DVB Logo
Home
Lead Story
တ၀မ်းတခါးအတွက် နေလောင်ဒဏ်ကို အန်တုသူများ
DVB
·
January 23, 2021
တ၀မ်းတခါးအတွက် နေလောင်ဒဏ်ကို အန်တုသူများ
Donate to DVB

လူတွေဟာ တဝမ်းတခါးအတွက် ရေကြည်ရာ၊ မြက်နုရာအရပ်တွေကို ရွေ့လျားပြောင်းရွှေ့ပြီး လုပ်ကိုင်စားသောက်ကြရတာ ဖြစ်ပါတယ်။ ဒီလို ရွှေ့ပြောင်းပြီး အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြပ်ညပ်လှောင်ပိတ်နေတဲ့ မြို့ပြကြီးကို တိုးဝှေ့ကြရပါတယ်။ ကျောတခင်းစာအတွက် စရိတ်စကကြီးမြင့်ခြင်းဟာလည်း အလုပ်နဲ့လက် မပြတ်ဖို့ ဘယ်နေရာက အလုပ်ခေါ်မလဲဆိုတာကို လည်ပင်းရှည်ရှည်နဲ့ နားစွင့်ရတာလည်း ‌အမောပါပဲ။

အလုပ်ခေါ်စာတွေက စာမေးပွဲအဖြေလွှာတွေ ဖြေရသလို ကိုယ်တတ်ကျွမ်းထားတာတွေနဲ့ ချိန်ကိုက်ဖြေဆိုပေမဲ့ စာမေးပွဲကျတာလည်း အကြိမ်ကြိမ်ပါပဲ။ ဒီတော့ ရွေးစရာဆိုလို့ ကာယလုပ်အားနဲ့ လုပ်နိုင်တဲ့နေရာတွေကို စုဝေးပြုံတိုးကြရတော့တယ်။

ခေတ်ကာလအခြေအနေအရ  ရှုပ်ထွေးလှတဲ့ အလုပ်သမားဥပဒေတွေနဲ့ နည်းပညာဆိုင်ရာ လှည့်ကွက်တွေက ကာယအားကိုးသူတို့အဖို့တော့ တစန်းရှုံးစရာ နေရာတစ်ခုဖြစ်လာပါတယ်။ နည်းပညာဆိုင်ရာ လုပ်အားခသတ်မှတ်၊ ရေတွက် ထုတ်နုတ်ချက်တွေမှာ ဝေဝါးထွေပြားစရာတွေက အရှင်းဆုံးအရာကို ရှင်းအောင်လုပ်နိုင်သလို၊ အရှင်းဆုံးအရာကိုလည်း အရှုပ်ဆုံးဖြစ်အောင် လုပ်နိုင်ပါတယ်။အလုပ်သမားတွေကို နည်းပညာအသုံးပြု ထိန်းချုပ်သူတို့ လက်ထဲမှာပဲ ရှိပါတယ်။

ဒါပေမဲ့လည်း မျှခြေမရှိတဲ့သဘောတရားတွေက အချိန်ကြာကြာတွင်းအောင်းမနေနိုင်ဘဲ ကာလတစ်ခုအတွင်းမှာ ထွက်ပေါ်လာပေးရတာ လောကဓမ္မတာ ဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းက အလုပ်သမား၀တ်စုံ ကိုယ်စီ၀တ်ထားကြတဲ့ လုပ်သားထုကြီး လုပ်အားခ မညီမမျှဖြစ်တာကြောင့် လမ်းပေါ်ထွက်ပြီး ရင်ဖွင့် ဖော်ထုတ်ကြတာကို မြင်လိုက်ကြပြီး ဖြစ်ပါလိမ့်မယ်။ 

ဒီအချိန်မှာ အဆောင်တစ်ဆောင်တည်းနေတဲ့ အခန်းဖော် သူငယ်ချင်းတစ်ယောက်ရဲ့ ညည်းတွားသံတွေက နားထဲ ဒုန်းစိုင်း ၀င်ရောက်လာပါတယ်။

“ကျနော့် အကောင်လေးနဲ့ ဂန်း ကိုင်တာဗျာ။ တစ်ခါတလေ လွင့်ထွက်သွားတာ နောက်ပိုင်း အထာနပ်သွားတော့မှ အဆင်ပြေသွားတယ်။”

အင်္ဂတေလောင်းထားတဲ့နေရာကို အရည်အသွေးမမီလို ပြန်ဖျက်ဆီးတဲ့နေရာမှာ ကျောက်သားတွေ တစ်စစီဖြစ်ဖို့ ‘ဂန်း’ ဆိုတဲ့အရာနဲ့ ထိုးခွဲရတာပါ။ ခန္ဓာကိုယ်ဖွံ့ဖြိုးပြီး ဗလကောင်းသူတွေအဖို့ ခံသာပေမယ့် သာမန်လူတွေအတွက်တော့ အကိုင်မကျွမ်းကျင်ရင် တစ်ကြိမ်တစ်ခါတော့ လွင့်စဉ်သွားဖူးလိမ့်မယ်လို့ စာရေးသူထံ ဖောက်သည်ချပါတယ်။

“အရည်အသွေး မမီလို့ဗျ။ အသစ်ပြန်လုပ်ရတာ သုံးခါရှိပြီ၊ ခုခေတ်က အရင်လို မဟုတ်ဘူးလေ၊ သတ်မှတ်ချက် မီ၊ မမီကို လာစစ်တာ၊ စစ်လိုက်တာနဲ့ တန်းပေါ်တာ‌ပဲ၊ ဒါ အောက်ခြေ Foundation အဆင့်ပဲ ရှိသေးတယ် တကယ့်ကို စနစ်ကျတယ်ဗျာ”

အဆောက်အအုံတွေမှာ အရည်အသွေးမမီတာ၊ အရည်အသွေး မီ၊ မမီကို စစ်ဆေးခြင်း မရှိတာ၊ စစ်ဆေးရင်လည်း တစ်နည်းတဖုံနဲ့ ဖြေလျှော့ ဖြေရှင်းလိုက်ကြတဲ့ နေရာတွေမှာ အတွေ့အကြုံရှိထားသူဖြစ်လို့ အခုသူ အလုပ်လုပ်ခွင့်ရတဲ့နေရာကို ဂုဏ်ယူစွာနဲ့ ဖက်ကြမ်းဆေးလိပ်လေး ဖွာရင်း ပြောပြပါတယ်။

အဲဒီနေရာက အလုပ်ထွက်ပြီး တစ်နှစ်ကျော်အကြာမှာ အလုပ်သမားတွေ လမ်းပေါ်ထွက် ဆန္ဒပြတာကို တွေ့ရလို့ သူ့အနာဟောင်းကို ဆွပေးလိုက်သလို ခံစားလာရပါတော့တယ်။ အကြောင်းက သူနဲ့ သွေးသားမကင်းသူတွေ၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ အဲဒီအလုပ်ထဲမှာ ရှိနေသေးတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်က သူ တွေ့ကြုံရတဲ့ အခြေအနေတွေကို ခုလိုပြောပြပါတယ်။

“သူတို့က အလုပ်သမားတွေကို မလေးစားဘူး။ တစ်ခုခုမေးရင်လည်း သေသေချာချာ မရှင်းပြဘူး။ ကျနော် ကြုံရတုန်းက အလုပ်ဆင်းတဲ့ရက်နဲ့ လက်ဗွေ စလစ်စာရွက်ပေါ်က ထွက်တဲ့ အလုပ်ဆင်းရက်နဲ့က လွဲတယ်။ OT တွေ သတ်မှတ်ပေးတာလည်း လစာစလစ်ထွက်လာတော့ မပါတာမျိုးလည်း ကြုံရတယ်။ လစာစလစ်‌ထွက်လာရင် အမြဲသွားပြောရတယ်။ တချို့အရာတွေက ပြန်ရှင်းပေးတယ်။ တချို့အရာတွေလည်း မရှင်းပေးဘူး။ ဟိုလူ့လွှဲ ဒီလူ့လွှဲနဲ့ လွှဲချတယ်။ ကျနော်တို့လည်း စိတ်ရှုပ်မခံဘဲ လျှော်ပေးလိုက်တယ်။ အလုပ်သမားတွေ ဆန္ဒပြကြတော့ ငါလည်း ခံရတယ်။ သူတို့လည်း ဒီလိုမျိုးကြီးဆိုတာကို တကယ်စိတ်မကောင်းဘူး‌ဗျ။ ကျနော်အဲဒီမှာ ငါးလပဲ လုပ်ခဲ့ပါတယ်။ ကျနော် ကောင်းကောင်းမှတ်မိသေးတယ်။ မန်နေဂျာလို့ထင်ရတဲ့ လူတစ်ယောက်က ကျနော့်ကို ခေါ်တယ်။ ဘာပြောလဲဆိုတော့ ‘အဆင်မပြေရင် မလုပ်နဲ့လေ” တဲ့။ Ok၊ ဒါဆိုရင် ကျနော်တို့ လူမှုဖူလုံရေးကြေး သွင်းထားတဲ့ဟာတွေ ဘယ်လိုလုပ်မှာလဲ။ ဒီလိုကျတော့ လျော်သွားတယ်။ လူမှုဖူလုံရေးကတ်တွေ ဘာတွေလည်း ကျနော်တို့ကို မပေးပါဘူးဗျာ။ ရကြတဲ့သူလည်း ရှိပါလိမ့်မယ်။ သူတို့စာရင်းတွေကလည်း အရမ်းရှုပ်တယ်‌ဗျာ။ သူတို့ဖြတ်ကြတာတွေက ပုံမှန်မဟုတ်ဘူး ဖြစ်နေတယ်။ စာရင်းဇယားတွေကလည်း ကွာဟနေတယ်။ အဲဒီအချိန်က ကျနော်တို့က အလုပ်သမား၀န်ကြီးဌာနကို တိုင်မလို့ လုပ်တော့ ကျနော် အဲဒီက အကြီးအကဲ အမျိုးသမီးတစ်ယောက်နဲ့ သွားတွေ့တယ်။ သူက ဘာပြောလဲဆိုတော့ “တိုင်ချင်ရင်တိုင်ပါ ဂရုမစိုက်ဘူး” တဲ့။ ကျနော်တို့က ထွက်မယ်ဆိုတော့ အလုပ်သမား မှတ်ပုံတင်တွေ၊ အလုပ်သမား၀တ်စုံတွေကို တန်ဖိုးတွက်ပြီး လစာထဲကနေ ဖြတ်ထားတာရှိတယ်။ အဲဒါတွေလည်း စိတ်ရှုပ်ခံပြီး တောင်းမနေတော့ပါဘူးဗျာ၊ မရှိတဲ့လူဆိုတော့ ရုံးရောက် ဂါတ်ရောက် ပြဿနာမျိုး မဖြစ်လိုဘူး၊ မဖြစ်ချင်ကြလို့ အကုန်လုံးက ရှောင်ထွက်သွားကြတဲ့လူတွေ များတယ်။”

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်အရပ် ကိုယ့်ဒေသကို စွန့်ပြီး ရေကြည်ရာ မြက်နုရာအရပ်ကို ရွှေ့ပြောင်း လုပ်ကိုင်နေကြရတာ အများအပြားပါ။ တစ်ဦးအပေါ် တစ်ဦး ကိုယ်ချင်းစာစိတ်နဲ့ ဖေးမကူညီ ရိုင်းပင်းပြီး ပိုကောင်းတဲ့ ၀န်းကျင်တစ်ခု ဖန်တီး တည်ဆောက်သွားကြဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။ ။

စသူရကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013