DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲဖြစ်ပွားမှုအပေါ် ကေအန်ယူ အတွင်းရေးမှူး-၂ ပဒိုစောလှထွန်းကို မေးမြန်းချက်
DVB
·
January 25, 2021
တိုက်ပွဲဖြစ်ပွားမှုအပေါ် ကေအန်ယူ အတွင်းရေးမှူး-၂ ပဒိုစောလှထွန်းကို မေးမြန်းချက်
Donate to DVB

ဖာပွန်ခရိုင်နဲ့ ကျောက်ကြီးမြို့နယ်တွေမှာ တပ်မတော်နဲ့ ကေအန်ယူတို့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလမှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် လူထုထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ တိုက်ပွဲတွေ ဘာကြောင့် ဖြစ်ရတာနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)  အတွင်းရေးမှူး-၂ ပဒိုစောလှထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ တိုက်ပွဲကကျောက်ကြီးဘက်မှာလည်း နေ့စဉ်လိုလိုဖြစ်နေတယ်။ ဒေသခံလူထုတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။ နောက် ဖာပွန်ဘက်မှာလည်း ဆက်ဖြစ်နေတယ်။ အဓိက ဘယ်လိုကြောင့် ဖြစ်ရတာလဲ။

ဖြေ။ ဖြစ်တာကတော့ အဓိကပြဿနာက တပ်လှုပ်ရှားမှုတွေရဲ့ အခြေအနေတွေပေါ့။ ကျနော်တို့တွေကတော့ ကိုယ့်ရဲဒေသ ကိုယ့်ရဲ့နေရာပဲ ကျနော်တို့ ရှိနေတာပေါ့နော်။ ကိုယ့်ဒေသ ကိုယ့်နေရာမှာပဲ ရှိနေတော့ ကျနော်တို့က အစိုးရ၊ တပ်မတော်တို့နေရာကို သွားပြီးတော့ တိုက်တာလည်းမဟုတ်ဘူး၊ သွားတာလည်းမဟုတ်ဘူး။ သူတို့တပ်ဘက်ကတော့ တက်လာတယ်၊ လှုပ်ရှားမှုတွေ လုပ်လာတယ်ဆိုတဲ့ ပိုများလာတဲ့ ဥစ္စာတွေက လူထုအတွက် ကြောက်ရွံ့မှုတွေ ဖြစ်လာတာပေါ့နော်။ အရင်ကတည်းက လူထုတွေကလည်း နှစ်ပေါင်း ၆၀ ကျော် အကြောက်တရားနဲ့ပဲ ရှိနေကြတာ။ တပ်မတော်လို့ ပြောလိုက်ရင် ကြားတာနဲ့ ကြောက်ရွံ့နေရတဲ့ ကာလတွေနဲ့ ဖြတ်သန်းခဲ့ရတော့ အခုအခြေအနေကတော့ တပ်မတော်ရဲ့ လှုပ်ရှားမှုတွေ၊ တပ်အင်အား တိုးချဲ့လာမှုတွေ များလာတော့ ပိုပြီးတော့ ကြောက်တာပေါ့နော်။ ဒုတိယတခုကတော့ ဖွံ့ဖြိုးရေး အခြေခံတဲ့ ကားလမ်းဆောက်လုပ်မယ့်ကိစ္စတွေမှာ ဖြစ်လာတဲ့ကိစ္စတွေပေါ့၊ အဲဒါတွေကလည်း အမှန်တကယ်က အန်စီအေ စာချုပ်ထဲမှာဆိုရင် အပစ်ရပ်နယ်မြေဒေသမှာ လုပ်မယ့်ကိစ္စဆောင်ရွက်မှုတွေက နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ပြီး သဘောတူမှသာ အကောင်အထည်ဖော်ရမယ်ဆိုတဲ့ ကိစ္စတွေ ပါတာပေါ့နော်။ နောက်တခုက လူထုတွေရဲ့ သဘောဆန္ဒတွေ ရရှိချက် ရှိမှသာ အကောင်အထည်ဖော်ရမယ်ဆိုတဲ့ ကိစ္စ‌တွေ ပါတာပေါ့နော်။ ဒါပေမဲ့ အခုဖြစ်နေတဲ့ အရာတွေက နှစ်ဖက်ညှိနှိုင်းဆောင်ရွက် သဘောတူညီတဲ့ အကောင်အထည်ဖော်ဖို့ ညှိနှိုင်းသဘောတူမှု မရှိသေးတဲ့အခြေအနေရယ်၊ နောက်လူထုတွေကလည်း ဒီအပေါ်မှာ နှစ်ဖက်က ဘာတွေ လုပ်မယ်ဆိုတဲ့ကိစ္စကို ဘာမှ သူတို့ မသိတာတွေအတွက် ဒီအပေါ်မှာအခြေခံတဲ့ နှစ်ဖက်ထိတွေ့မှုက ပေါ်လာတာပေါ့နော်။

မေး။ ဒေသခံတွေက တပ်စခန်းတွေကို ရွှေ့ပေးဖို့ တောင်းဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က အဲဒီတပ်စခန်းတွေက အရင်ကတည်းက သူတို့ထားရှိခဲ့တဲ့နေရာ ဖြစ်တယ်ဆိုပြီး ပြောဆိုတာမျိုးတွေရှိတယ်။ ဒီအပေါ် ဘာပြောချင်လဲ။

ဖြေ။ သမိုင်းကြောင်းအရ ပြန်ပြောရင်တော့အများကြီးပေါ့။ လွတ်လပ်ရေးရပြီးစ အချိန်ဆိုရင် ကေအန်ယူရဲ့ ဒီဘက်နယ်မြေထဲမှာ ဗမာတပ်စခန်းတွေ ဒီလောက်မရှိဘူးဆိုတာကတော့ သေချာတာပေါ့နော်။ အချိန်ကာလ ရှိလာတဲ့အခါကျတော့ ရှိနေတဲ့ လက်နက်ကိုင်ပဋိပက္ခအရ သူ့တပ်စခန်း၊ ကိုယ့်တပ်စခန်း၊ သူ့နယ်မြေ၊ ကိုယ့်နယ်မြေတွေ တက်လိုက်ရပ်လိုက်၊ ပြန်ဆုတ်လိုက် ပြန်ပြီးတော့ စခန်းပြန်တည်ဆောက်လိုက် ဒီလိုနဲ့ သံသရာလည်ခဲ့ကြတာပဲလေ။ တပ်စခန်းရှိခဲ့ခြင်းဆိုရင်လည်း ကျနော်တို့ ကေအန်ယူလည်း နဂိုကတည်းက ရန်ကုန်မှာရှိခဲ့တာပဲ။ ဒီလိုပြန်ပြောရင်တော့ အများကြီးပေါ့။ ရန်ကုန် အင်းစိန်မြို့မှာ ကျနော်တို့ ကေအန်ယူ ရဲတပ်စခန်းတွေက ရှိခဲ့တာပဲ။ ဒါပေမဲ့ အဲဒါတွေက ထားပေါ့တော့။ အခုနဖြစ်လာတဲ့ ဖြစ်စဉ်ထဲမှာတော့ တိုက်ပွဲဆိုတာက တက်လိုက်ကျလိုက်၊ နိုင်လိုက် သူနေရာရလိုက်၊ ဒါတွေကတော့ သံသရာလည်တာပဲလေ။ ဒါပေမယ့် အခု ဒီဘက်မှာက ကျနော်တို့ အန်စီအေပါအရက လူထုတွေနေတဲ့ နေရာဒေသတို့၊ ဘာသာရေးဆိုင်ရာ နေရာဒေသတို့မှာ တပ်စခန်းတွေ မထားရဆိုတဲ့ကိစ္စတွေက ပါတာပေါ့နော်။ နောက်တခုက ယုံကြည်မှု တည်ဆောက်ဖို့အတွက်လည်း တကယ်ပဲ လူထုတွေနေထိုင်တဲ့ နေရာဒေသတို့၊  လူထုကြောက်ရွံ့မှုတွေ လုပ်ကိုင်စားသောက်မှုတွေနဲ့  ထိပ်တိုက်ဖြစ်စေတဲ့ တပ်စခန်း ရုပ်သိမ်းပေးဖို့အတွက်က ကေအန်ယူနဲ့လည်း ၂၀၁၂ ကတည်းက အဆိုပြုမှုတွေလည်း ရှိခဲ့တာပေါ့နော်။ အဲဒါတွေကလည်း နှစ်ဘက်ဆက်ပြီး ညှိနှိုင်းဆွေးနွေးရမယ့်ကိစ္စတွေ အပေါ်မှာတော့ လိုအပ်တယ်ပေါ့။ ဒါပေမဲ့ အဲဒီအရွေ့တွေကလည်း အန်စီအေ ထိုးပြီးနောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲဘက်ကို အားသွန်ခွန်စိုက် နှစ်ဘက် BILITERAL အရ နှစ်ဖက် သဘောတူညှိနှိုင်းရမယ့်ကိစ္စတွေက ဒီနေ့အထိက ကျန်နေခဲ့တာပေါ့နော်။ အကောင်အထည်မဖော် မညှိနှိုင်းနိုင်ခဲ့ဘူးပေါ့နော်။ ကြာလာတော့ တဖက်က ကျနော်တို့လူထုတွေရဲ့ ကြောက်ရွံ့မှု၊ အန်စီအေအပေါ်မှာ အခြေခံတဲ့ ဆန္ဒတွေရှိလာတာပေါ့နော်။ ဒါကြောင့် လူထုတွေရဲ့တောင်းဆိုမှုတွေ ဒီအပေါ်မှာပဲ အခြေခံပြီးတော့ ဒါတွေကို‌တော့ လုပ်ပေးဖို့သင့်တယ်ပေါ့နော်။  ယုံကြည်မှု တည်ဆောက်ဖို့အတွက် ဒါတွေကို ပြဖို့သင့်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကိုတော့  သပ်သပ် တွေ့ပြီးတော့ ဆွေးနွေးသွားမယ်ဆိုတဲ့ သဘောထားတွေရှိတာပေါ့နော်။ အန်အာပီစီရော၊ တပ်ဘက်ကော ကျနော်တို့ အသိပေးထားတာပေါ့နော်။ ဒီလိုမျိုးအခြေအနေတွေမှာ တွေ့ဆုံပြီးတော့ အန်စီအေပါအရ  အင်အားသုံးခြင်းမရှိတဲ့ ဆောင်ရွက်မှုတွေ လုပ်သွားကြရမယ်ဆိုတဲ့ မူသဘောတူညီချက်တွေ ရှိတယ်လေ။”

 မေး။ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးဖို့ ရှိလာရှင့်။

ဖြေ။ အဲဒါသူတို့ကို ပြောထားတယ်။ အန်အာပီစီနဲ့လည်း ပြောထားတယ်။ တဖက်မှာ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးဖို့သတ်သတ် ကျနော်တို့ ပြောထားတာရှိတာပေါ့နော်။ ဆွေးနွေးမှု စတင်နိုင်ဖို့အတွက် ကျနော်တို့ဒီဘက်အပေါ်မှာ သူတို့ညှိနှိုင်းတဲ့ကိစ္စ လုပ်သွားမှာပေါ့နော်။

နော်နိုရင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013