒေါ်လာ သန်း ၄၀၀ ပိုမိုဝင်ရောက်ထားပြီးဖြစ်ပါတယ်။

ဦးသိန်းစိန် အစိုးရသစ်အဖွဲ့ တက်ရောက်လာပြီးနောက် မြန်မာနိုင်ငံမှာ နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ စီးပွားရေးဆိုင်ရာ ပြောင်းလဲမှုတွေကို ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013