DVB Logo
Home
ဆောင်းပါး
လွှတ်တော်နာယကကြီး မှာထားပေးပါအုန်း
DVB
·
September 20, 2013
လွှတ်တော်နာယကကြီး မှာထားပေးပါအုန်း
Donate to DVB

မီဒီယာကို စိတ်ဆိုးမာန်ဆိုး တုန့်ပြန်

တလောက သမ္မတဦးသိန်းစိန်နဲ့ စာနယ်ဇင်းကောင်စီ(ယာယီ)တွေ့တော့ သမ္မတက သူ့အစိုးရအဖွဲ့ကို မီဒီယာကိုပြောဖို့ သူမှာထားတဲ့အကြောင်းနဲ့ မီဒီယာကို မကြောက်ဖို့ ပြောထားတဲ့အကြောင်း တွေ့ဆုံပွဲမှာ တက်ခဲ့တဲ့ သမ္မတပြောခွင့်ရတွေ ပြန်ပြောပြလို့ သိရပါတယ်။

အခုတခါတော့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်ရေးရာ ဥက္ကဋ္ဌတွေကို  ပြောရမယ့်အလှည့် ရောက်ပြီ ထင်ပါတယ်။

ပြီးခဲ့တဲ့အပတ်ထဲ သတင်းအစတခု ရပါတယ်။ ပြည်သူ့လွှတ်တော်က ဖွဲ့ပေးထားတဲ့ လွှတ်တော်အမတ်တွေ ပါဝင်တဲ့ အစိုးရရဲ့အာမခံချက်၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေး ကော်မတီဟာ နိုင်ငံတ၀န်းလုံးမှာရှိတဲ့ ၀န်ကြီးဌာနလုပ်ငန်းတွေကို  ပထမဆုံးအကြိမ် ကွင်းဆင်း စစ်ဆေးတော့မယ်ဆိုတဲ့သတင်း ဖြစ်ပါတယ်။
လွှတ်တော်ရပ်နားထားချိန်မို့ လွှတ်တော်သတင်းတွေ အေးနေချိန်မှာ ဒီသတင်းမှန်ရင် သတင်းရေးပြီး ဖော်ထုတ်မယ်ဆိုတဲ့အတွေးနဲ့ ဖုန်းနံပါတ်တွေ ရှာတော့ ကော်မတီဥက္ကဋ္ဌ ဖုန်းနံပါတ် ရပါတယ်။ ရတော့ ဆက်ပါတယ်။

ထုံးစံအတိုင်း ကျနော် ဘယ်သတင်းဌာနက သတင်းထောက် ဘယ်သူ၊ ဘယ်ဝါပါ။ ဒီလိုဒီလို ကြားမိပါတယ်။ ပြောပြပေးပါလားခင်ဗျားပေါ့။ မေးခွန်းတောင် မဆုံးပါဘူး။ မပြောနိုင်ဘူး၊ မပြောနိုင်ဘူး။ ငါတို့ ဥပဒေအတိုင်းလုပ်တာကွ။ ဒါပဲဆိုတဲ့စကားကို ရန်တွေ့သလို ပြောပြီး ဖုန်းချသွားပါတယ်။ တခါမှလည်း မမြင်မတွေ့ဖူးတဲ့ သတင်းထောက်ဆိုသူကို အနှီဥက္ကဋ္ဌ ဘာကြောင့် စိတ်ဆိုးမာန်ဆိုး ပြောပြီး ဆက်ဆံရတာပါလဲ။ စိတ်ဆိုးစရာကောင်းတဲ့ မေးခွန်းလည်း မမေးရသေး၊ ဘယ်လိုဖြစ်မှန်း စဉ်းစားမရပါ။

ကော်မတီဝင်တွေက ပြောပါတယ်

လွှတ်တ်ာကော်မတီရေးရာတွေဟာ သူတို့ ဘာတွေဆွေးနွေးကြသလဲဆိုတာ ပြင်ပ မပေါက်ကြားစေရဘဲ ဆွေးနွေးရတယ်။ ကော်မတီတွေရဲ့အစီရင်ခံစာ လွှတ်တော်တင်ပြီးမှ အပြင်ကို ပြောလို့ရတယ်ဆိုတာ နားလည်ပါတယ်။ အခုကိစ္စက လယ်ယာကော်မရှင် ကွင်းဆင်းစစ်သလို စစ်မယ့်ကိစ္စပေပဲ။ တကယ်ကွင်းဆင်းစစ်ဆေးမယ်ဆို ကောင်းတဲ့ လက္ခဏာပေပဲ၊ ပြည်သူတွေလည်း သိသင့်တယ်မို့လား။
ဒါနဲ့ မလျှော့သော ဇွဲလုံ့လတွေနဲ့အတူ ကတိက၀တ်ကော်မတီဝင်ဖုန်းတွေ လိုက်ရှာတော့ အမတ် ၂ ယောက်လောက် ဖုန်းရပါတယ်။ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက ပြောပါတယ်။ ဟုတ်တယ်။ ကော်မတီက အဖွဲ့ ၅ ဖွဲ့ ခွဲပြီး စက်တင်ဘာ ၁၉ ရက်ကစပြီး ကွင်းဆင်းစစ်ဆေးမှာပါ။ အဓိကကတော့ အစိုးရဌာနတွေက သူတို့ လုပ်ထားပြီးပါပြီ ဆိုတာတွေ တကယ်လုပ်ထားပြီး၊ မပြီးဆိုတာကို သွားကြည့်မှာ၊ လုပ်ထားပြီးရင်လဲ ပြီးပြီဆိုတဲ့အကြောင်း၊ မလုပ်ထားရသေးရင်လဲ မလုပ်ထားရသေးတဲ့အကြောင်း လွှတ်တော်ထံ ပြန်အစီရင်ခံမှာပါ။ သူတို့အဖွဲ့ စစ်ဖို့တာဝန်ကျတဲ့ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်မှာတော့ လမ်းတံတားနဲ့ စာသင်ကျောင်းတွေ ဆောက်လုပ်ပြီး၊ မပြီး စစ်ရမှာများတယ်။ အချိန်တော့ သိပ်မရဘူး။ လွှတ်တော်နားထားတုန်း အပြေးအလွှား လုပ်ရတာပါ။ ဒါ ကော်မတီအနေနဲ့ ၀န်ကြီးဌာနလုပ်ငန်းတွေကို ဆင်းစစ်တာ ပထမဆုံးအကြိမ်လို့ စိတ်ရှည်လက်ရှည် ရှင်းပြပါတယ်။

တခါ သာပေါင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဦးဝင်းသန်း ဖုန်းရလို့ ဆက်ကြည့်တော့ သူကလဲ အသေအချာကို ရှင်းပြပါတယ်။ သူတို့ကော်မတီအနေနဲ့ ၀န်ကြီးဌာနတွေက လုပ်ပြီးပါပြီလို့ လွှတ်တော်မှာ လာအစီရင်ခံထားတာတွေ တကယ်လုပ်ထား၊ မထား စစ်ဆေးခွင့်ပြုဖို့ သမ္မတဆီတင်ပြတော့ သမ္မတက မြန်မြန်ဆန်ဆန်ပဲ ခွင့်ပြုလို့ အခုလို ဆင်းစစ်မှာပါ။ စစ်တဲ့အခါ ဒေသခံပြည်သူတွေရဲ့ အသံကို အဓိက နားထောင်ပြီး စစ်မှာ။ ဌာနဆိုင်ရာတွေကို ကြိုတင်အကြောင်းကြားပြီး သွားစစ်မှာမျိုး မဟုတ်ဘဲ ကော်မတီအနေနဲ့ လမ်းကြောင်းသင့် အဆင်ပြေသလို ၀င်စစ်မှာ၊ အရင်က လွှတ်တော်ထဲ ၀န်ကြီးဌာနတွေက လာအစီရင်ခံတဲ့ကိစ္စတွေ လွှတ်တော်ထဲ ထိုင်ပြီး စိစစ်နေရာက အခုတော့ ကိုယ်တိုင်ကိုယ်ကျ မျက်မြင်ကိုယ်တွေ သွားကြည့်မှာလို့ ရှင်းပြပါတယ်။

မီဒီယာကို ဘာကြောင့် ပြောဖို့လို

ဝန်ကြီးဌာနတွေ လွှတ်တော်ထဲလာပြီး ဆောက်ပြီးပါပြီ၊ အပြည့်အ၀ နေရာချထားပေး ထားပါတယ်။ ရိက္ခာလဲ အပြည့်အ၀ထောက်ပံ့ပေး ထားပါတယ်စသဖြင့် အလွယ်တကူ လာအစီရင်ခံနေ၊ မနေဆိုတာကို ကော်မတီက စစ်ဆေးခွင့်ရတာမို့ ဒေသခံပြည်သူတွေ လိုအပ်ချက် အများကြီးဖြည့်ဆည်းပေးနိုင်မယ့် လုပ်ဆောင်ချက်ပါ။ ဒီလောက်ကောင်းတဲ့ လုပ်ဆောင်ချက်ကို တကယ်ဆို ကော်မတီအနေနဲ့ မီဒီယာကို ခေါ်ပြီးတောင် သတင်းပေးရအုန်းမှာပါ။

လွှတ်တော်ကို ဦးဆောင်နေတဲ့ဥက္ကဋ္ဌ ၂ ဦး မီဒီယာနဲ့ ဘယ်လိုဆက်ဆံနေသလဲ သတိပြုဖို့ ကောင်းပါတယ်။ လွှတ်တော်ထဲက ဘယ်အမတ်တွေကို  ပြည်သူတွေက မီဒီယာကနေတဆင့် ရင်းနှီးကြပါသလဲ။ သတိပြုကြည့်ရင် မီဒီယာကို ရင်းရင်းနှီးနှီး ရဲရဲတင်းတင်းပြောတဲ့ အမတ်တချို့ကို ပြည်သူတွေက သတိထားမိကြတာပါ။ လက်ချိုးရေပြလို့ ရပါတယ်။
နောက်တချက် ထောက်ပြချင်ပါသေးတယ်။ လွှတ်တော်က ဖွဲ့ပေးထားတဲ့ လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်ပေါ့။ ဒီကော်မရှင် စပြီးကွင်းဆင်းစစ်ကထဲက ကော်မရှင်အတွင်းရေးမှူးအပါအ၀င် ကော်မတီဝင်အတော်များများဟာ သူတို့ရဲ့ ကွင်းဆင်း တွေ့ရှိချက်တွေကို မီဒီယာကို ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ မီဒီယာတွေကလဲ ပြည့်ပြည့်စုံစုံနဲ့ အဆက်မပြတ်တင်ပြတော့ ဒီကိစ္စ တတိုင်းပြည်လုံး အုန်းအုန်းကျွက်ကျွက်ဖြစ်ကုန်တဲ့အထိ ပြည်သူတွေက သိရပါတယ်။

အကျိုးဆက်အနေနဲ့ ဥပမာတခု ပြောပြပါမယ်။ အခု လဆန်းပိုင်းကစပြီး အဲဒီကော်မရှင်အဖွဲ့တွေ ကွင်းဆင်းစစ်နေကြပြန်ပါပြီး။ မကွေးတိုင်းထဲ လှည့်စစ်နေတဲ့ မကွေးတိုင်း အမျိုးသားလွှတ်တော်အမတ်ဦးလှဆွေနဲ့ ၁ ရက်မှာ ဖုန်းရတော့ သူ ၀မ်းသာအားရ တခု ပြောပြပါတယ်။ သူတို့ကော်မရှင် လွှတ်တော်ထဲ အစီရင်ခံခဲ့တဲ့ထဲမှာပါတဲ့ မကွေးတိုင်းထဲက တံတားဆောက်လုပ်ရေးတခု၊ တံတားအရှေ့ခြမ်း သိမ်းထားတဲ့လယ်တွေ လျော်ကြေးပေးခဲ့ပြီး တံတားအနောက်ခြမ်းက လျာ်ကြေးမပေးတဲ့ ကိစ္စ၊ အခုတခေါက် သူတို့ရောက်တော့ အဲဒီတံတား အနောက်ခြမ်းက လယ်သမားတွေ ကာလပေါက်ဈေးနဲ့ လျော်ကြေးရနေကြပြီဆိုတာ သိရတယ်တဲ့။

အဲဒီတချက်ကြည့်ပါ။ လွှတ်တော်နဲ့ အစိုးရ တပြိုင်ထဲလုပ်ပေးနေပုံနဲ့ နစ်နာခဲ့တဲ့ လယ်သမားတွေ လျော်ကြေးရနေကြပုံ၊ ဒီတချက်ထဲနဲ့ ပေါ်လွင် သွားပါပြီ။ မီဒီယာကို စကားလုံး ပြောင်ပြောင်နဲ့ ဆက်ဆံပြောဆိုတတ်တဲ့ အမတ်ဦးလှဆွေနဲ့ ကျနော် အပြင်မှာ တခါမှ မတွေ့ဖူးပါဘူး။ ဒါပေမယ့် အရေးရှိလို့ ဖုန်းဆက်မေးလေတိုင်း သူသိတာနဲ့ မြင်တာကို ဖော်ဖော်ရွေရွေ ပြောပြလေ့ရှိတာ သတိထားမိပါတယ်။

တလောက လွှတ်တော် ၁ လ နားခါနီးတော့ လွှတ်တော်နာယကက သူ့အမတ်တွေကို နယ်မြေဆင်းဖို့ မှာတာ ကြားလိုက်ရပါတယ်။

အခုလဲ မှာထားပေးပါအုန်း။ လွှတ်တော်နာယကကြီး သူရဦးရွှေမန်းခင်ဗျား။
လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌတွေအပါအ၀င် ပြည်သူ့ကိုယ်စားလှယ်ဆိုသူများ မီဒီယာကို မကြောက်ဘဲ ရဲရဲတင်း ပြောဆိုဆက်ဆံကြဖို့။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013