DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လှိုင်းကြား ရုန်းကန်နေရသည့် ထိုင်းနိုင်ငံက  ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းများ
DVB
·
January 24, 2021
ကိုဗစ်လှိုင်းကြား ရုန်းကန်နေရသည့် ထိုင်းနိုင်ငံက  ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းများ
1 / 12
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဒုတိယလှိုင်းကာလ ရောဂါကူးစက်မှုဖြစ်နေတဲ့ ဒေသတွေမှာ စာသင်ကျောင်းတွေပြန်ပိတ်ထားရသလို မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ရင်သွေးငယ်တွေကို ပညာသင်ပေးနေတဲ့ စာသင်ကျောင်းတွေလည်း ပြန်ပိတ်လိုက်ရပါတယ်။  


တချို့ဒေသမှာ ရွေ့ပြောင်းမြန်မာစာသင်ကျောင်းတွေ တစ်နှစ်နီးပါးပိတ်ထားရပြီး အွန်လိုင်း နဲ့ သင်ကြားဖို့ရာသင်ကြားမှုထောက်ကူပစ္စည်းတွေလည်း အခက်အခဲရှိလို့ ပညာဆက်မသင်နိုင် တော့ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းခွင်ရောက်သွားတာတွေလည်းရှိပါတယ်။


အထူးသဖြင့် ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ဒုတိယလှိုင်းဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများအပြားနေထိုင်တဲ့ မဟာချိုင်ဒေသမှာစဖြစ်သွားတာကြောင့် ထိုင်းကျောင်း တွေ မပိတ်ခင်ကတည်းက သူတို့ ကျောင်းပတ်ဝန်းကျင်မှာရှိတဲ့လူတွေက ပိတ်စေချင်နေတာလို့ ဘန်ကောက်ရှိ Dear Burma Academy ရွှေ့ပြောင်းလုပ်သား စာသင်ကျောင်းရဲ့ ဒါရိုက်တာ ဦးမြင့်ဝေက ဒီဗွီဘီကို ပြောပါတယ်။


“ထိုင်းကျောင်းတွေက ပိတ်ထားတော့ ကျနော်တို့ကျောင်းတွေက ပိုဆိုးတာပေါ့။ မြန်မာ နိုင်ငံသားတွေက ရောဂါသယ်ဆောင်လာတဲ့လူတွေအဖြစ် မီဒီယာမှာ လွှမ်းမိုးနေတော့လေ။ ကျောင်းပတ်ဝန်းကျင်ကလူတွေကလည်း ဘယ်တော့ပိတ်မှာလဲ။ ကျောင်းလာတက်တဲ့ ကလေး တွေက ဘယ်ကလာမှန်းလဲ မသိဘူး။ မဟာချိုင်ကကောင်တွေပါလာရင် ဘယ်လိုလုပ်မလဲ။ ဒါမျိုးတွေပေါ့ စိုးရိမ်မှုတွေက သူတို့ထိုင်းမှာရှိတာပေါ့။ ကျနော်တို့တနင်္ဂနွေ အတန်းစာမေးပွဲပြီးတာနဲ့ ဒီဇင်ဘာ ၂၀ မှာ ပိတ်တယ် အဲဒီကတည်းကစ ပြန်မဖွင့်နိုင်သေးဘူး။ အခုအွန်လိုင်းနဲ့သင်ဖို့ စာရင်းကောက်နေတာကျောင်းသားပေါင်း ၃၀၀ ကျော်လောက်ရှိတဲ့ အထဲက ၁၀၀ ကျော်ပဲ စာရင်းပေးထားတယ်။”


Dear Burma Academy ကျောင်းမှာ မြန်မာပြည်မှာနေတုန်းက ပညာသင်ဖို့ အခွင့် အရေးမရှိတဲ့သူတွေ၊ ပညာတပိုင်းတစနဲ့ အလုပ်လာလုပ်နေရသူတွေအများဆုံးလာတက်ပြီး ခုလို အွန်လိုင်းစနစ်ကိုပြောင်းမယ်ဆိုတော့ သူတို့မှာ ကွန်ပျူတာ၊ လက်တော့ပ်စတဲ့ ပညာသင် ထောက်ကူပစ္စည်းတွေဝယ်ဖို့နဲ့ အသုံးပြုဖို့နည်းပညာအခက်အခဲတွေရှိတာကြောင့် အနည်းစုသာ အွန်လိုင်းမှာ ဆက်သင်နိုင်တယ်လို့ ဦးမြင့်ဝေက ပြောပါတယ်။


ကိုဗစ်-၁၉ ကူးစက်သူ နေ့စဉ်တွေ့ရှိနေတဲ့ စမွတ်စာခွန်းခရိုင် မဟာချိုင်မှာလည်း ကိုဗစ် ပထမလှိုင်းကတည်းက ကျောင်းတွေပိတ်ထားပြီး ထိုင်းကျောင်းတွေပြန်ဖွင့်ချိန်မှာ သူတို့ ကျောင်းကတော့ ကျန်းမာရေးစံချိန်စံနှုန်းနဲ့အညီ ပြန်ဖွင့်ဖို့ အခက်အခဲရှိလို့ စာသင်နှစ် တစ် နှစ်နားဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။


ဒီကြားထဲ အွန်လိုင်းစနစ် ဒါမှမဟုတ်အိမ်မှာ လိုက်သင်ပေးတဲ့စနစ်နဲ့ ဆက်သွားနိုင်ဖို့ နည်းလမ်းရှာနေတုန်းမှာ ဒုတိယလှိုင်းထပ်ဖြစ်လာတော့ ကျောင်းပြန်ဖွင့်နိုင်ဖို့ ပိုပြီးအလှမ်းဝေးသွားတယ်လို့ မဟာချိုင်အခြေစိုက် MCDC ( Migrant Children Development Center )  ကျောင်းက တာဝန်ခံ ဆရာလရောင်စိုးက ပြောပါတယ်။


“မနှစ်စာသင်နှစ်စမှာကတည်းက ကိုဗစ်-၁၉ ရှိတဲ့ခါကျတော့ ကျောင်းရဲ့အနေအထား ကကျဉ်းတယ်။ ကျောင်းသားဦးရေကများတယ်ဆိုတော့ တဦးနဲ့တဦးခပ်ခွါခွါထားဖို့က မဖြစ်နိုင်ဘူး။ အဲတော့  တစ်နှစ်လုံးယာယီရပ်နားလိုက်ပြီးတော့ နောက်လာမယ့် စာသင်နှစ်မှာပြန်စမယ်လို့ ဆုံးဖြတ်ခဲ့တယ်၊ အွန်လိုင်းကနေသင်ဖို့လည်းကြိုးစားကြည့်သေးတယ်၊ မြေပြင်ကနေလည်း တဆင့်ပြီးတဆင့်ပြန်ဖွင့်ကြည့်ဖို့ ကြိုးစားကြည့်သေးတယ်။ အဲလိုပဲ ကြိုးစားနေရင်းက ဒုတိယ လှိုင်းက ထပ်လာတော့ ပြန်ပိတ်လိုက်ရတဲ့ အခြေအနေပြန်ဖြစ်လာတာပေါ့။”


MCDC ကျောင်းဟာ မြန်မာနိုင်ငံကပညာရေးနဲ့ တန်းညှိပြီးသင်တာကြောင့် မြန်မာပြည်မှာ လည်း ကျောင်းပိတ်သလို သူတို့ဆီမှာလည်းပိတ်သလိုဖြစ်နေကြောင်း၊ အလုပ်လုပ်နိုင်တဲ့ အရွယ် ရောက်ကလေးတွေကတော့ ၈ တန်းစာမေးပွဲကိုမြန်မာပြည်မှာပြန်ဖြေပြီး ပြန်မလာကြတာကများ လို့ ထိုင်းကလုပ်ငန်းခွင်တွေမှာ ဝင်သွားတဲ့ကလေးတွေတော့ မရှိဘူးလို့ ဆိုပါတယ်။


MCDC ကျောင်းမှာ ကျောင်းနေရွယ်ကစ ၈ တန်းထိ မြန်မာကလေးပေါင်း ၆၀၀ ကျော် ပညာသင်ယူနေကြတာဖြစ်ပါတယ်။


မဟာချိုင်မှာ နောက်ထပ် ရတ်ထိုင်းဖောင်ဒေးရှင်းက ဖွင့်ထားတဲ့ကျောင်း၊ တလတ်ကုန့်ကျောင်း၊ ဝပ်လန်စန်ဘုန်းကြီးကျောင်း၊ မွန်သင်ကြားရေးစင်တာ စတဲ့ကျောင်းတွေရှိသေးပြီး စုစုပေါင်း မြန်မာကလေးတွေ ထောင်နဲ့ချီ ပညာသင်ယူနေကြပါတယ်။


ထိုင်းတောင်ပိုင်း အခြေစိုက် FEDပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ ကျောင်းတွေကတော့  ဇန်နဝါရီလ  ၅ ရက်နေ့ကစပြီး ကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့စည်းကမ်းတွေနဲ့အညီပြန်ဖွင့်နေပြီလို့  အလုပ်သမားရေးရာတာဝန်ခံ ကိုမင်းဦးက ပြောပါတယ်။


“ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် သူတို့သတ်မှတ်ထားတဲ့စည်းမျည်းစည်းကမ်းအတိုင်းပဲ အတတ်နိုင်ဆုံးလိုက်နာပြီးဖွင့်ပါပြီခင်ဗျ။ ဥပမာ နှာခေါင်းစည်းတပ်ရမယ်။ ကျောင်းထဲလာတဲ့ သူ တိုင်း ကိုယ်အပူချိန်တိုင်းတာ၊ လက်ဆေးတာ၊ အခန်းထဲမှာလည်း အရင်က ၃ - ၄ ယောက်ထိုင်တဲ့ ခုံရှည်တစ်ခုကို နှစ်ယောက်ဘဲထိုင်တာပေါ့။ ကျောင်းကားနဲ့ သွားကြိုကတည်းက အဲဒီ ကလေးက ကိုယ်ပူနေရင်ကို ခေါ်မလာတော့ဘူး။”


ဖန်ငခရိုင်ထဲမှာ FED က ဖွင့်ထားတဲ့ ကျောင်း ၂ ကျောင်းရှိပြီး အဆိုပါကျောင်းမှာ ဖန်ငါးမြို့နယ်နဲ့ ခူရပူရီမြို့နယ်မှာရှိကာ မြန်မာကျောင်းသားလေးတွေ ၃၀၀ နီးပါးရှိပါတယ်။


အလားတူ မြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမား စာသင်ကျောင်း တွေဟာလည်း ထိုင်းအစိုးရကျောင်းတွေလို ကျောင်းအင်္ဂါရပ်နဲ့မညီတာကြောင့် ထိုင်းကျောင်းတွေ ဖွင့်ပေမဲ့ ရွှေ့ပြောင်းကျောင်းက ဖွင့်လို့မရသေးဘဲ အွန်လိုင်းနဲ့ ကလေးတွေ နေထိုင်တဲ့ နေရာမှာ ဆရာဆရာမတွေက အဖွဲ့ခွဲပြီး လိုက်သင်ပေးနေရတယ်လို့  မဲဆောက်မှာရှိတဲ့ Social Action for Children and Women – SAW ဖောင်ဒေးရှင်း ဒါရိုက်တာ ဒေါ်အေးမာက ပြောပါတယ်။


“ကိုဗစ်-၁၉ စဖြစ်ပြီးကတည်းက ၂၀၂၀ ပြည့်နှစ်ထဲမှာ ကျောင်းတွေဖွင့်လို့မရဘူးလေ၊ ရွှေ့ပြောင်းစာသင်ကျောင်းတွေကထိုင်းကျောင်းတွေနဲ့မတူဘူး။ ထိုင်းကျောင်းတွေက အကျယ်အ ဝန်းရှိတယ်။ တယောက်နဲ့တယောက်ဘယ်နှစ်ပေအကွာအဝေးနေရမယ်၊ ထမင်းစားဆောင် ဘယ်လို ကာရံထားမယ်၊ အဲလိုမျိုးတွေပေါ့။ ရွှေ့ပြောင်းစာသင်ကျောင်းမှာကျတော့ အဲလိုနေ ရာလုံလုံလောက်လောက်မရှိဘူး။ ကျောင်းရဲ့အင်္ဂါရပ်နဲ့မညီဘူး။ မညီတော့ထိုင်းကျောင်းတွေဖွင့် ပေမယ့် ရွှေ့ပြောင်းစာသင်ကျောင်းတွေဖွင့်လို့မရဘူးပေါ့။ တချို့ကျောင်းတွေမှာ ကျောင်းအကြာ ကြီးပိတ်တော့ နည်းနည်းကြီးတဲ့ကလေးတွေက လုပ်ငန်းခွင်ရောက်ကုန်တာရှိတယ်။ အဲဒါကြောင့် အဲလိုမဖြစ်အောင် ဆရာဆရာမတွေက ကလေးတွေရှိတဲ့နေရာကိုလိုက်သင်ပေးတယ်။ အိမ်ကို အခြေခံပြီး သင်တာပေါ့။ အွန်လိုင်းနဲ့သင်တာတော့ ဒီလထဲမှာစကြတယ်။”


တာ့ခ်ခရိုင်ထဲမှာ ရွှေ့ပြောင်းအလုပ်သမား သားသမီးပညာသင်ကျောင်းပေါင်း ၆၀ ကျော် ၊ ကျောင်းခွဲတွေပါပါရင် ၇၀ ကျော်ရှိပြီး ကျောင်းသားဦးရေ ၁၃၀၀၀ ဝန်းကျင်လောက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။


အလားတူ မြန်မာကလေးပေါင်း ထောင်ကျော်ရှိတဲ့ ထိုင်းတောင်ပိုင်း ရနောင်းခရိုင်ထဲမှာ လည်း ဆရာတွေကိုယ်တိုင် အိမ်တိုင်ရာရောက်စာသင်ပေးတာ၊ အွန်လိုင်းသင်ကြားတာတွေ လုပ် နေတယ်လို့  ချင်းမိုင်အခြေစိုက် BEAM ပညာရေးဖောင်ဒေးရှင်းရဲ့ ရနောင်းကျောင်းခွဲတာဝန်ခံ ဒေါ်အိအိသက်က ပြောပါတယ်။


“ကလေးတွေရဲ့ပညာရေးကိုကျတော့ MENI ကနေလုပ်ထားတဲ့ EQAB အစီအစဉ် နဲ့ပေါ့နော် Online Teaching ပုံစံနဲ့သွားတာရှိတယ်။ အဲဒီဟာကျတော့ ကျမတို့လုပ်ထားတဲ့ QR code လေးတွေရှိတာပေါ့နော် ၁ တန်းကနေပြီးတော့ ၄ တန်းထိ  ကလေးမိဘတွေကို နှိပ်ပြီး တော့ချပြတာပေါ့ ၊ QR  code ကို ဖတ်ပြီးရင် ကလေးတွေသင်ခန်းစာသင်ယူလို့ရတယ်။ ပြီးတော့ ကိုဗစ်ကာလမှာ Home base learning အစီအစဉ်နဲ့ ကလေးတွေကိုရပ်ကွက်ထဲထိ အိမ်တိုင် ရာရောက် အုပ်စုလိုက်ခွဲပြီးတော့ သင်ခန်းစာတွေချပေးပါတယ်။ ”


အိမ်တိုင်ရာရောက် သင်ကြားရာမှာတော့ ဆရာဦးရေနည်းပါးတဲ့အတွက် စာသင်ချိန်ကို တော့လျှော့လိုက်ရကြောင်း ၊  နောက်ထပ်မူကြိုတန်းကလေးတွေသင်ကြားပေးဖို့လည်း စီစဉ်နေ တယ်လို့ ဆိုပါတယ်။


BEAM ရနောင်းကျောင်းခွဲဟာ ကောဆော်နောလို့ခေါ်တဲ့ ထိုင်းအစိုးရရဲ့ ကျောင်းပြင်ပ ပညာရေးကျောင်းနဲ့လည်း ချိတ်ဆက်ဆောင်ရွက်နေပြီး ကျောင်းသူကျောင်းသားပေါင်း ၄၀၀ ကျော်ရှိပါတယ်။ 


ရနောင်းမှာ ရွှေ့ပြောင်းလုပ်သား သားသမီးတွေအတွက် နောက်ထပ် Marist Asia Foundation / REWC ( Ranong Education Working Committee ) ကဖွင့်ထားတဲ့ကျောင်းနဲ့ ရနောင်းဌာနီကျောင်းတို့ပါရှိပြီး ကျောင်းသူကျောင်းသားပေါင်း ၁၀၀၀ လောက်ရှိပါတယ်။


ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု အခြေအနေလျှော့နည်း သက်လာပျောက်ကင်းသွားမှသာ ရွေ့ပြောင်းမြန်မာစာသင်ကျောင်းတွေ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ခွင့်ရမှာ ဖြစ်ပြီး ကိုဗစ်- ၁၉ ရောဂါ ဆက်ရှိနေသရွေ့တော့ ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေး မရေမရာ အခြေအနေနဲ့ ဆက်လက်ကြုံတွေ့နေရမှာ ဖြစ်ပါတယ်။  


ဓာတ်ပုံ-FED - Foundation for Education and Development

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013