DVB Logo
Home
Lead Story
မြန်မာနိုင်ငံ၏ ပထမဆုံးရှမ်းအမျိုးသမီးလေယာဉ်မှူး နန်းရွှန်းအိနှင့် မေးမြန်းချက်
DVB
·
January 22, 2021
မြန်မာနိုင်ငံ၏ ပထမဆုံးရှမ်းအမျိုးသမီးလေယာဉ်မှူး နန်းရွှန်းအိနှင့် မေးမြန်းချက်
1 / 2
Donate to DVB

မြန်မာ့လေကြောင်းလောကမှာ လေယာဉ်မှူးတွေအများစုဟာ အမျိုးသားတွေဖြစ်ပြီး မိန်းကလေးလေယာဉ်မှူးကတော့ အနည်းအကျဉ်းသာရှိပါတယ်။ အဲဒီအနည်းငယ်ထဲမှာမှ အသက် ၂၁ နှစ်ရွယ်ကစပြီး လေယာဉ်မောင်းနှင်ခဲ့တဲ့ နန်းရွှန်းအိဟာ ရှမ်းတိုင်းရင်းသူတွေထဲမှာတော့ ထူးထူးခြားခြားတစ်ဦးတည်းသော ပထမဆုံးလေယာဉ်မှူး ဖြစ်ပါတယ်။

သူ့ဘဝ၊ သူ့ရည်မှန်းချက်  လေယာဉ်မှူးတစ်ယောက် ဖြစ်လာရပုံအကြောင်း တစေ့တစောင်းကို    ဒီဗွီဘီက ဆက်သွယ်မေးမြန်း ထားပါတယ်။

မေး - မင်္ဂလာပါ။ ပထမဆုံးအနေနဲ့ မေးလိုတာက နန်းအနေနဲ့ လေယာဉ်မောင်းချင်တဲ့ ဝါသနာက ဘယ်ကနေစတာပါလဲ။ ဘယ်လိုအကြောင်းက လေယာဉ်မှူးတစ်ယောက်ဖြစ်လာအောင်  စေ့ဆော်ပေးခဲ့တာပါလဲ။

ဖြေ - ဟုတ်ကဲ့ အသက် ၁၀ နှစ်ကျော်လောက်မှာ ဖေဖေနိုင်ငံခြားသွားပြီး လေယာဉ်ကွင်းလိုက်ပို့ရင် ဖေဖေ့နောက်လိုက်သွားချင်တယ်။ လေယာဉ်ပျံမောင်းချင်တယ်။ လေယာဉ်စီးတဲ့ခါကျတော့လည်း  မောင်းချင်တဲ့စိတ်တွေ ဖြစ်လာတယ်။ ငယ်သေးတော့ ဖြစ်နိုင်လားမဖြစ်နိုင်လားတော့ မသိဘူး ပေါ့လေ။ သူများကမေးတော့ ဆရာဝန်ဖြစ်ချင်လား၊ အင်ဂျင်နီယာဖြစ်ချင်လားပေါ့။ အဲဒါတွေတော့ မဖြစ်ချင်ဘူး ၊ ဝါသနာမပါတော့လေ။

မေး - နန်းဖြစ်ချင်တဲ့ လေယာဉ်မောင်းဖို့ကို ဘယ်အချိန်လောက်မှ ခြေလှမ်းစခဲ့ပါသလဲ။

ဖြေ - ဆယ်တန်းပြီးရင်တော့ လေယာဉ်မောင်းသင်တန်းသွားမယ်ပေါ့ စဉ်းစားထားတာပေါ့။ ဆယ်တန်းပြီးတော့ အိမ်ကမသွားစေချင်ဘူး။ ငယ်သေးတယ် အဲတုန်းက ၁၆ နှစ်ပေါ့နော် ဘွဲ့တစ်ခုခုအရင်တက်ပြီးမှသွားတက်ဆိုတော့  UFL ( University Of Foreign Languages  ) မှာ ပြင်သစ်ဘာသာ အဓိကနဲ့ ကျောင်းတက်လိုက်တယ်။ ၃ နှစ်တက်ပြီး ဘွဲ့ရခဲ့တယ်။  ၂၀၁၄ ခုနှစ်မှာပေါ့ ၊ အဲဒီမှာတစ်ခါတည်း လေယာဉ်မောင်းသင်တန်းတက်ဖို့ ကျောင်းတွေလိုက်ရှာတော့ အမေရိကားမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုတွေ့ပြီးဆက်သွယ်ခဲ့တယ်။ ဘွဲ့ယူပြီး လပိုင်း လောက်ကြာတော့ လေယာဉ်မောင်းသင်တန်းကိုစတက်ဖြစ်ခဲ့ပါတယ်။    ကျောင်းက ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ Aerosim Flight Academy ( L3 Harris Academy ) ဆိုတဲ့ကျောင်းပါ။”

မေး - အဲဒီ လေယာဉ်မောင်းတဲ့ အသက်မွေးဝမ်းကြောင်းလိုင်းကို ရွေးလိုက်တော့ မိဘတွေက ဘာပြောလဲ။

ဖြေ - “အစကတော့ သဘောမတူဘူးရှင့်။ မိန်းကလေးဖြစ်နေတော့လေ။ သဘောမတူလည်း ညီမကလုပ်မယ်လို့ စဉ်းစားထားတော့လေ အကောင်းဆုံးတော့ဖြစ်အောင်လုပ်မယ် ဆိုပြီးတော့မှ လုပ်ခဲ့တာဘဲပေါ့နော်။ အဲဒါကတော့ အခုထိပဲ။ အဖေကတော့ ဖြစ်စေချင်တယ်။ အခုထိ အားပေးတုန်းပဲ။”

မေး - လေယာဉ်မောင်း သင်တန်းကျောင်းတက်နေတဲ့ကာလမှာ ဘယ်လိုအခက်အခဲတွေရှိပါသလဲ။

ဖြေ - “ဟိုကိုရောက်တော့လည်း ပထမဆုံး အတွေ့အကြုံမှာ အခက်အခဲတွေရှိပါတယ်။ အဓိကကတော့ ဘာသာစကားပါ။ မိခင်ဘာသာစကားမဟုတ်တဲ့အတွက် အစပိုင်း  ATC ( Air Traffic Controller ) နဲ့ပြောတဲ့အပိုင်းတွေမှာ အခက်အခဲလေးတွေရှိပါတယ်။ လေယာဉ်မောင်း သင်တဲ့အပိုင်းမှာကတော့ အရင်ဆုံးစာတွေ့သင်ရပါတယ်။ စာမေးပွဲအောင်ရင် လေယာဉ်နဲ့ လေ့ကျင့်ရပါတယ်။ သတ်မှတ်ထားတဲ့နာရီရပြီဆိုရင် လိုင်စင်အဆင့်ဆင့်ကို စာမေးပွဲဖြေဆိုရပါတယ်။ ပြီးရင်တော့  နိုင်ငံတကာလေကြောင်းလိုင်းတွေမှာ မောင်းလို့ ရတဲ့ လိုင်စင်ထုတ်ပေးပါတယ်။”

မေး - သင်တန်းကာလ ဘယ်နှစ်နှစ်ကြာခဲ့ရသလဲ။

ဖြေ - “တစ်ယောက်နဲ့တစ်ယောက်သင်တန်း ပြီးတဲ့အချိန်တွေမတူကြပါဘူး။ ရာသီဥတု၊ ကျောင်းမှာရှိတဲ့ instructor အရေအတွက်၊ လေယာဉ်အစီးအရေအတွက်အနည်းအများပေါ်မူ တည်ပြီး ကြာချိန်ကွဲပြားပါတယ်။ ညီမက  ၁၀ လနဲ့ သင်တန်းပြီးဆုံးခဲ့ပါတယ်။”

မေး - ကျောင်းကပြီးသွားတော့ ချက်ချင်း လုပ်ငန်းခွင်မှာ အလုပ်ဝင်ပါသလား။

ဖြေ - “ဟိုက သင်တန်းပြန်လာပြီးတော့ ၂၀၁၅ ဒီဇင်ဘာလောက်မှာ FMI Airline မှာ အလုပ်ဝင်ပါတယ် ။ CRJ 200  လေယာဉ်အမျိုးအစားနဲ့  စမောင်းပါတယ်ရှင့်”။

မေး - အလုပ်စဝင်တော့ ဘယ်လိုရာထူးရလဲ။

ဖြေ - "စဝင်ဝင်ချင်းမှာ first officer ခေါ် တွဲဘက်လေယာဉ်မှူးရာထူးနဲ့ တာဝန်ထမ်း ဆောင်ရပါတယ်ရှင့်"။

မေး - အဲဒီတုန်းက အသက်ဘယ်နှစ်နှစ်လဲ။ အဲဒီတုန်းက လေယာဉ်မှူးတွေထဲမှာ အသက် အငယ်ဆုံးလား။

ဖြေ - “၂၁ နှစ်ပါရှင့်။ ညီမထက် ၁ နှစ်ငယ်တဲ့ ပိုင်းလော့ရှိပါတယ်ရှင့်။”

မေး - ၂၀၁၅ နှစ်ကနေ ခုထိလေယာဉ်မောင်းလာတယ်ဆိုတော့ ဘယ်လေကြောင်းလိုင်းတွေမှာ မောင်းခဲ့ဖူးလဲ။

ဖြေ - “စစချင်း CRJ 200  လေယာဉ်ကို FMI Airline မှာ ၃ နှစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၈ အကုန်ပိုင်းလောက်မှာတော့ တရုတ်ပြည် Shenzhen ပြည်နယ်မှာအခြေစိုက်တဲ့  Astro Air Company မှာ Private Jet မောင်းနှင်ပါတယ်ရှင့်။”  

မေး - လေယာဉ်မောင်းနေရင်းနဲ့ ထင်မှတ်မထားတဲ့ပြောင်းလဲမှုမှာ အခက်အခဲကြုံတာတွေရှိလား။ 

ဖြေ - “အဲဒါကတော့ လေယာဉ်ကွင်း တစ်ကွင်းနဲ့တစ်ကွင်းမတူကြဘူးပေါ့နော် ၊ ရာသီဥတု မကောင်းဘူး၊ တိမ်ထူထပ်မယ်၊ လေပြင်းမယ် စသဖြင့်ပေါ့နော် ၊ အဲလိုတွေဖြစ်လာခဲ့ရင်လည်း အကောင်းဆုံးပျံသန်းနိုင်ဖို့ Pilots တွေအားလုံးက ၆ လတစ်ကြိမ် လေယာဉ်အတု ( Simulator ) နဲ့ လေ့ကျင့်ပျံသန်းရပါတယ်။”

မေး - ဟုတ်ကဲ့ အခုဆိုရင် ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ပြီလို့ပြောလို့ရမလား၊ အမြင့်ဆုံးရည်ရွယ်ချက်က ဘာဖြစ်ချင်သေးလဲ။

ဖြေ - ရောက်ပြီလို့ပြောလို့မရသေးဘူးရှင့် အခုထိကြိုးစားနေတုန်းဘဲပေါ့နော်၊ တချိန်ချိန်တော့ အတွေ့အကြုံအများကြီးရှိတဲ့ လေးစားရတဲ့ လေယာဉ်မှူးကြီးတစ်ယောက်ဖြစ်ချင်ပါတယ်၊ အဲဒီ အတွက် အချိန်တွေ ၊  အတွေ့အကြုံတွေ ၊ ရင့်ကျက်မှုတွေအများကြီးလိုအပ်ပါသေးတယ် ။  

မေး - လေယာဉ်မှူးကောင်းတစ်ယောက်ဖြစ်ဖို့ အဓိက ဘာတွေလိုအပ်ပါသလဲ။

ဖြေ - “ညီမအတွေ့အကြုံက အခုထိတော့နည်းပါသေးတယ်။ သိရသလောက်ပြောရမယ်ဆိုရင် အဓိကကတော့ စေ့စပ်သေချာရမှာပေါ့နော်၊ အာရုံစူးစိုက်မှုရှိရမယ် ၊ လေကြောင်းလိုင်းရဲ့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရမယ်။ စည်းစနစ်တကျလုပ်ကိုင်တတ်ရမယ်လို့ မြင်ပါတယ်ရှင်။”

မေး - နန်းရဲ့ကိုယ်ရေးရာဇဝင်အကျဉ်းလေးပြောပြပါလား။

ဖြေ - “ဟုတ်ကဲ့ ဖေဖေက ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့က ဦးစိုင်းကျော်မိုးနဲ့  အမေက ဒေါ်အိရွှေစင် ပါ။ ညီမကိုတော့ ရန်ကုန်မှာ မွေးပါတယ်။ တစ်ဦးတည်းသောသမီးပါ။ ငယ်ငယ်က သူငယ်တန်းထိ ရှမ်းပြည်မှာပဲနေပါတယ်။ နောက်တော့ အဖေ့ အလုပ်နဲ့ရန်ကုန်မှာပဲ ကျောင်းတက် ရန်ကုန်မှာ ပဲကြီးပြင်းလာပါတယ်။ ရှမ်းပြည်ကိုတော့ အရင်က တနှစ်တခေါက်ပြန်ပြီး အခုနောက်ပိုင်း ပညာရှာတာနဲ့ အလုပ်အကိုင်နဲ့မို့ သိပ်မပြန်ဖြစ်တော့ပါဘူးရှင့်။”

မေး - ရှမ်းစကားရောမေ့ပြီလား ရှမ်းစာကောတတ်သလား။

ဖြေ - “ဟုတ်ကဲ့ မပြောရတာကြာလို့ မရတော့ဘူး။ အဖေက အလုပ်ကိစ္စနဲ့အမြဲခရီးထွက်နေတော့ ရှမ်းစကားမပြောဖြစ်ကြဘူးလေ။ အခုအလုပ်အားရင် ရှမ်းစာရှမ်းစကားပြန်လေ့လာသင်ယူ တော့မှာပါရှင့်။”

မေး - ရှမ်းရိုးရာယဉ်ကျေးမှုတွေရော ဘာတွေခုံမင်နှစ်သက်သလဲ။

ဖြေ - “ရှမ်းအစားအစာတွေတော့ အရမ်းကြိုက်တယ် ၊ သီချင်းတွေလည်း နားထောင်ပါတယ်။” 

မေး - နောက်ဆုံးအနေနဲ့ နန်းလို လေယာဉ်မောင်းချင်တဲ့ မိန်းကလေးတွေကို ဘယ်လိုအားပေး စကားပြောချင်ပါသလဲ။

ဖြေ - “ဟုတ်ကဲ့ အဓိကကတော့ ဖြစ်ချင်တဲ့ဆန္ဒရှိဖို့တော့လိုတာပေါ့နော်။ ဝါသနာလည်း ပါရမယ်။ စိတ်လည်းစိတ်ဝင်စားရမယ်။ ဘယ်အလုပ်မဆို ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလုပ်ရင် ပိုပြီးတော့ အောင်မြင်နိုင်တာပေါ့နော်။ လုပ်ရတာပိုပြီးအဆင်ပြေတယ်ပေါ့။ အခုလက်ရှိ လေကြောင်းနယ်ပယ်မှာတော့ မိန်းကလေး Pilots တွေက အရေအတွက်နည်းနေပါသေးတယ်။ အခုခေတ်မှာက မိန်းကလေးအလုပ် ယောက်ျားလေးအလုပ်ဆိုပြီး သိပ်ပြီးမခွဲခြားတော့ဘူးလေ။ အဲ့လိုဆိုတော့ မိန်းကလေးတွေကိုလည်း ဝါသနာပါတယ်ဆိုရင် လေယာဉ်မောင်းတဲ့အလုပ်ကို လုပ်ပါလို့ပဲ အားပေးချင်ပါတယ်။”

ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Photo- Nann Shoon Ei

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013