DVB Logo
Home
မြန်မာသတင်း
အခွန်နှုန်းကျမှ ကားဈေးထပ်ကျမည်
DVB
·
September 20, 2013
အခွန်နှုန်းကျမှ ကားဈေးထပ်ကျမည်
Donate to DVB

အစိုးရက  ပြည်ပကနေ မော်တော်ကားဝယ်ယူ တင်သွင်းခွင့် အကန့်အသတ်တွေကို ဖြေလျှော့ပေးလိုက်ပြီး  ကားဝယ်ယူတင်သွင်းခွင့်ပြုထားပေမယ့်   ပြည်တွင်းကား အရောင်း အ၀ယ်ဈေးကွက်မှာ ကားဈေးတွေ ကျဆင်းလာခြင်းမရှိဘဲ ဖြစ်နေပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့  ပြည်ပကနေ ကားတင်သွင်းခွင့်တွေကို အလွယ်တကူ ခွင့်ပြုထားပေမယ့် လက်ရှိမှာ ကားသွင်းခွင့်ပါမစ်ဈေးနဲ့ နိုင်ငံတော်ကို ပေးဆောင်နေရတဲ့   အခွန်နှုန်းတွေက ကားတန်ဖိုးထက် အဆမတန် တန်ဖိုးများနေတဲ့အတွက် ကားဈေးတွေ မကျပဲ ဖြစ်နေရတာလို့ ရန်ကုန်က ကားအရောင်းအ၀ယ်လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ အရောင်းအ၀ယ်ဖြစ်နေတဲ့ ကားဈေးနှုန်းတွေ ထပ်ကျဖို့က  နိုင်ငံတော်ကို ပေးဆောင်ရတဲ့အခွန်အခတွေ လျှော့ချမှ ဖြစ်နိုင်မယ်လို့ Farmer ကားအရောင်းပြခန်းက   ဒေါက်တာစိုးထွန်းက ပြောတယ်။

ခုလို ကားဈေးတွေ မကျပဲဖြစ်နေရတာဟာ အခွန်အခနှုန်းထားတွေနဲ့ ပါမစ်နှုန်းတွေ မြင့်နေ တာကြောင့် ချည်းပဲတော့ မဟုတ်ပါဘူး။ ရန်ကုန်က ကားဝယ်ရောင်းတဦးဖြစ်တဲ့ ဦးအောင်သန်းဝင်းကတော့ လက်ရှိထက် ကားဈေးတွေ ထပ်ကျဖို့  သက်တမ်းကြာပြီဖြစ်တဲ့ ကားဟောင်းတွေ  အအပ်ခံဖို့လိုတယ်လို့ ပြောပါတယ်။

အရင်တုန်းက ပြည်ပကနေ  ကားတွေ ၀ယ်ယူ တင်သွင်းခွင့်ပါမစ်ကို  ၀န်ကြီးဌာနတွေနဲ့ အစိုးရအကြီးအကဲတွေသာ  ရရှိခဲ့တာဖြစ်ပြီး   အခုဆိုရင် ကားအိုကားဟောင်း ပြန်အပ်ပါက  ကားတင်သွင်းခွင့်ပါမစ်ရရှိဖို့ လွယ်ကူသွားပြီး ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်နောက်ပိုင်းကမှစတင်ကာ  ပြည်ပကားတင်သွင်းခွင့် စည်းကမ်းတွေ ဖြေလျော့ပေးလိုက်ပြီးနောက်   ကားဈေးတွေ ပြုတ်ကျသွားခဲ့ဖူးပါတယ်။   မကြာခင်မှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ကားတင်သွင်းခွင့်ပါမစ် လျှောက်ထားခွင့်ပေးဖို့ အစိုးရက စဉ်းစားနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

ဒါပေမယ့် ကားဝယ်ရောင်းသမားတချို့ကတော့ အစိုးရရဲ့ ကားတင်သွင်းခွင့်မူဝါဒတွေ ထပ်မံပြောင်းလဲပါက ကားဈေးတွေ မကျတဲ့အပြင် ထပ်တက်လာနိုင်တယ်ဆိုပြီး  ကားပါမစ်တွေနဲ့ ကားတွေကို ၀ယ်ယူစုဆောင်းမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

လတ်တလော ရန်ကုန်ကို   ပြည်ပကနေ တရားဝင် ကားအစီင်္းရေ ၅ ထောင်နီးပါး ၀င်ရောက်နေတယ်လို့ ဆိပ်ကမ်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းကနေ သိရပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ကားအစီးရေ ၄ သိန်းကျော်ရှိတဲ့အနက် ရန်ကုန်မြို့မှာ  ကားအစီးရေ ၂ သိန်းကျော်   ရှိနေကြောင်း အစိုးရရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့စာရင်းတွေအရ သိရပါတယ်။

အပြည့်အစုံ နားဆင်ရန်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013