DVB Logo
Home
မြန်မာသတင်း
လူအချင်းချင်း ခွဲခြားနှိမ့်ချဆက်ဆံမှုများ တိုက်ဖျက်ကြရန် ရခိုင် အမျိုးသမီးကွန်ရက် တိုက်တွန်း
DVB
·
January 25, 2021
လူအချင်းချင်း ခွဲခြားနှိမ့်ချဆက်ဆံမှုများ တိုက်ဖျက်ကြရန် ရခိုင် အမျိုးသမီးကွန်ရက် တိုက်တွန်း
Donate to DVB

အစိုးရအပါအဝင် နိုင်ငံထဲမှာ နေထိုင်ကြသူတွေအားလုံး လူအချင်းချင်း ခွဲခြားနှိမ့်ချ ဆက်ဆံတာတွေကို တက်ညီလက်ညီတိုက်ဖျက်ကြဖို့ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ရက်က ကြေညာစာတမ်း ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်ဟာ သမိုင်းအစဉ်အဆက်အရ လူမျိုး၊ ဘာသာပေါင်းစုံ အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြပြီး ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ ကျင်းပတဲ့ ပွဲတော်တွေကိုလည်း အားလုံး အတူတူ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ သမိုင်းအစဉ်အလာတွေရှိတယ်လို့ ဇန်နဝါရီ ၂၃ ရက်က ထုတ်ပြန်တဲ့ အမုန်းစကား ဆန့်ကျင်ရေးဆိုင်ရာ ကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ၂၀၁၀ နောက်ပိုင်း ရွေးကောက်ပွဲတွေ ကျင်းပတဲ့ အချိန်ကစလို့ ပါဝင်သူတွေဟာ အနိုင်ရရေးအတွက် အမုန်းစကားတွေနဲ့ အပြန်အလှန် ပြောဆိုတိုက်ခိုက်ခဲ့ကြပြီး တခြားအချိန်တွေ မှာလည်း နိုင်ငံရေးအုပ်စုတွေအတွင်း ဒီလို တိုက်ခိုက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် အမျိုးသမီးကွန်ရက်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မမိုးမိုးအေးက “သာမန် အချိန်တွေမှာတော့ သာမန် Hate Speech (အမုန်းစကား) တွေကတော့ ရှိနေတယ်။ ရွေးကောက်ပွဲနားရောက်တော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ Hate Speech တွေပေါ်လာတယ်။ ပါတီအချင်းချင်းကြား အမုန်းစကား ဖြန့်ဝေတာတွေရှိတယ်။ ၂၀၁၅ နဲ့ ၂၀၂၀ ကြားမှာတော့ အမျိုးသမီးတွေအပေါ် ပိုပြီး Hate Speech ဖြန့်တာတွေ ရှိတာကိုတွေ့ရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ လူမှုအသိုင်းအဝိုင်းကြားမှာ အမုန်းစကားတွေဟာ အရင်ထက် လျော့သွားပြီလို့ သူက ဆိုပြီး လုံးဝ မရှိတော့အောင်အထိ ဖြစ်စေချင်တယ်လို့လည်း ဆိုပါတယ်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေကြောင့် လူ့အဖွဲ့အစည်းတွေကြား တဖက်ကို တဖက် ချိုးနှိမ်ထိခိုက်စေမဲ့ စကားလုံးတွေသုံးပြီး နှုတ်အား၊ စာအား၊ အမူအယာအားဖြင့် တိုက်ခိုက်ခဲ့ကြတာကြောင့် သမိုင်းအစဉ်အဆက်က ရှိခဲ့တဲ့ သဟဇာတဖြစ်တာ၊ တယောက်ရဲ့ ယဉ်ကျေးမှုကို တယောက် နားလည်တာ၊ ယဉ်ကျေးမှု ရိုးရာပွဲတော်တွေမှာ အတူပါဝင်ကြတဲ့ ချစ်စရာကောင်းတဲ့ အလေ့အထတွေလျော့သွားပြီး မတည်ငြိမ်တဲ့ ပြည်နယ် ဖြစ်လာခဲ့တယ်လို့ ကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။

အခုလည်း တပ်မတော်နဲ့ အေအေတို့ကြားဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် မတည်ငြိမ်တာတွေနဲ့ တိုင်းရင်းသားလူမျိုးစုအချင်းချင်းအကြားမှာလည်း အပြန်အလှန် နားလည်မှုလွဲတာ၊ ဝေဖန် ပြောဆိုတာတွေ ဖြစ်လာပြီး အကျိုးဆက်ကတော့ တဖက်နဲ့တဖက်ကြား အမုန်းတရားတွေ ပိုတိုးလာတာကိုပဲ မြင်ရတယ်လို့ ဆိုပါတယ်။

ဒီလိုလူမှုအသိုင်းအဝိုင်းအချင်းချင်းမှာ လူမျိုးရေး၊ ဘာသာရေး၊ လူမှုရေးတွေအပေါ် အခြေခံပြီး အမုန်းစကားတွေပြောတာနဲ့ ခွဲခြားနှိမ့်ချဆက်ဆံတာတွေဟာ မတည်မငြိမ်ဖြစ်စေပြီး ရခိုင်ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ ပြည်နယ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါကြောင့် ကွန်ရက်အနေနဲ့ အသိုင်းအဝိုင်း၊ တဦးတယောက်ရဲ့ သွင်ပြင်လက္ခဏာအပေါ်မူတည်ပြီး ခွဲခြားနှိမ်ချ ဆက်ဆံတာတွေ မရှိဘဲ နေထိုင်သွားနိုင်မယ့် လူ့အဖွဲ့အစည်းတခု ပေါ်လာအောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမုန်းစကားတွေပျောက်ဖို့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ၊ လှုပ်ရှားမှုတွေ လုပ်မှာ ဖြစ်သလို လိုအပ်တဲ့ ဥပဒေစည်းကမ်းတွေပေါ်ထွက်ပြီး ထိထိရောက်ရောက် အရေးယူနိုင်စေဖို့ အစိုးရအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကွန်ရက်က အမျိုးသမီးတွေဦးဆောင်ပြီး တပြည်နယ်လုံးက မြို့တွေမှာ အမုန်းစကားဆန့်ကျင်ရေး လှုပ်ရှားမှုလုပ်ခဲ့ပြီး ပိုစတာတွေ၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ကြပါတယ်။

ရခိုင်အမျိုးသမီးကွန်ရက်ကို မြို့နယ်နဲ့ ခရိုင်တာဝန်ခံတွေနဲ့ ချိတ်ဆက် ဖွဲ့စည်းထားပြီး မြို့နယ် တခုစီမှာ ကွန်ရက်ဝင် ၃၀၀ ကျော်နဲ့အထက်မှာ ရှိတယ်လို့ သိရပါတယ်။

ပိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013